လူသားများသည် မည့်သည့်အချိန်မှစတင်၍ ရွှေကိုပထမဆုံးစတင်ထုတ်လုပ်အသုံးပြုခဲ့ကြကြောင်း နေ့ရက်အတိအကျမသိနိုင်သော်လည်း ရှေးအကျဆုံးရှေးဟောင်းရွှေပစ္စည်းအချို့ကို ဘူလ်ဂေးရီးယားနိုင်ငံရှိ ဗာနာနီပိုပိုလစ်တွက် ပထမဆုံးတွေ့ရှိခဲ့ကြောင်းသိရှိရသည်။ ထို့အပြင်ရွှေသည် တန်ဖိုးရှိပြီး ရှားပါသောတွင်းထွက်ပစ္စည်း ဒြပ်စင်တစ်ခုဖြစ်သည် ရှားပါးတွင်းထွက်ပစ္စည်းတစ်ခုဖြစ်သည်နှင့်အညီ ၎င်းကိုရရှိရန်အတွက် ရှာဖွေထုတ်လုပ်နည်းများစွာကို အသုံးပြုပြီး ရွှေများကိုရှာဖွေခဲ့ကြသော်လည်း မည်သည့်အချိန်မှစတင်ခဲ့ကြောင်း အတိအကျပြောရန်မှာခက်ခဲလွန်းသည်။ သို့သော် နခရိုပိုးလစ်စ်(necropolis) ဂူများတွင် ဘီစီ ၄၇၀၀ မှ ၄၂၀၀ အကြား တည်ဆောက်ထားခဲ့သောရွှေသတ္တုတွင်းကိုအထောက်အထားများအရတွေ့ရှိခဲ့သဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၇၀၀၀ ဝန်းကျင်ကတည်းကပင် ရွှေတူးဖော်ခြင်းလုပ်ငန်းများရှိခဲ့သည်ဟု ခန့်မှန်းထားကြသည်။ ဂျာမနီနှင့် ဂျော်ဂျီယာရှေးဟောင်းသုတေသနပညာရှင်အုပ်စုတစ်စုက ဘီစီ ၃၀၀၀ နှင့် ၄၀၀၀ အတွင်း ကမ္ဘာ့အရှည်ဆုံးရွှေတွင်းမှာ Sakdrisi ဆိုသောရွှေတွင်းဖြစ်နိုင်သည်ဟု တစ်ညီတစ်ညွတ်တည်းပြောကြားခဲ့ကြသည်။
၁၉၆၁ ခုနှစ်တွင် တရားဝင်ခန့်မှန်းချက်အရ လူ့ယဉ်ကျေးမှုစတင်ကတည်းက အမေရိကန်နိုင်ငံတွင် စုစုပေါင်းရွှေထုတ်လုပ်မှုသည် ၆,၁၀၉,၉၂၈,၀၀၀ troy (၁၉၀,၀၄၀,၀ တန်) ချိန်နီးပါးရှိပြီး ရွှေထုတ်လုပ်မှု၏ ၂.၅ % သည် နီဗာဒါဒေသ (Nevada) တွင်ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး ရွှေထုတ်လုပ်သည့်နိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး ၄၂၉.၄ တန်ရှိသည်။ ဒုတိယအကြီးဆုံးထုတ်လုပ်သည့်နိုင်ငံမှာ ဩစတေးလျနိုင်ငံဖြစ်ပြီး ထိုနှစ်တွင် ၂၈၉.၅ တန်ထွက်ခဲ့ပြီး တတိယအကြီးဆုံးထုတ်လုပ်သည့်နိုင်ငံမှာရုရှားနိုင်ငံဖြစ်ပြီး ၂၇၃ တန်ရှိသည်။
