ရွှေအကြောင်းသိကောင်းစရာ

ရွှေစုနည်းအမျိုးမျိုးအကြောင်း

aboutthedifferentwaysofcollectinggold

ရွှေကို ဝါသနာအရ သာမက စီးပွားလုပ်ငန်းတစ်ခုအနေနှင့်ပါ စုဆောင်းလေ့ရှိသော ရွှေချစ်သူမိဘပြည်သူများအတွက် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ရွှေစုနည်းအမျိုးမျိုးအကြောင်းကို မျှဝေပေးလိုက်ပါသည်။

လက်ရှိတွင် ရွှေဈေးကွက်သည် အာမခံချက်အရှိဆုံးနှင့် ခိုင်မာသော စီးပွားရေးတစ်ခုဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးလုပ်ငန်းအများစုသည် အမေရိကန်၏ ဒေါ်လာဈေးကွက်ကို အခြေခံပြီး လုပ်ကိုင်ကြခြင်းဖြစ်သော ကြောင့် ဒေါ်လာဈေးမတည်ငြိမ်မှု၊ ဈေးအပြောင်းအလဲမြန်မှုများကြောင့် လုပ်ငန်းအများစု အရှုံးပေါ်ခြင်း၊ စတော့ရှယ်ယာ ဈေးအတက်အကျ မြန်ခြင်းတို့ကို ဖြစ်စေသောကြောင့် ပိုပြီး ဈေးနှုန်းအားဖြင့် လှုပ်ခတ်မှုရှိခဲ့လျှင်တောင် အာမခံချက်ရှိသော ရွှေလုပ်ငန်းကို ပိုမိုစိတ်ဝင်စားလာကြခြင်းဖြစ်သောကြောင့်ဖြစ်ပါသည်။

ရွှေသည် စုဆောင်းရန်အတွက်သာ မဟုတ်ပဲ လက်ဝတ်ရတနာ အဆင်တန်ဆာများအနေဖြင့်ပါ ဝတ်ဆင်ကြပြီး “မရှိဝမ်းစာ ရှိတန်ဆာ ” ဆိုသည့်စကားအတိုင်း အရင်းအနှီးတစ်ခုအနေနှင့်ပါ အသုံးပြုတတ်ကြပါသည်။ ထို့ကြောင့် ရွှေကို စုဆောင်းရန်အတွက် ရည်ရွယ်ထားပါက မည်သည့်ရွှေရည်အမျိုးအစားကို ရွေးချယ်စုဆောင်းသင့်သည်ကို စဉ်းစားသင့်ပါသည်။ အကယ်၍ မိမိသည် ရွှေကို စုဆောင်းရန်အတွက်သာ မဟုတ်ပဲ လက်ဝတ်ရတနာအနေနှင့်ပါ ဝတ်ဆင်ချင်လျှင် ၁၄ပဲ ၂ ပြားရည် ၊ ၁၅ပဲရည် အစရှိသော ရွှေအမျိုးအစားများကို ရွေးချယ်စုဆောင်းသင့်ပါသည်။ ကျောက်မျက် ရတနာများနှင့် ဒီဇိုင်းပြုလုပ်၍ ဝယ်ယူစုဆောင်းချင်လျှင် ၁၄ပဲ ၂ ပြားရည်ရွှေအမျိုးအစားကို စုဆောင်းသင့်ပြီး ရွှေသီးသန့် ဝတ်ဆင်၍ စုဆောင်းချင်လျှင် ၁၅ ပဲရည် ရွှေအမျိုးအစားကို ရွေးချယ်စုဆောင်းသင့်ပါသည်။ ထို့အပြင် ၁၅ ပဲရည် ရွှေအမျိုးအစားကို အကျစ်ထည်များပြုလုပ်၍လည်း စုဆောင်းနိုင်ပါသည်။

ရွှေကို လက်ဝတ်အဆင်တန်ဆာ အနေနှင့် မဟုတ်ပဲ သီးသန့်စုဆောင်းချင်သောသူများအတွက် ၁၆ပဲရည်ရွှေ (အခေါက် ရွှေ၊  မီးလင်းရွှေ) ဟုခေါ်သော ရွှေအမျိုးအစားကို ဝယ်ယူစုဆောင်းသင့်ပါသည်။ ၁၆ ပဲရည်ရွှေသည် အသန့်စင်ဆုံးနှင့် ရွှေရည်အပြည့်ဝဆုံးဖြစ်ပါသည်။ ၁၆ ပဲရည်ရွှေအမျိုးအစားကို အလေးချိန်အလိုက် ရွှေတုံး၊ ရွှေပိုင်း၊ ရွှေချောင်းများပြုလုပ်၍ စုဆောင်းကြပါသည်။ မြန်မာပြည်တွင် အကောင်းဆုံးနှင့် အသန့်စင်ဆုံး ရွှေတုံးရွှေချောင်း ရွှေအပိုင်းများအဖြစ် ရွှေလုပ်ငန်းနှင့် သက်ဆိုင်သူများလက်ခံထားသည်မှာ အကယ်ဒမီ တံဆိပ် ရွှေတုံး ရွှေချောင်း ရွှေအပိုင်းအစများဖြစ်ပါသည်။

ထို့အပြင် အာမခံချက် ရှိသော ရွှေဆိုင်ကြီးများတွင် မိမိတတ်နိုင်သော ငွေပမာဏ အလိုက် ရွှေစုစာအုပ် ပြုလုပ်၍သော်လည်းကောင်း၊ ရွှေစုအာမခံဘောက်ချာများ ပြုလုပ်၍သော်လည်းကောင်း ရွှေကို လစဉ်ဝယ်ယူစုဆောင်းနိုင်ပါသည်။

သို့သော် အရေးကြီးဆုံးအချက်သည် မိမိရွေးချယ်ပြုလုပ်မည့်ဆိုင်၏ အာမခံချက်နှင့် ရွှေအရည်အသွေးကို သေချာစုံ စမ်းမေးမြန်းခြင်းပြုလုပ်ပြီးမှသာလျှင် ရွှေကိုဝယ်ယူစုဆောင်းသင့်ကြောင်း အကြုံပြုလိုက်ပါသည်။