ဆောင်းပါး

တရုတ်နှစ်ကူးနဲ့ ရွှေ

Happy Chinese New Year

၂၀၁၉ ခုနှစ်အတွက် တရုတ်နှစ်သစ်က လာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့ဆိုရင် ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူး ဆိုတာနဲ့ တရုတ်တန်းတွေ၊ ဘုံကျောင်းတွေမှာ အနီရောင်တွေ ဖုံးလွှမ်းနေလေ့ရှိသလို ရွှေရောင်တွေလည်း ဖုံးလွှမ်းနေတာ အစဉ်အလာတစ်ခုပါပဲ။ အနီရောင်ကတော့ မင်္ဂလာအရောင်လို့ သတ်မှတ်ကြတဲ့အတွက် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲကာလမှာ အသုံးပြုကြပေမယ့် ရွှေရောင်ကတော့ ဘာအတွက်ကြောင့်ပါလဲ ? ရွှေကိုရော တရုတ်တွေ ဘာလို့ အမြတ်တနိုးထားကြတာလဲ? စတဲ့အကြောင်းအရာတွေကို ဖော်ပြပေးပါမယ်။

အချက်အလက်တွေအရ တရုတ်လူမျိုးတွေဟာ အေဒီ ၆၁၈ ကနေ အေဒီ ၉၀၇ အထိ စိုးစံခဲ့တဲ့ “ တန်မင်းဆက် ” လက်ထက်မှာ ရွှေတွေကို ကြိုက်နှစ်သက်ခဲ့ခြင်း မရှိပါဘူး။ အနီရောင်နဲ့ အမည်းရောင် တို့ကိုသာ ပေါင်းစပ်ပြီး အသုံးပြုကြတာကို တွေ့ရပါတယ်။ တရုတ်လူမျိုးတွေ ရွှေတွေကို မြတ်နိုးနှစ်သက်လာကြတာက ဗုဒ္ဓဘာသာ၅၆ လွှမ်းမိုးလာမှုကြောင့် ဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ ဗုဒ္ဓဘာသာရဲ့ တရားတော်တွေမှာ ရွှေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ပါရှိမှုကနေ ရွှေကို တယုတယနဲ့ အမြတ်တနိုးထားလာကြတာ ဖြစ်ပါတယ်။ရွှေကို အလှူအတန်း ပြုလုပ်ရာမှာလည်း အသုံးပြုကြလေ့ရှိသလို အထွဋ်အမြတ်ထားရတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ၊ နတ်မင်းတွေရဲ့ ရုပ်တုတွေ ထုလုပ်ရာမှာလည်း ရွှေကို ထည့်သွင်းအသုံးပြုခဲ့ကြပါတယ်။ ဒါအပြင် အချင်းချင်းလက်ဆောင်အဖြစ် ပေးအပ်ရာမှာလည်း ရွှေက ဦးစားပေး စဉ်းစားတဲ့နေရာမှာ ပါဝင်ခဲ့သလို မင်းစိုးရာဇာတွေ၊ နန်းတွင်းတွေရဲ့  ကြွယ်ဝချမ်းသာမှုကို ကိုယ်စားပြုတဲ့ အရာကလည်း ရွှေပဲ ဖြစ်ပါတယ်။ ပွဲလမ်းအခမ်းအနားတွေ၊ ပွဲတော်တွေမှာ လည်း ရွှေဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ Spring Festival လို့ခေါ်တဲ့ ပွဲတော်ကာလမှာ ဆိုရင် တရုတ်တွေရဲ့ ရွှေအသုံးပြုမှုက ပိုမိုမြင့်တက်လေ့ရှိပြီး အဲဒီကာလအတွင်း ရွှေရောင်းချရမှုက အံ့သြလောက်ဖွယ် များပြားတာကို တွေ့ကြရပါလိမ့်မယ်။ ရွှေနဲ့ပတ်သက်ပြီး တရုတ်လူမျိုးတွေ အလေးထားတဲ့ နောက်အချက်တစ်ချက် ကတော့ ရွှေနဂါးပဲ ဖြစ်ပါတယ်။

နဂါးဆိုတာ တရုတ်လူမျိုးတွေ အတွက် အရေးပါတဲ့ ဒဏ္ဍာရီလာ အမှတ်အသားတစ်ခု ဖြစ်ပြီး ဒီနဂါးကို အလေးအမြတ်ထားတဲ့ ရွှေနဲ့ တွဲဖက်ကာ ရွှေနဂါးဆိုပြီး တွဲဖက်သမုတ်ကြလေ့ ရှိပါတယ်။ အရေးပါတဲ့နေရာတွေမှာ အလှဆင်ရာမှာလည်း နဂါးကို ရွှေရောင် ( သို့ ) ရွှေသားတွေနဲ့သာ ပုံဖော်ဖန်တီးကြလေ့ ရှိပါတယ်။ နှစ်သစ်ကူးကာလ အပြန်အလှန် မုန့်ဖိုးပေးရာမှာ အသုံးပြုတဲ့ ဟုန်ပေါင် ( ခေါ်  )အန်ပေါင်းကိုလည်း အနီရောင်ပေါ်မှာ ရွှေစာလုံးတွေနဲ့ အလှဆင်ကြလေ့ရှိပြီး ဒါကလည်း ရွှေနဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အချက် ဖြစ်ပါတယ်။ အခုဖော်ပြခဲ့တာတွေကတော့ တရုတ်လူမျိုးတွေရဲ့ ရွှေအပေါ် အလေးထားပုံတွေ ဖြစ်ပါတယ်။ ဖတ်ရှုရင်း ဗဟုသုတရလိမ့်မယ်လို့လည်း ယုံကြည်မိပါတယ်။