ကမ္ဘာ့အကြီးဆုံးရွှေထုတ်လုပ်သည့် ကုမ္ပဏီ ၅ ခုမှာ Barrick Gold၊ Goldcorp၊ Newmont Mining corporation၊ Newcrest Mining နှင့် Anglo Gold Ashonti တို့ ဖြစ်သည်။ ရွှေသည်သဘာဝအားဖြင့်တူးဖော်တွေ့ရှိရာတွင်မသန့်စင်သောဒြပ်သတ္တုများဖြင့်ရောနှောနေတတ်သဖြင့်ပြန်လည်သန့်စင် စစ်ထုတ်ပြီးမှသာလျှင် ယခုအခါဈေးကွက်အတွင်းရွှေပါဝင်မှုရာခိုင်နှုန်းအလိုက်သတ်မှတ်ပြီး တင်ပို့ရောင်းချနိုင်သောအဆင့်သို့ ရောက်ရှိလာခြင်းလည်းဖြစ်သည်။ ၎င်းကိုများသောအားဖြင့် ရွှေထွက်ရာတွင်းအနီးအနားရှိ မြစ်များချောင်းများထဲတွင် အမှုန်အစလေးများအားစစ်ယူကျင်ယူခြင်းအားဖြင့်လည်းကောင်း၊ ရွှေကြောရွှေတွင်းများမှ တူးဖော်၍ သဘာဝအစိုင်အခဲများအနေဖြင့် ရောနှောပြီးလည်း တွေ့ရှိနိုင်သည်။
ရွှေထုတ်လုပ်နိုင်ရေးလုပ်ငန်းများအတွက်အဓိကအားဖြင့် သာမန်လက်လုပ်လက်စားအလုပ်သမားများကို ကန်ထရိုက်တာများက ငှားရမ်းပြီး ရွှေတွင်းတူးဖော်ရေးလုပ်ငန်းများတွင် ဆောင်ရွက်ကြသည်။ ၁၉ ရာစုနှစ်အတွင်း ခေါင်သီသောဒေသများရှိရွှေတွင်းများတူးဖော်သည့် သတ္တုတွင်း၊ ရွှေတွင်းများသို့ ဒေသခံလုပ်သားများမဟုတ်ဘဲ တစ်နယ်တစ်ကျေးမှ ရွှေ့ပြောင်းလုပ်သားများပြောင်းရွှေ့လုပ်ကိုင်ခြင်းလဲခေတ်စားလာခဲ့သည်။ ရွှေအများစုကိုကုမ္ပဏီကော်ပရေးရှင်းများမှ တရားဝင်လိုင်စင်များဖြင့် အလုပ်သမားများကို သတ်မှတ်ထားသောနေရာများတွင် ရွှေတွင်းတူးခြင်း၊ ရွှေကျင်ခြင်းစသည်တို့ကို လုပ်ကိုင်ပြီး ရွှေထုတ်လုပ်ကြသော်လည်း ကမ္ဘာတစ်ဝှမ်းရှိလူထောင်ပေါင်းများစွာတို့သည် တရားမဝင်ရွှေတွင်းများတွင် အလုပ်လုပ်ဆောင်နေရသူများလည်းရှသည်။ ဥပမာ ဂါနာတွင် တရားမဝင် ရွှေတူးဖော်ရေးအတွက် အလုပ်လုပ်သူပေါင်း ၂၀,၀၀၀ မှ ၅၀,၀၀၀ အထိရှိမည်ဟုခန့်မှန်းထားကြသည်။ နိုဝင်ဘာလ ၁၂ ရက် ၂၀၀၉ ခုနှစ်တွင် Ashanti ဒေသ ဂါနာ (Ghana)မြို့ရှိ Dompoase သတ္တုတွင်းတွင် တရားမဝင်သတ္တုတွင်းပြိုကျရာမှ အမျိုးသမီး ၁၃ ဦး အပါအဝင် အလုပ်သမား ၁၈ ဦး သေဆုံးခဲ့သည်။ တရားမဝင်အလုပ်လုပ်သူများတွင် အမျိုးသမားများလည်းပါဝင်လာခဲ့ပြီး ၎င်းမြေပြိုမှုသည် ဂါနာသမိုင်းတစ်လျှောက်တွင် အဆိုးရွားဆုံးဖြစ်ရပ်တစ်ခုလည်းဖြစ်သည်။ ထို့အပြင် တရားမဝင်ရွှေတွင်းတူးလုပ်သားများတွင် ကလေးများလည်း ပါဝင်ကြကြောင်းလေ့လာချက်စာတမ်းများကဆိုသည်။ ဖီလစ်ပိုင်နိုင်ငံတွင် ကလေးထောင်ပေါင်းများစွာသည် နေ့စဉ်ရွှေတွင်းများတွင်အလုပ်လုပ်လျှက်ရှိပြီး သူတို့သည် ရွှေကိုရေအောက် သို့မဟုတ် ၂၅ မီတာ နက်သောမြေတွင်းများတွင် သူတို့၏ပါးစပ်အတွင်းရှိအောက်စီဂျင်ပြွန်များကို အသုံးပြုပြီး အလုပ်လုပ်ကြသည်။
