ကျောက်မျက်အကြောင်းသိကောင်းစရာ

ကျောက်စိမ်းဝတ်ဆင်ခြင်းရဲ့ အကျိုးကျေးဇူးများ

benefitsofwearingjade

တွင်းထွက်ကျောက်မျက်ရတနာများသည် တစ်ခုနှင့်တစ်ခု မတူညီသောအကျိုးကျေးဇူးများရှိပါသည်။တွင်းထွက်ကျောက်မျက်ရတနာအမျိုးအစားအများအပြားရှိသည့်အနက် ကျောက်စိမ်းသည် တန်ဖိုးလည်းရှိ ပွဲလည်းသင့်ပြီး ဈေးနှုန်းအားဖြင့်လည်းသင့်တော်လှပါသည်။ ထို့ကြောင့် ကျောက်စိမ်းဝတ်ဆင်ခြင်းသည် ဝတ်ဆင်သူ ပိုင်ရှင်အပေါ် မည်သို့သော အကျိုးကျေးဇူးများရှိကြောင်းကို သိရှိစေရန်အတွက် ကျောက်စိမ်းချစ်သူမိဘပြည်သူများကို ရည်ရွယ်ပြီး ကျောက်စိမ်းဝတ်ဆင်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို မျှဝေပေးလိုက်ပါသည်။

ကျောက်စိမ်းသည်ရှေးလွန်ခဲ့သော နှစ်ပေါင်းထောင်စုနှစ်များစွာမှစ၍ ကံကောင်းခြင်းနှင့် ပျော်ရွှင်ခြင်းကိုကိုယ်စားပြုသည့်ကျောက်မျက်အဖြစ် တရုတ်လူမျိုးများသတ်မှတ်ခဲ့ကြပြီး ကမ္ဘာတစ်ဝှမ်းလုံးတွင် လက်ဝတ်ရတနာအဖြစ် ပြုလုပ်မှုအများဆုံးကျောက်မျက်ရတနာတစ်ခုဖြစ်ပါသည်။ ကျောက်စိမ်းကိုလက်ဝတ်ရတနာတွင်ထည့်သွင်းအသုံးပြုသည်သာမကပဲ အဆောက်အဦးများ၊ ရုပ်ထုများတွင်ပါ ထုလုပ်အသုံးပြုခဲ့ကြကြောင်း ရှေးဟောင်းနေရာများတွင် တူးဖော်သည့်အခါ တွေ့ရှိရကြောင်း သုတေသီများကလည်း သက်သေများ နှင့်တကွ ဖော်ပြထားပါသည်။

ကျောက်စိမ်းသည် ကွဲရှထိခိုက်ဒဏ်ရာများအတွက်လည်း လျင်မြန်စွာ အနာကျက်မြန်စေသည့် စွမ်းအင်ရသည်ဟု ယုံကြည်ကြပြီး လူ့ခန္ဓာကိုယ်တွင်ရှိသော သရက်ရွက်၊ ကျောက်ကပ်၊ ဆီးအိမ်၊အရိုးစနစ်တို့ကိုလည်း အားကောင်းစေပါသည်။ မျိုးပွားမှုအတွက် ဟောမုန်းမညီမျှမှုကိုလည်း ထိန်းညှိပေးနိုင်၍ ညစဉ် အိပ်မက်ဆိုးများ မက်ခြင်းမှ ကာကွယ်ပေးနိုင်သလို မကောင်းသော အနှောက်အယှက်များ၊ နတ်ဆိုးများအန္တရာယ်များမှလည်း စောင့်ရှောက်ပေးနိုင်သော စွမ်းအင်သတ္တိလည်းရှိသည်ဟု ဆိုကြပါသည်။ ထို့အပြင် ကျောက်စိမ်းသည် ခက်ခဲသော အခြေအနေများကို အလွယ်တကူ ကျော်ဖြတ်စေနိုင်သည့် တည်ငြိမ်အေးချမ်းမှုကို ယူဆောင်လာပေးနိုင်သော ကျောက်မျက်တစ်ခုလည်းဖြစ်ပါသည်။

ဒါ့အပြင် ကျောက်စိမ်းသည် စိတ်ပိုင်းဆိုင်ရာကုထုံး တစ်ခုအနေနှင့်လည်း အသုံးဝင်သော ကျောက်မျက်တစ်ခုဖြစ်ပြီး မိမိကိုယ်ကိုချစ်ခြင်း၊ မိမိကိုယ်ကိုလက်ခံခြင်း၊ ရင့်ကျက်တည်ငြိမ်မှု နှင့် ဖြောင့်မတ်တည်ကြည်မှုတို့ကိုလည်း ကိုယ်စားပြုသော ကျောက်တစ်မျိုးဖြစ်သောကြောင့် စိတ်ပိုင်းဆိုင်ရာကုထုံးများတွင် ကျောက်စိမ်းကိုအသုံးပြုကြပါသည်။

ဗေဒင်နှင့် လောကီပညာ ရှုထောင့်များအနေနှင့်လည်း မိမိအိမ်အတွက် ကံကောင်းခြင်းနှင့် စည်းစိမ်ဥစ္စာတွေ ယူဆောင်လာစေရန် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ပစ္စည်းတစ်ခုခုကို အိမ်၏ အရှေ့တောင်ထောင့်အရပ်တွင် ထားသင့်သည်ဟု ဆိုကြပါသည်။ထိုသို့ထားခြင်းဖြင့် အစောင့်အရှောက်များ ရရှိစေသည်ဟု တရုတ်ရိုးရာ ဓလေ့ထုံးစံတစ်ခုအနေဖြင့်ဖော်ပြထားပါသည်။

ယခုဖော်ပြပေးခဲ့သော အကြောင်းအရာလေးများသည် ကျောက်စိမ်းချစ်သူ မိဘပြည်သူများအတွက် ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး မျှဝေဖော်ပြပေးသော ကျောက်စိမ်းဝတ်ဆင်ခြင်း၏ အကျိုးကျေးဇူးများဖြစ်ပါသည်။