ကျောက်စိမ်းကို အကဲခတ်သောအခါ မှန်မှန်ကန်ကန် သိတတ်ဖို့ အရေးကြီးပါသည်။ အကဲခတ်တစ်ချက် မှား၍ ဆင်းရဲသွားကြသော သူများလည်း ရှိကြသည်။ အကဲခတ်ကျွမ်းကျင်၍ ချမ်းသာသွားသူများလည်း များပါသည်။
ကျောက်စိမ်းကို အရိုင်းတုံးအတိုင်း အရောင်းအဝယ်လုပ်သူ များကြသည်။ ကျောက်စိမ်းအရိုင်းတုံး ဆိုသည်မှာ မြေသားထဲမှ တူးဖော်စဉ် ရရှိခဲ့သည့်တိုင်း မပြုပြင်ရသေးသော အရိုင်းအတုံးကြီး ဖြစ်ပါသည်။ ထိုကဲ့သို့ အရိုင်းတုံးဘဝတွင် ကျောက်စိမ်း၏ အခွံမှန် မမှန် လေ့လာရသည်။ ကျောက်စိမ်းတွင် မြေသားအတွင်းရှိစဉ်က ကျောက်ရိုင်းအမှုန့်ကလေးများ၊ မြေစေးများ ရောစပ်ကပ်ငြိပြီး ကျောက်စိမ်းအသားများကို ဖုံးအုပ်နေသော မြေသားအခွံရှိသည်။ ထို ကျောက်စိမ်းအခွံတို့တွင် အရောင်အမျိုးမျိုး ရှိတတ်ပြီး နယ်မြေတစ်ခုနှင့် တစ်ခုမတူဘဲအရောင်ကွဲတတ်သည်။ ဥပမာ- ဖားကန့်ကျောက်စိမ်းမြေနု ကျောက်စိမ်းအခွံ၏ အရောင်နှင့် ခန္တီးကျောက်စိမ်းမြေ ကျောက်စိမ်း၏အရောင်မတူကြပေ။ ကျောက်စိမ်းနယ်မြေချင်း မတူလျှင် အခွံအရောင်မတူသလို အသားမှာလည်း ခြားနားတတ်ကြသည်။ ကျောက်စိမ်းတွင် အခွံအရောင်အမျိုးမျိုးရှိသည့်အနက် သစ်တော်ခွံ၏ အရောင်သည် အထူးအောင်တတ်သောကျောက်စိမ်းမျိုး ဖြစ်သည်။ အခြားသော ဖွဲ့နုခွံ၊ ဖွဲ့ကြမ်းခွံ၊ ကြို့သီးခွံများမှာ ဒုတိယတန်းလိုက်ကာ အောင်မြင်တတ်သည်။ ထိုကဲ့သို့ ကျောက်စိမ်း၏ အခွံမှန်သော်လည်း အတွင်းရှိ ကျောက်သားများများနှင့် ကျောက်ရည်ကောင်းကောင်းပါဖို့လည်း အရေးကြီးပါသည်။ တစ်ခါတစ်ရံ ကျောက်သားများများပါသော်လည််း ကျောက်ရည် မကောင်း၊ အသွေးအရောင်မကောင်းသောကြောင့်လည်း တန်ဖိုးမရှိ ဖြစ်တတ်သည်။
ကျောက်ရည် ကျောက်သွေး ကောင်းသော်လည်း ကျောက်သားတိမ်လွန်း ပါးလွန်းသောကြောင့်လည်း ဈေးကောင်း မရတတ်ပါ။ကျောက်စိမ်းအရည်အသွေး၊ အရောင်အဆင်း၊ အသားမည်မျှပါသည် ကောင်းသည်ကို သိနိုင်ရန် ဦးစွာကျောက်စိမ်းတုံး၏ ထိပ်ပိုင်း သို့မဟုတ် ခါးပိုင်း၊ ကျောပိုင်း၊ ဖင်ပိုင်း စသည်တို့တွင်ရှိသော ကပ်ရည်ကြည်များကို အကဲခတ်ရသည်။ ကပ်ရည်ကြည် ဆိုသည်မှာ ကျောက်စိမ်းတုံးအပြင်ဘက်မှ မြင်ရသောကျောက်စိမ်းသား ဖြစ်သည်။ ကျောက်စိမ်းတုံးအပြင်မှ လှီးဖြတ် သွေးလိုက်သောအခါ ကျောက်စိမ်းသားပေါ်လာသည်။ ကပ်ရည်ကို ကြည့်သောအခါ နေရောင် သို့မဟုတ် မီးရောင် အောက်မှ သေချာသည်။ အလင်းအားနည်းလျှင် မှန်ကန်သောအရောင်အဆင်း၊ အသား အတိမ်းအနက်တို့ကို သိရန်ခက်ခဲသည်။ အလင်းရောင်အောက်၌ ကြည့်သောအခါတွင် ကျောက်ကပ်ရည်ပေါ်သို့ သံပြားပါးပါးလေး တစ်ခုကို ကျောက်ကပ်ရည်ပေါ်သို့ အလင်း၏ ဆန့်ကျင်ဘက်မှ ထောထောက်ကြည့်ကြခြင်းဖြစ်သည်။ ကပ်ရည်ရှိသမျှ နေရာစုံပေါ်သို့ ရွေ့လျားကာ အကြိမ်ပေါင်းများစွာ ထောင့်ပေါင်းများစွာတို့မှ ထောက်ကြည့်ကြသည်။ ထိုသို့ကျောက်သားကပ်ရည်ကို ပြချက်ဟုလည်း ခေါ်ကြသည်။ ပြချက်သည် ဟိုဘက်သည် ဘက်ပေါက်လား၊ စလွယ်သိုင်းပြချက်ပါလား၊ ပြချက်မှန်ရဲ့လား၊ ကျောက်ရည်ကကော မြစိမ်းရောင် ရှိရဲ့လား စသည်တို့ကို စစ်ဆေးရသည်။ တချို့ ကျောက်စိမ်းတို့မှာ ပြချက်ကောင်းသော်လည်း အတွင်းသား မကောင်းတတ်သောကြောင့်ဈေးကောင်းသိပ်မရကြပေ။ တစ်ခါတစ်လေ ပြချက်မကောင်းသော်လည်း အတွင်းသားက အပြည့်ရှိနေသောကြောင့် သိန်းထောင်ကျော်၊ သောင်းကျော်တန်သွားသော ကျောက်များလည်း ရှိသည်။
ထို့ကြောင့် အရိုင်းတုံးကို ကပ်ရည်ကြည့်၍ ဝယ်ယူခွဲစိတ်ရခြင်းမှာ ထီထိုးရသည်နှင့် တူနေသည်။ ကျောက်စိမ်းအရိုင်းတုံးတို့သည် အခဲလေးမှ စကားအတုံးကြီးအထိ အရွယ်အမျိုးမျိုး ရှိကြပြီး သုံးတန်လေးတန်လေးသည်အထိကြီးမားသော ဆင်ဆွဲကျောက် အမျိုးအစားထိ ရှိကြသည်။ ထိုအရိုင်းတုံးများကို အကဲခတ်သောအခါ ကျောက်ရည် ကျောက်သားကို ကြည့်၍ အကဲခတ်ခြင်း၊ ကျောက်၏ ကြိုးပတ် (ခေါ်) ရစ်ပတ်ပေါ်ထွက်နေသော ကျောက်သားကို ကြည့်၍ အကဲခတ်ခြင်း၊ အရည်အသွေးကို ကြည့်၍ အကဲခတ်ခြင်း စသည်ဖြင့် အကဲခတ်ကြသည်။ ကျောက်စိမ်း၏ ကြိုးပတ်ကို ကြည့်ခြင်းဖြင့် အတွင်း၌ ကျောက်သား အရောင်အဆင်း ဘယ်လောက်ကောင်းကောင်းရနိုင်သည်၊ ကျောက်သားအချိန် မည်မျှ ထွက်နိုင်သည်ကို တွက်ချက်ခန့်မှန်းကြသည်။ အတုလုပ်ထားသော ကျောက်စိမ်းတုံး ဟုတ်မဟုတ် စသည်တို့ကိုပါ အကဲခတ်ကြရသည်။