ပယင်းသည် ကျောက်မျက်ရတနာကိုးပါးထဲတွင် အပေါ့ပါးဆုံးဖြစ်သည်။ ၎င်းတွင် မာကျောခြင်းအဆင့် ၂.၅ အဆင့်သာရှိပြီး သိပ်သည်းဆမှာလည်း ၁.၀၇သာရှိပါသည်။ ထို့ကြောင့်အပူချိန်ကို ခံနိုင်ရည်မရှိပဲ ကြေကွဲပျက်စီးလွယ်ပါသည်။ မီးရှို့လျှင်လည်း အလွယ်တကူလောင်ကျွမ်းနိုင်ပါသည်။
ပယင်းတွင် နီညိုရောင်၊ လိမ္မော်ရောင်၊ အစိမ်းရောင်၊ နှင်းဆီရောင်၊ အဝါရောင်၊ ခရမ်းရောင်၊ အဖြူရောင်တို့ ရှိကြပြီး ခရမ်းပြာရောင်ကိုလည်း ရှားရှားပါးပါးတွေ့ရတတ်ပါသည်။
ပယင်းအစစ်သည် အလင်းပေါက်ပြီး ပေါ့ပါးသောကြောင့် ဆားငံရည်တွင် ရေပေါ်ပေါ်နေပါသည်။ ပယင်းသည် အပင်၏သစ်စေးများမှ နှစ်ပေါင်းများစွာ ကြာမြင့်သောအခါ ကျောက်သားသဖွယ် ဖြစ်တည်လာခြင်းဖြစ်ပါသည်။ ရံဖန်ရံခါတွင် ပယင်းကျောက်ထဲ၌ အင်းဆက်ပိုးမွှားများကို ပုံစံမပျက်တွေ့ရှိရပါသည်။
သစ်စေးပင်မှ ဖြစ်တည်လာသော ပယင်းကျောက်သည် ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါသည်။ ပယင်းဝတ်ဆင်ထားခြင်းသည် သွေးလည်ပတ်မှုကို ထိန်းညှိပေးပြီး သွေးတိုး၊ သွေးကျခြင်းကို ကာကွယ်ပေးပါသည်။ ထို့ပြင်စိတ်နှလုံးကိုလည်းတည်ငြိမ်စေ၍ ပယင်းဝတ်ဆင်သူသည် မျက်စိအမြင်အားကို ကောင်းမွန်စေပါသည်။
ပယင်းအတုနှင့် အစစ်ခွဲခြားရာတွင် ရိုးရိုးပယင်းနှင့် ပယင်းအစစ်ကို ရိုးရိုးရေထဲတွင်ထည့်လိုက်ပါ။ ဤသို့ပြုလုပ်ရာတွင် ပယင်းနှစ်ခုလုံးသည် ရိုးရိုးရေထဲတွင် နစ်မြုပ်သွားပါသည်။ ထို့နောက် ထိုရေထဲတွင် ဆားကို တစ်ဇွန်းခန့်ထည့်၍ ဆားပျော်ရည်အဖြစ်ပြုလုပ်ပါ။ ပယင်းအစစ်သည် ဆားပျော်ရည်တွင် ရေပေါ်ပေါ်၍ ပယင်းအတုသည် ရေထဲတွင် နစ်နေပါမည်။
လူသားတို့၏အဆောင်အဖြစ် အသုံးပြုခဲ့ကြသောပယင်းသည် ရှေးအကျဆုံးသော လက်ဝတ်တန်ဆာဖြစ်၍ မြန်မာတို့၏ဂုဏ်ယူဝင့်ကြွားဖွယ်ရတနာတစ်ပါးဖြစ်ပါသည်။