ဆောင်းပါး

တရုတ်ကျောက်စိမ်း

chinese jade, u hton, myanmar jewelry

တရုတ်လူမျိုးများသည် ကျောက်စိမ်းကို လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းကပင် အသုံးပြုခဲ့ကြသည်။  တရုတ်လူမျိုးအများစုက ကျောက်စိမ်းကို ဆောင်ခြင်း၊ ဝတ်ဆင်ခြင်းအားဖြင့် ကျက်သရေရှိခြင်း၊ မင်္ဂလာရှိခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ ဘေးအန္တရာယ်တို့မှ လွတ်မြောက်စေခြင်း အသက်ရှည်ခြင်း တို့ကို ရရှိခံစားရမည်ဟု ယူဆကြသည်။ တရုတ်လူမျိုးများသည် ကျောက်စိမ်းကို ဆွဲသီး၊ ဆွဲကြိုး၊ နားဆွဲနှင့် နားကပ်ကဲ့သို့သော လက်ဝတ်ရတနာများအဖြစ် လည်းကောင်း၊ ကျောက်စိမ်းပန်းချီကား၊ ကျောက်စိမ်းကြွေပြား ကဲ့သို့သော ပရိဘောဂပစ္စည်းများအဖြစ်လည်းကောင်း ကျောက်စိမ်းဘုရား၊ ကျောက်စိမ်း နတ်ရုပ်ထုများကဲ့သို့သော ဘာသာရေး ရုပ်ထုများအဖြစ် လည်ကောင်း ပုံစံအမျိုးမျိုးဖြင့် အသုံးပြုကြသည်။ ထို့အပြင် တစ်ကိုယ်ရည်သုံးပစ္စည်းများ ဖြစ်သည့် တောင်ဝှေးများ၊ ဆေးအိုး၊ ဆေးတံများ၊ သော့ချိတ်များ၊ ထည့်စရာဗူးများ အဖြစ်လည်း ပြုလုပ်သုံးစွဲကြသည်။

တရုတ်ဘာသာစကားအရ ကျောက်စိမ်းကို ယွိစို ဟုခေါ်ကြလေသည်။ “ယွိ” ဆိုသည်မှာ ညအလှအပဟု အဓိပ္ပါယ်ရပြီး “စို” ၏အဓိပ္ပါယ်မှာ ကျောက်ဖြစ်ပါသည်။ တရုတ်ကျောက်စိမ်းသည် ကမ္ဘာပေါ်တွင် ဒုတိယတန်းစားအဆင့်ရှိသည့် ကျောက်စိမ်းဖြစ်သည်။ တရုတ်တွင် နက်ဖရိုက်ကျောက်စိမ်း ( Nephrite ) အမျိုးအစား အများဆုံးထွက်ရှိပြီး နက်ဖရိုက်ကျောက်စိမ်းသည် ရှားပါးကျောက်စိမ်းအမျိုးအစား ဖြစ်ပါသည်။ နက်ဖရိုက်ကျောက်စိမ်းသည် တွင်းထွက်ဓါတုကျောက်မျိုးမဟုတ်ဘဲ သီးခြားပုံဆောင်ခဲများဖြင့် ဖွဲ့စည်းတည်ရှိသည့် ကျောက်အမျိုးအစား ဖြစ်ပါသည်။ နက်ဖရိုက်ကျောက်စိမ်းသည် ထုံးကျောက်ဖြုန်းများ၊ လိပ်သဲကျောက်လွှာနှင့် ဂေါ်ဒန်ကျောက်လွှာတို့၏ အလယ်၌ တည်ရှိတတ်သည်။ တရုတ်ပြည် စန်းရှီးပြည်နယ်ထွက် ကျောက်စိမ်းမှာ နက်ဖရိုက်အမာ ကျောက်စိမ်း အမျိုးအစားဖြစ်ပြီး ဟေနန်ပြည်နယ်ထွက် ကျောက်စိမ်းမှာ နက်ဖရိုက်အပျော့ ကျောက်စိမ်းမျိုး ဖြစ်ပါသည်။ တရုတ်လူမျိုးများက ကျောက်စိမ်းကို “ယင့်ယွိ အမာကျောက်စိမ်း” နှင့် “ရွမ်ယွိ အပျော့ကျောက်စိမ်း” ဟု နှစ်မျိုးခွဲခြားထားလေသည်။ နက်ဖရိုက်ကျောက်စိမ်း၏ မာကျောမှုကို အနုမြူဗုံးဖြင့် ဖောက်ခွဲလျှင်တောင် ထိခိုက်မှုမရှိနိုင် ဟု ကျောက်မျက်ပညာရှင်များက တင်စားပြောဆိုခဲ့ကြသည်။

တရုတ်ပြည်အတွင်း ကျောက်စိမ်းထွက်ရှိသော ဒေသအချို့မှာ ချင်ဟိုက်-တိဘက်ဒေသ၊ စန်းရှီးပြည်နယ်၊ ဟဲနန်ပြည်နယ်၊ စွတ်ချွမ်းပြည်နယ်၊ တိဘက်- ရှီးကျန်းဒေသ၊ ကွေးကျိုးပြည်နယ်၊ ကွမ်းရှီးပြည်နယ်၊ ကွမ်တုန်းပြည်နယ်၊ ဇူးကျန့်ပြည်နယ်၊ ကျန်းရှီးပြည်နယ်၊ ကျန်းစုပြည်နယ်၊ စန်းတုန်းပြည်နယ်၊ ဟဲပေပြည်နယ်၊ လျောင်နင်းပြည်နယ်၊ ကျီလင်ပြည်နယ်၊ လုန်ကျန်းပြည်နယ်နှင့် ကန်းစုပြည်နယ် တို့ဖြစ်သည်။ ထိုကဲ့သို့သော တန်ဖိုးကြီးကျောက်စိမ်းအများအပြားထွက်ရှိသည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ကျောက်စိမ်းများကိုလည်း နှစ်စဉ်ဝယ်ယူလျက်ရှိသည်။ ကျောက်စိမ်းကို ပုံစံအမျိုးမျိုးဖြင့် အသုံးပြုတတ်သော တရုတ်လူမျိုးများအတွက် မြန်မာ့ကျောက်စိမ်းသည်လည်း အရည်အသွေးကောင်းများရှိသောကြောင့် ဝယ်ယူချင်စဖွယ် ဖြစ်နေပေတော့သည်။