ကျောက်မျက်အကြောင်းသိကောင်းစရာ

ကံကောင်းခြင်းများယူဆောင်လာပေးမည့် Moonstone (မျောကျောက်)လေးအကြောင်း

Moonstone

Moonstone ကျောက်သည် ငွေရောင် ကြည်လင် တောက်ပနေသောကြောင့် လအလင်းရောင်မှ ဆင်းသက်လာသည်ဟု ရှေးယခင်က ဂရိနှင့် ရောမလူမျိုးများက တင်စား ယုံကြည်ခဲ့ကြသည်။ Moonstone ကို မှော်ပညာရှင်များ၊ ဂမ်ဘီပညာရှင်များ သဘောကျနှစ်သက်သောကြောင့် အဆောင်၊ လက်ဝတ်ရတနာ အသုံးအဆောင်များအဖြစ် ဆောင်ထားလေ့ရှိပါသည်။ အိန္ဒိယနိုင်ငံတွင် အများဆုံးတွေ့ရပြီး ဆွီဒင်၊ နော်ဝေ၊ ဒိန်းမတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့တွင် ကျော်ကြားလာခဲ့ပါသည်။ ယခုအခါ ကျောက်လေး၏ အစွမ်းသတ္တိများနှင့် ကျော်ကြားမှုကြောင့် နိုင်ငံအနှံ့အပြား အသုံးပြုလာကြပါသည်။

Moonstone ကျောက်ကို သဘာဝမှ ရရှိသည့် မျောကျောက်ဟု ခေါ်ဆိုကြပါသည်။ တဖန် အရပ်အခေါ်အဝေါ်အနေဖြင့်လည်း ကြောင်ကျောက်ဟု နာမည်တွင်သော်လည်း လူသိနည်းလှပါသည်။ မျောကျောက်သည် တနင်္လာသားသမီးများနှင့် June လ မွေးဖွားသူများအတွက် အဆောင်ကျောက်လည်း ဖြစ်ပါသည်။

မျောကျောက်သည် နဝရတ်ကိုးသွယ် ကျောက်မျက်ရတနာထဲတွင် ပါဝင်သော အဖိုးတန်ရတနာလေးပင်ဖြစ်သည်။ မျောကျောက်၏ မာဆင့်သည် ၆ – ၆.၅ ရှိပြီး၊ အရောင်များစွာ တွေ့ရှိရပြန်ပါသည်။ အရောင် အများစုမှာ အပြာ၊ အဝါ၊ အစိမ်း၊ အဖြူ၊ အညို၊ ပန်းရောင်၊ ခရမ်း၊ ခဲရောင်၊ လိမ္မော်ရောင်၊ အညိုရောင်နှင့် သက်တန့်ပုံစံ စသည့် အရောင်မျိုးစုံ ရှိပါသည်။
ကျောက်လေးသည် ပွန်းပဲ့တတ်တာကြောင့် သိမ်းဆည်းသည့်အခါ အခြားရတနာများနှင့် ရောနှော သိမ်းဆည်းမထားသင့်ပါ။ ဆေးကြောသည့်အခါ နွေးရုံလောက် ရှိသည့် ရေ၊ အက်ဆစ် အခြေခံ၍ မထုတ်လုပ်ထားသည့် ဆပ်ပြာ၊ နူးညံ့သော သွားပွတ်တံ၊ အဝတ် တို့ဖြင့်သာ အသာအယာ ဆေးကြောသန့်စင်ရပါမည်။

Moonstone ကျောက်ကို ဝတ်ဆင်ခြင်းဖြင့် ကံကောင်းစေခြင်း၊ ချစ်ခြင်းမေတ္တာ လူချစ် လူခင် ပေါများစေခြင်း၊ စိတ်ဖိစီးမှုနှင့် စိတ်မတည်ငြိမ်မှု လျှော့ချပေးနိုင်ခြင်း၊ အတွေးသစ် အမြင်သစ် ဖြစ်စေခြင်း၊ အလုပ်အကိုင် စီးပွားလာဘ်လဘများ တိုးပွားစေခြင်း တို့အပြင် အမျိုးသမီးရောဂါပျောက်ကင်းစေနိုင်ခြင်း၊ သားသမီး ရတနာများ ရလွယ်ခြင်း စသည့် အစွမ်းသတ္တိများကို ဝတ်ဆင်သူများအဖို့ ပေးစွမ်း အထောက်အကူပြုစေပြန်ပါသည်။
စိတ်စွမ်းအားများ ပေးခြင်း၊ ကျန်းမာရေးအထောက်အကူပြုစေခြင်း စသည့် အစွမ်းသတ္တိများရှိသော Moonstone ကျောက်လေးအကြောင်း ရတနာချစ်သူများ အတွက် ပို၍ ဗဟိုသုတများ တိုးပွားလာစေရန် မျှဝေပေးလိုက်ပါသည်။