ပြည်ပသတင်း

အမေရိကအဓိကရုဏ်းနှင့် ရွှေဈေးကွက်အပေါ်သက်ရောက်မှု

America Protest, u hton goldsmith, myanmar

ရွှေဈေးကွက်သည် ကမ္ဘာ့ငွေကြေးဈေးကွက်အပေါ်  နိုင်ငံအချင်းချင်းပို့ကုန်သွင်းကုန်များနှင့် ကူးသန်းရောင်းဝယ်မှုများကို အခြေခံ၍ တန်ဖိုးအားဖြင့်များစွာသက်ရောက်မှုရှိသည်။ ထို့ကြောင့်နိုင်ငံတကာတွင် ရွှေကိုဝယ်ယူစုဆောင်းခြင်းသည် စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့်သာမက နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်တွင်လည်းခိုင်မာမှုရှိပြီး ငွေကြေးဖောင်းပွမှုကိုမဖြစ်ပဲ ရေရှည်တည်တံ့မည့် ရင်းနှီးမြှုပ်နှံမှု သတ္တုတစ်ခုအဖြစ် ယခုတွင်ပိုမိုလုပ်ဆောင်လျှက်ရှိနေသည်။ ရွှေကိုရင်းနှီးမြှုပ်နှံသူများသည် စီးပွားရေးအကြပ်အတည်းမှဖြစ်စေ ငွေကြေးဖောင်းပွမှုမှဖြစ်စေ ကာကွယ်ရန် အဓိကရည်ရွယ်ကြသည်။ ရွှေဈေးသည် ကုန်သည်များ၏ယုံကြည်ချက်ကို ထင်ဟပ်စေပြီး လက်တလောစီးပွားရေးအခြေအနေများနှင့်ပတ်သတ်၍ လေ့လာသုံးသပ်မှုများတွင်လည်း အထောက်အကူပြုနိုင်သည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးစီးပွားရေးလုပ်ငန်းနိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံတကာ၏ငွေကြေးစံထားဆုံးဖြတ်မှုများတွင် တန်ဖိုးသတ်မှတ်ချက်များကို အမေရိကန်ဒေါ်လာ သို့မဟုတ် အမေရိကန်နိုင်ငံ၏ရွှေဈေးနှုန်းများကို အခြေခံပြီး အများဆုံးလုပ်ဆောင်ကြသည်။ ထို့ကြောင့် Corona Virus(COVID-19) ကြောင့် တစ်ကမ္ဘာလုံးတွင် စတော့ရှယ်ယာများနှင့် ရွှေဈေးများကျဆင်းမှုဖြစ်ပေါ်ခဲ့သည့်အချိန်နှင့် ယခုအခါ အမေရိကန်နိုင်ငံတွင်ဖြစ်ပွားနေသော အဓိကရုဏ်းများကြောင့်လည်း အမေရိကန်နိုင်ငံတွင် သိသာသော ရွှေဈေးကွက်အပေါ်သက်ရောက်မှုများ ကြုံတွေ့ရသည်။
အမေရိကန်ပြည်ထောင်စုသည် Minneapolis ရဲစခန်းတွင်  ရဲအရာရှိတစ်ဦး၏လက်ချက်ဖြင့် လက်နက်မဲ့လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက် သေဆုံးပြီးနောက် ၁၉၆၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးသောပြဿနာတစ်ခုအဖြစ် နိုင်ငံအနှံအပြားတွင် အဓိကရုဏ်းနှင့်ဆန္ဒပြပွဲများဖြစ်ပွားခဲ့သည်။ ပြည်တွင်းဆူပူအုံကြွမှုများသည် အမေရိကန်နိုင်ငံတွင် လူပေါင်း ၁၀၀,၀၀၀ ကျော်သေဆုံးပြီးဖြစ်သော Corona Virus ကူးစက်မှုကိုလည်း ပိုမိုဆိုးရွားလာစေနိုင်သည်။ ၎င်းသည် အမေရိကန်နိုင်ငံ၏ လူသန်းပေါင်း ၄၀ ကျော်ကို အလုပ်လက်မဲ့ဖြစ်ရန် ဖိအားပေးသကဲ့သို့ စီးပွားဆိုင်ရာအရ သက်ရောက်မှုများစွာကိုဖြစ်ပေါ်စေသည်။
ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော အမေရိကန်နိုင်ငံ၏ အဓိကရုဏ်းများကြောင့် တစ်ကမ္ဘာလုံး၏ရွှေဈေးကွက်များအပေါ်သက်ရောက်မှုများနှင့်အတူ ဈေးနှုန်းများကျဆင်းခဲ့ရသည်။ ဥပမာ အရှေ့တောင်အာရှတွင်အိန္ဒိယရွှေဈေးကွက်သည် ယခုလတွင်း သုံးရက်ဆက်တိုက်ကျဆင်းမှုနဲ့ကြုံခဲ့ရသည်။ ထို့အပြင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ နိုင်ငံရေးတင်းမာမှုအခြေအနေများကြောင့်လည်း ရွှေသတ္တုအပေါ် ရင်းနှီးမြှုပ်နှံသူများအား ယုံကြည်မှုကိုလျော့နည်းစေခဲ့သည်။ Corona Virus ကြောင့် ကမ္ဘာနှင့်အဝှမ်းတွင်ဖြစ်ပေါ်ခဲ့သော စီးပွားရေးအရပိတ်ဆို့မှုများသည် ယခုအခါတွင် အမေရိကန်နိုင်ငံ၏လက်တလောအဓိကရုဏ်းအခြေအနေများနှင့် နောက်ကွယ်က အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား တင်းမာမှုများက  ရွှေထုတ်လုပ်မှု ရွှေဈေးကွက်အပေါ်အကန့်အသတ်ဖြစ်လာစေသည်။
အမေရိကန်၏ရွှေဈေးကွက်သည် လက်ရှိတွင် ဧပြီလကတည်းက ရွှေထုတ်လုပ်ရောင်းချမှုအညွှန်းကိန်း ၄၁.၅ နှိမ့်ကျခဲ့ပြီး မေလတွင် ၄၃.၁ ညွှန်းကိန်းပြန်လည်မြင့်တက်လာသော်လည်း မူလအညွှန်းကိန်းအောက် ရောက်ရှိနေဆဲဖြစ်သည်။ ၎င်းအခြေအနေသည် အမေရိကန်နိုင်ငံ၏စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမျှော်မှန်းချက်ထက် ၂.၉ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ဤနယ်ပယ်မှ အဓိကရုဏ်းများသည် နောက်ဆုံးတွင်စီးပွားရေးနှင့် စတော့ဈေးကွက်တွင် ပြောင်းလဲမှုများကိုဖြစ်ပေါ်စေသည်။ တစ်ခါတစ်ရံ ၎င်းအပြောင်းအလဲသည် ဈေးကွက်ပြန်လည်ထူထောင်ရန်အတွက် နိမိတ်လက္ခဏာကောင်းတစ်ခုလည်းဖြစ်လာနိုင်သည်။ ထို့အပြင် Ploutus Capital Advisors ဈေးကွက်မဟာဗျူဟာအကြီးအကဲ James Hatzigiannis က ဆန္ဒပြမှုများနှင့် ကုန်သွယ်ရေးစစ်ပွဲအခြေအနေများသည် ရွှေဈေးနှုန်းအပေါ်ကောင်းကျိုးကော ဆိုး‌ကျိုးရော နှစ်ခုလုံးဖြစ်ပေါ်နိုင်ပြီး ၎င်းအခြေအနေအရ စီးပွားရေးအပေါ်ဆိုးကျိုးသက်ရောက်စေသော်လည်း ရွှေဝယ်လိုအားနှင့် အဖိုးတန်သတ္တုဝယ်လိုအားတို့တွင် ရင်းနှီးမြှုပ်နှံမှုအရ ပိုမိုတိုးမြင့်လာနိုင်သည်ဟု Market watch သို့ပြောကြားခဲ့သည်။
အခုတင်ပြပေးခဲ့တဲ့ အကြောင်းအရာအချက်အလက်လေးတွေကတော့ လက်ရှိမှာဖြစ်ပွားခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့အဓိကရုဏ်းပေါ်မူတည်ပြီး အမေရိကန်နိုင်ငံရဲ့ ရွှေဈေးကွက်အခြေအနေများနဲ့ အခြားသောရွှေဈေးကွက်ဆိုင်ရာလေ့လာတွေရှိမှုလေးတွေကို ဗဟုသုတရဖွယ် တင်ပြပေးလိုက်ပါတယ်ရှင့်။