ပြည်တွင်းသတင်း

နိုင်ငံအတွင်းဖြစ်ပွားနေသော Covid 19 ရောဂါနှင့် Flu ရာသီတုပ်ကွေး အကြောင်း

covid

၂၀၂၀ မတ်လလောက်တွင် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာခဲ့သည့် Covid 19 ရောဂါပိုးကြောင့် မြန်မာနိုင်ငံသည်လည်း အခြားနိုင်ငံကြီးများနှင့်တန်းတူ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း စသည်ဖြင့် Covid ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုများစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါသည်။ Covid ရောဂါပိုးကြောင့် ကျန်းမာရေးအပြင် စီးပွားရေး၊ လူမှုရေး ထိခိုက်မှုများကိုပါ လက်တွေ့ခံစားကြရသည့်အပြင် နှောင်းပိုင်းကာလတွင် Covid 19 ရောဂါပိုးလား၊ သာမန်တုပ်ကွေးရောဂါလား စသည်ဖြင့် မရေရာ မသဲကွဲပဲ ‌သံသယများနှင့် ဆေးဝါးကုသရာတွင်လည်း အခက်အခဲများစွာဖြင့် ကြုံတွေ့ခဲ့ကြရပါသည်။

Covid 19 ရောဂါပိုးသည် သာမန်တုပ်ကွေး Flu လက္ခဏာများနှင့်လည်း အချို့အချက်အလက်များ ဆင်တူယိုမှားဖြစ်တာကြောင့် လူအများစုသည် မိမိကိုယ်ကို ဖျားနာခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ အနံ့ အရသာပျောက်ခြင်း၊ ဝမ်းပျက်ဝမ်းလျောခြင်း စသည့် ရောဂါတစ်ခုခုကို ခံစားရသည်နှင့် တပြိုင်နက် အရင်ဆုံး Covid ရောဂါ ကူးစက်နိုင်ချေရှိသည့် လူတစ်ယောက်အဖြစ် သတ်မှတ်လေ့ရှိကြပါသည်။  ထိရောက်သည့် ဆေးကုသမှုဖြစ်ဖို့ရာအတွက် Covid Test စစ်ခြင်းဖြင့်သာ အဖြေကို ကွဲကွဲပြားပြားသိနိုင်ခြင်းကြောင့် အချို့သည် ကြိုတင်၍ တုပ်ကွေး Flu ရောဂါ ကာကွယ်ဆေးများထိုးခြင်းဖြင့်
ကာကွယ်မှု ပြုလုပ်လေ့ ရှိကြပါသည်။ သာမန်တုပ်ကွေး Flu ကာကွယ်ဆေးများသည် Covid 19 Virus အပေါ် သက်ရောက်မှု မရှိနိုင်ခြင်းကြောင့် သာမန်ဖျားနာခြင်းမျိုးများသာ ကာကွယ်ပေးနိုင်ပါသည်။

ယခုချိန်တွင် နိုင်ငံတကာနီးတူ Covid 19 ကာကွယ်ဆေးများကို မြန်မာနိုင်ငံ၏ လူဦးရေ သုံးပုံတစ်ပုံခန့်ထိ နှစ်ကြိမ်ပြည့်အောင် ထိုးနိုင်ခဲ့ပြီးဖြစ်တာကြောင့် Covid 19 ရောဂါပိုးကို အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်နေပြီလည်း ဖြစ်ပါသည်။ Covid 19 ကာကွယ်ဆေးသည် အသက်အပိုင်းအခြားအလိုက်၊ လုပ်ငန်းတာဝန်ယူမှုအလိုက် ထိုးရခြင်း ဖြစ်သောကြောင့် မထိုးရသေးသူများအနေနှင့် ကာကွယ်ဆေးကို အမြန်ဆုံး ထိုးရဖို့ လိုအပ်ပြီး ကြိုတင်ကာကွယ်ထားဖို့ လိုအပ်ပါသည်။ ဒါ့အပြင် ယခုအချိန်တွင် အနောက်နိုင်ငံကြီးများတွင် Covid 19 အသွင်ပြောင်း Virus ပိုးကြောင့် အမျိုးအစားမတူသည့် မျိုးကွဲ Virus ပြန့်ပွားမှုများသည် ပြန်လည်စတင်မှုများ ရှိလှသောကြောင့် ကာကွယ်ဆေး ထိုးထားခြင်းသည် ရာနှုန်းပြည့်အနေနှင့် ကာကွယ်မှုမရှိနိုင်သည့်အပြင် မဖြစ်မနေ ကာကွယ်ဆေး ထိုးနှံထားဖို့ လိုအပ်ပါသည်။ လူအများအနေနှင့် တုပ်ကွေး Flu ကာကွယ်ဆေးသည်လည်း ထိုးထားသင့်ပြီး တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်မှုဖြင့် ပြင်ဆင်ထားသင့်ပါသည်။

မြန်မာနိုင်ငံအတွင်း Covid 19 ရောဂါပိုး ကူးစက်မှုနှုန်းသည် ၂၀၂၁ စက်တင်ဘာလ မှစတင်၍ သိသိသာသာ ကျဆင်းနေပြီး သာမန် ရာသီ အကူးအပြောင်းချိန်တွင် အဖြစ်များသည့် တုပ်ကွေး Flu ရောဂါ ဖြစ်ပွားမှုနှုန်း ပြန်လည် မြင့်တက်မှု ရှိနေခြင်း ဖြစ်ပါသည်။ ဒါကြောင့် ကျန်းမာရေး ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ကိုယ်ခံအားကောင်းအောင် နေခြင်း၊ mask စနစ်တကျတပ်ခြင်း နှင့် လက်ကို မကြာခဏ သန့်ရှင်းအောင် ဆေးသင့်ပါသည်။ မိမိ ကျန်းမာရေးနှင့် ညီညွှတ်စွာ အစားအစာကို အာဟာရပြည့်ဝအောင်စားခြင်း၊ အိပ်ရေးဝဝ အိပ်စက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းတို့ဖြင့် Covid 19 ရောဂါအပြင် အခြားသော Flu အမျိုးမျိုးနှင့် တုပ်ကွေးရောဂါများကို ကာကွယ်ကြနိုင်စေဖို့အတွက် အထူးတိုက်တွန်းချင်ပါသည်။