ပြည်ပသတင်း

ရွှေနဲ့လုပ်ထားတဲ့ တန်ဖိုးအကြီးဆုံးခရစ်စမတ်သစ်ပင်

Xmas Gold Tree

ဂျာမနီနိုင်ငံမှာ ရွှေနဲ့ပြုလုပ်ထားတဲ့ တန်ဖိုးအကြီးဆုံး ခရစ်စမတ်သစ်ပင်ကို ဖန်တီးနေတယ်လို့ သိရပါတယ်။ ဆောင်းရာသီအားလပ်ရက်တွေအတွင်းမှာ ခရစ်စမတ်ကိုဂုဏ်ပြုတဲ့အနေနဲ့ ခရစ်စမစ်သစ်ပင် ဖန်တီးတဲ့ပြိုင်ပွဲတွေကို ပြုလုပ်နေကြသလို ဂျာမနီနိုင်ငံမှာလည်း အမေရိကန်ဒေါ်လာ 2 ဒဿမ 6 သန်း တန်ဖိုးရှိတဲ့ အကောင်းဆုံးရွှေတွေနဲ့ ဖန်တီးပြုလုပ်နေတာ ဖြစ်ပါတယ်။ ဖန်တီးသူတွေကတော့ ဥရောပရဲ့ တန်ဖိုးအကြီးဆုံးခရစ်စမတ်သစ်ပင်လို့ နာမည်ပေးထားကြပါတယ်။
ဒီသစ်ပင်ကို အရည်အသွေးကောင်းလှတဲ့ Vienna Philharmonic တွေနဲ့ ဖန်တီးပြုလုပ်နေတာဖြစ်ပြီး Vienna Philharmonic ဒင်္ဂါးအမျိုးအစားဟာရွှေအရည်အသွေးအလွန်ပြည့်ဝတဲ့အမျိုးအစားဖြစ်ပါတယ်။
ခရစ်စမတ်သစ်ပင်ရဲ့ ထိပ်ဆုံးမှာရှိတဲ့ ရွှေကြယ်ကိုတော့ ရွှေဒင်္ဂါးပေါင်း 20 အောင်စနဲ့ ဖန်တီးပြုလုပ်သွားမှာဖြစ်ပါတယ်။ အောက်ခံအနေနဲ့ ပလတ်စတစ်ကို အသုံးပြုကာ ခရစ်စမတ်သစ်ပင်ပုံစံပုံဖော် ဖန်တီးခဲ့ပြီး တစ်နာရီကျော်ကြာ ရွှေဒင်္ဂါးတွေနဲ့ အလှဆင်ဖန်တီးခဲ့ရာမှာတော့ ခရစ်စမတ်သစ်ပင်ပုံစံ ရုပ်လုံး ပေါ် လာခဲ့တယ်လို့ ဆိုပါတယ်။
ဖန်တီးမှုအားလုံးပြီးစီးရင်တော့ ဒီခရစ်စမတ်သစ်ပင်ရဲ့ အလေးချိန်ဟာ သန့်စင်တဲ့ရွှေတွေနဲ့ အလေးချိန် 63 ကီလိုဂရမ်ထိ ရှိမှာလည်းဖြစ်ပါတယ်။
ဒီရွှေသစ်ပင်ဖန်တီးမှုကို ဂျာမနီနိုင်ငံ၊ မြူးနစ်အခြေစိုက် ရွှေရောင်းဝယ်ရေးကုမ္ပဏီ Pro Aurum က ပံ့ပိုးပေးတာ
ဖြစ်ပြီး သစ်ပင်ရဲ့ အမြင့်က 3 မီတာခန့်ရှိမှာလည်း ဖြစ်ပါတယ်။

Pro Aurum ကုမ္ပဏီဟာ ဒီတန်ဖိုးကြီးခရစ်စမစ်သစ်ပင် ကို ဖန်တီးနိုင်ဖို့ သြစတြေးလျဒင်္ဂါးထုတ်လုပ်တဲ့
Australia Mint Company နဲ့ ပူးပေါင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါဟာ အထူးပြုလုပ်ထားတဲ့ စပယ်ရှယ်သစ်ပင်ဖြစ်ပြီး အဓိကကတော့ တန်ဖိုးဖြစ်တယ်လို့ Pro Aurum ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘန်ဂျမင်ဆမ်မာက ပြောကြားခဲ့ပါတယ်။ လတ်တလော စျေး ကွက်အတွင်းက ရွှေစျေးအနေအထားအရ သစ်ပင်ရဲ့ တန်ဖိုးဟာ
ယူရို 2 ဒဿမ 3 သန်း ဒါမှမဟုတ် အမေရိကန်ဒေါ်လာ 2 ဒဿမ 6 သန်း တန်ဖိုး ရှိမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ Pro Aurum ကုမ္ပဏီအနေနဲ့ ဒီလုပ်ဆောင်မှုကြောင့် ရွှေစျေးကွက်တိုးတက်လာဖို့ ရည်မှန်းထားသလို တန်ဖိုးရှိတဲ့ ခရစ်စမတ်သစ်ပင်အဖြစ် အမှတ်တရရှိနေစေချင်တယ်လို့လည်း ဆိုပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ဆမ်မာက
အခုနှစ် ပထမနှစ်ဝက်ကာလမှာ ရွှေစျေးကွက်အတွင်း စိန်ခေါ်မှုတွေ ရှိခဲ့ပြီး ရွှေစျေးနှုန်းကလည်း လပေါင်းများစွာ
ကျဆင်းနေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ စျေးကွက်အတွင်း အပြောင်းအလဲမရှိသလို ဝယ်လိုအားကလည်း နည်းပါးနေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကျန်နှစ်ဝက်မှာ တော့ ပြန်လည်တိုးတက်လာခဲ့ပြီး စျေးကွက်အတွင်းမှာလည်း ပြန်လည်အသက်ဝင်လာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။