ရွှေတွင်းများတွင်အလုပ်လုပ်ခြင်းသည် အန္တရာယ်ရှိရုံသာမက အလွန်လည်းပင်ပန်းရသည်။ ထို့ကြောင့် နိုင်ငံအလိုက်ရွှေတွင်းတူးဖော်ရန် သောစည်းမျဉ်းဥပဒေများနဲ့အညီအလုပ်လုပ်ကိုင်ခြင်းသည် အကောင်းဆုံးနှင့် အန္တရာယ်အကင်းဆုံးဖြစ်သည်။ တစ်ချို့သောရွှေတွင်းလုပ်သားများသည် ရွှေတွင်းတူးခြင်းမဟုတ်ဘဲ ရွှေတွင်းများအနီးမြစ်ချောင်းများတွင်ရွှေအနည်များ ရွှေစရွှေခဲများကို ကျင်ယူခြင်းကိုလည်း လုပ်ကိုင်ကြရသည်။ ရွှေတူးဖော်ရေးသည်အနည်ထိုင်နေသော ရွှေအပိုင်းအစများကိုကျင်ယူခြင်းထက်ပို၍ ရွှေအမြောက်အမြားကို ထုတ်လုပ်နိုင်သည်။ အကြီးစားရွှေတွင်းတူးဖော်ရာတွင် ပုံမှန်အားဖြင့် တူးဖော်စက်၊ ဘူဒိုဇာ၊ မြေသယ်ယာဉ် နှင့် ကျောက်သယ်ယာဉ် များအပါအဝင် ဒီဇယ်နှင့် အခြားရွေ့လျားကိရိယာများလည်းလိုသည်။ ကမ္ဘာတစ်ဝှမ်းရှိ စီးပွားဖြစ်ရွှေထုတ်လုပ်မှုများအတွက် တူးစက်များကိုအသုံးပြုရာတွင် မြင်းကောင်ရေ ၁၀၀ (၇၅ KW) နှင့် ၂၅၀ မီလီမီတာ (၁၀လက်မ) ရှိသည်။
ကမ္ဘာ့အကြီးဆုံး သတ္တုတွင်းမှာ အင်ဒိုနီးရှားနိုင်ငံ၊ ပါပူဝါမြို့ရှိ Grasberg သတ္တုတွင်းဖြစ်ပြီး ရွှေအများဆုံးထွက်ရာ သတ္တုတွင်းလဲဖြစ်သည်။ ကမ္ဘာ့အနက်ဆုံးသတ္တုတွင်းမှာ တောင်အာဖရိကတွင်ရှိပြီး မြေအောက်မီတာ ၃,၉၀၀ (ပေ ၁၂,၈၀၀) ရှိသည်။ ထိုကဲ့သို့သော အတိမ်အနက်များတွင် လူသားများသည် အပူကို မခံစားနိုင်သောကြောင့် ရွှေတူးသမားများ၏လုံခြုံရေးအတွက် လေအေးပေးစက်များကိုအသုံးပြုကြရသည်။ ၎င်းသတ္တုတွင်းသည် လေအေးပေးစက်ကို ပထမဆုံးလက်ခံရရှိသော ကမ္ဘာ့အနက်ရှိုင်းဆုံးသတ္တုတွင်းဖြစ်သည်။
မာကျူရီ(ပြဒါး)ကို ရွှေသတ္တုတူးဖော်ခြင်းတွင် ၁၉၆၀ ပြည့်နှစ်အလွန်ကစတင်၍ အသုံးပြုလာကြသည်။ ၎င်းမာကျူရီကို ရွှေသတ္တုတူးဖော်ခြင်းတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလျက်ရှိသည်။ မာကျူရီသည် အလွန်သေးငယ်သော ရွှေအမှုံများကို ထုတ်ယူရာတွင်ထိရောက်မှုအရှိဆုံးပစ္စည်းတစ်ခုဖြစ်သည်။ သို့သော်မာကျူရီသည် အငွေ့ပြန်လွယ်ခြင်းကြောင့် ရွှေတူးလုပ်သားများအတွက် အန္တရာယ်ရှိသည်။ ၎င်းကိုရှုရှိုက်မိပါက အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် အသက်ရှုကျပ်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းအပါအဝင် ကြာရှည်စွာရှုရှိုက်မိပါက အသက်အန္တရာယ်ထိခိုက်မှုအထိဖြစ်နိုင်သည်။ ထို့ပြင်ရေထဲသို့ မာကျူရီများကျသွားပါကလည်း ရေထုညစ်ညမ်းမှုကြောင့် ရေနေသတ္တဝါများအသက်ဆုံးရှုံးမှုများလည်းဖြစ်ပေါ်နိုင်သည်။ ရေထုညစ်ညမ်းမှုသာမက သဘာဝပတ်ဝန်းကျင်ကိုလည်း သိသိသာသာပြောင်းလဲစေနိုင်သည်။ ရွှေသတ္တုတွင်းများအနီးတစ်ဝိုက်ရှိ သစ်တောများတွင် သစ်တောပြုန်းတီးမှုများအပါအဝင် ဇီဝမျိုးကွဲတိရစ္ဆာန်များအတွက်လည်း အဆိပ်အတောက်ဖြစ်စေသည်။ ထို့ကြောင့်ယခုအခါတွင် Minamata ဆွေးနွေးပွဲမှ အတည်ပြုပြီးနောက် ရွှေထုတ်လုပ်ရာတွင် မာကျူရီအသုံးပြုမှုနှင့်ထုတ်လုပ်မှုများကို အစားထိုးရန် သို့မဟုတ် လျော့ချရန်အစပျိုးလာပြီဖြစ်သည်။ ရွှေတူးသမားများအတွက် ရွှေတွင်းများတွင် အလုပ်လုပ်ကိုင်ရာတွင် မာကျူရီအန္တရာယ်အပြင် ပတ်ဝန်းကျင်ဆူညံမှုကိုလည်း ရင်ဆိုင်ကြရသည်။ ရွှေတွင်းများအတွင်း အလုပ်လုပ်ကိုင်ရာတွင်ထွက်ပေါ်လာသောဆူညံသောအသံများကို တိုင်းတာကြည့်ရာတွင် ၈ နာရီကြာအချိန်တွင် ပျမ်းမျှအားဖြင့် ၉၀ dBA ထက်ကျော်လွန်ပါက အန္တရာယ်ရှိသည်ဟုသတ်မှတ်ထားသည်။ ထို့ကြောင့်လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အမျိုးသားကျန်းမာရေး အင်စတီကျု (NIOSH) က ရွှေသတ္တုတွင်းအလုပ်သမားများ၏ ဆူညံသံပမာဏကို လေ့လာခဲ့သည်။ လေ့လာမှုတစ်ခုအရ ရွှေတွင်း ဆူညံသံပမာဏမှာ MSHA PEL ၏ ၁၆၅ မှ ၂၆၁% အထိရှိလာနိုင်သည်ဟု လေ့လာတွေ့ရှိချက်များအရ သိရှိရသည်။ ထို့ကြောင့် ရွှေတူးလုပ်သားများအတွက် အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ရွှေတွင်းများတွင် သတ်မှတ်ထားသော အသံနှုန်းကိုထိန်းချုပ်ရန် ကိရိယာများကို အသုံးပြုလာကြပြီလည်းဖြစ်ပါတယ်။
အခုပြောပြပေးခဲ့တဲ့အကြောင်းလေးကတော့ ရွှေတူးသမားတို့ရဲ့ အလုပ်လုပ်ကိုင်နေရတဲ့ဘဝနှင့် ကြုံတွေရတဲ့အခက်အခဲအန္တရာယ်တွေအပါအဝင်ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ရွှေတွင်းတူးဖော်ရေးလုပ်ငန်းအကြောင်းတွေကို ရှာဖွေတွေ့ရှိချက်လေးတွေအခြေခံပြီး ဗဟုသုတရစေဖို့ရာတင်ပြပေးခဲ့တာပဲဖြစ်ပါတယ်။