Lifestyle, ရွှေအကြောင်းသိကောင်းစရာ

Bracelet လို့ခေါ်တဲ့ လက်ကောက်လေးတွေရဲ့အကြောင်း

U Hton Bracelet

“Bracelet” လို့ ခေါ်တဲ့ လက်ကောက်လေးတွေဟာ လက်တင်စကားလုံး “Brachium” ကနေ ဆင်းသက်လာပြီး ချစ်ခြင်းရဲ့ သင်္ကေတ တစ်ခုလို့ဆိုလည်း မမှားပါဘူး။ တစ်ချို့သူတွေအတွက်ဆိုရင် လက်ကောက်လေးတွေက ပိုပြီး နက်ရှိုင်းတဲ့ အဓိပ္ပာယ်လေးတွေကို ဖော်ဆောင်ပါတယ်။ အလှဆင်ဖို့အတွက် လက်ဝတ်ရတနာတွေကို ဝတ်ဆင်တဲ့ ထုံးတမ်းအစဉ်အလာကို နှစ်ပေါင်း (၇၀၀၀) လောက်က စခဲ့ပါတယ်။

ရှေးခေတ် အီဂျစ်၊ မက်ဆိုပိုတေးမီးယား နဲ့ တရုတ်မှာဆိုရင် လက်ကောက်တွေ ဝတ်ဆင်ခဲ့တယ်ဆိုတဲ့ အထောက်အထားကို ရှေးဟောင်းသုတေသနပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ လက်ကောက်လေးတွေကို ပထမဆုံး ဖန်တီးခဲ့တာကတော့ အီဂျစ်လူမျိုးတွေဖြစ်ပြီး အစောပိုင်းကာလတွေမှာ လက်ကောက်ကို မြက်များ၊ သစ်ပင်အခွံများ၊ ကြေးနီ၊ ကြေးဝါတို့နဲ့ ပြုလုပ်ခဲ့ကြပါတယ်။ ကြေးခေတ်ပြီးတဲ့နောက်မှာတော့ လက်မှုပညာသည်တွေက ရွှေ၊ ငွေတို့နဲ့ လက်ကောက်တွေကို ပြုလုပ်ခဲ့ကြပါတယ်။ ပထမ မင်းဆက်လက်ထက် (ဘီစီ-၂၆၈၀) လောက်မှာ ရွှေ၊ ငွေနဲ့ ပြုလုပ်ထားတဲ့ လက်ကောက်တွေကို အလှဆင်ပြီး ဝတ်ဆင်ကြပါတယ်။

ဟိုးအရင်ခေတ်ကာလမှာဆိုရင် လက်ကောက်တွေကို ကွယ်လွန်သူတွေရဲ့ ပိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် သင်္ချိုင်းဂူများတွင် မြှုပ်နှံခြင်းများလည်း ရှိခဲ့ပါတယ်။ လက်ကောက်ကို အဆောင်လက်ဖွဲ့တွေ၊ ထုံးတမ်းအစဉ်အလာတွေဆိုတာထက် အလှဆင် ပစ္စည်းအဖြစ် ဝတ်ဆင်ကြတယ်လို့လည်း လေ့လာခဲ့ရပါတယ်။

ယခု ၂၁ ရာစုမှာတော့ ရွှေထည်၊ ငွေထည်တွေသာမကပဲ အခြားသော သတ္တုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ လက်ကောက်တွေကိုလည်း တီထွင်ဖန်တီးမှုတွေ ရှိလာခဲ့ပါတယ်။ ဒီဇိုင်းတွေလည်း ပိုပြီး စုံလင်လာခဲ့ပါတယ်။ ယနေ့ခေတ် လူငယ်အများစုမှာ တွေ့ရတာကတော့ ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးတွေကို ပိုမိုဝတ်ဆင်လာကြပါပြီ။