ဆောင်းပါး, ပညာရေး

ရွှေစုခြင်းနှင့် ရွှေကစားခြင်း ဘယ်လိုကွာခြားတာလဲ?

Saving vs. Gamble

ရွှေစုခြင်းနှင့် ရွှေကစားခြင်းဆိုတဲ့ ဒီအသုံးအနှုန်းလေးကို စာအုပ်တွေထဲမှာရော အရပ်ထဲမှာရော မြင်ဖူးကြားဖူးကြမှာ ပါနော်။ တစ်ချို့လူတွေကလည်း ရွှေစုတယ်ပြောတယ် တစ်ချို့ကကျတော့လည်း ရွှေကစားတယ် အမျိုးမျိုး သုံးနှုန်းကြလေ့ရှိပါတယ်။ ဒါဆို ဒီစကားလုံးလေးတွရဲ့ အဓိပ္ပာယ်လေးတွေကရော ဘယ်လိုမျိုးလဲ ? တူညီမှုရှိလား ? ရွှေစုတယ်ဆိုတာ ဘယ်လိုလုပ်ဆောင်ချက်မျိုးလဲ ? ရွေကစားတယ်ဆိုတာကရော ဘယ်လိုမျိုးကို ပြောတာလဲဆိုတာကို စာရေးသူသိသလောက် ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်နော် . . သာမာန်အရပ်သူ အရပ်သားတစ်ချို့အနေနဲ့ ကတော့ သေချာတဲ့ လေ့လာမှုမရှိပဲ ရွှေတွေကစားတာက ကိုယ့်မှာရှိတဲ့ငွေကို လျော့နည်း စေပါတယ်။ ဟိုသတင်းတော့ ကြားတယ်  ဟိုနိုင်ငံတွေမှာ ဘာတွေဖြစ်ကုန်လို့ ရွှေဈေးကျတာနဲ့တူတယ် အစရှိသဖြင့်  သတင်းတစ်ချို့ကြားတာနဲ့ ဝယ်ထားလိုက်ကြပါတယ်။ ပြီးတာနဲ့ ဘာမှမကြာပဲ ရွှေတွေပြန်ထုတ် ရောင်းကြ ပြန်ပါတယ်။ အဲ့လိုလုပ်တာမျိုးကတော့ ရွှေကစားတာပဲ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ချက်မျိုးက ရွှေစုတာ မဟုတ်ပါဘူးနော်။ အမြတ်လေးနည်းနည်းပြန်ထွက်တာကို သဘောကျနေမိရင် နောင်လာမယ့် တစ်ချိန်ချိန်မှာ ဆုံးရှုံးနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ရွှေဈေးက နည်းနည်းချင်းစီတော့ တက်သွားတဲ့ သဘောမှာ ရှိပါတယ်။ ဈေးအတက်အကျ ကြမ်းတာတော့ မရှိသလောက်ပါပဲ။ အဲ့တော့ ကိုယ်ကမလိုအပ်ပဲ ကိုယ်ဝယ်တဲ့ ဈေးထက် နည်းနည်းတက်တာနဲ့ ရောင်းလိုက်မယ်ဆိုရင် အမြတ်မဟုတ်ပါဘူး။ ပုံမှန်ကြည့်ရင်တော့ မြတ်သယောင်ယောင်နဲ့ တကယ်က ရှုံးပါတယ်။ လွယ်ကူတဲ့ ဥပမာတစ်ခုလောက် ကြည့်ကြည့်ကြရအောင်နော်။ ကိုယ်ဝယ်တုန်းက ရွှေက ၁,၁၅၀,၀၀၀ ကျပ်ပါ ရွှေဈေး ၁,၁၇၀,၀၀၀ လည်းဖြစ်ရော မြတ်ပြီဆိုပြီး ပြန်ရောင်းချလိုက်ရော ပြီးတော့ သိပ်မကြာပါဘူး ရွှေေကစားဖို့အတွက် ရွှေပြန်ဝယ်မယ်လည်းဆိုရော ၁,၂၅၀,၀၀၀ ဖြစ်နေပြီ အဲ့တော့ ၁,၁၅၀,၀၀၀ နဲ့ဝယ်ထားတဲ့ ရွှေက မရှိတော့ပဲ ၁,၂၅၀,၀၀၀ နဲ့ ပြန်ဝယ်နေရပြီ။ ခဏတာအမြတ်ကလေးကို တကယ့်အမြတ်မှတ်ပြီး သတိမမူမိတတ်ကြပါဘူး။ ဒါကတော့ ကိုယ်ရဲ့ ငွေလေးတိုးချင်တယ်ဆိုပြီး  ရွှေကစားခြင်းမှရလာနိုင်တဲ့ အကျိုးအပြစ်တွေပဲ ဖြစ်ပါတယ်။ တကယ်တော့ ရွှေဟာ မှန်မှန်ကန်ကန် အသုံးချတတ်မယ်ဆိုရင် လိုတိုင်းတပြီး ရနိုင်မဲ့ ရွှေအိုးကြီးပဲဖြစ်ပါတယ်။

ရွှေအိုးကြီး ဖြစ်အောင်တော့ စုဆောင်းဖို့ လိုပါတယ်။ လွယ်လွယ်ကူကူ အရှင်းဆုံး တိုတိုပြောရရင်တော့ ရွှေစုခြင်း ဆိုတာဟာ ကိုယ်ရထားတဲ့ ပိုက်ဆံလေးတွေကနေ ရသလောက် ရွှေလေးတွေ ဝယ်ထားရင်း နည်းနည်းကနေ များများရနိုင် သလောက် စုသွားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ရွှေစုခြင်းပဲ ဖြစ်ပါတယ်။ ဒီလို ရွှေတွေ စုနေတာဟာ ဘယ်လို အကျိုးတွေဖြစ်လာနိုင်လို့လဲ ငွေတွေအိပ်နေတယ်လို့တွေးထင်ကြနိုင်ပါတယ်။ တကယ်တော့ ရွှေအိုးကြီး ပြည့်လာလေ ကိုယ်လိုချင်တာတွေ အားလုံးရနိုင်လေပဲ ဖြစ်ပါတယ်။ လုပ်ငန်းတည်ထောင် တာပဲဖြစ်ဖြစ် တိုက်ဝယ် ကားဝယ် ခြံဝယ် တစ်ခြားသော ဘယ်လိုအရာဝတ္ထုမျိုးပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ငွေအရေးပေါ်လိုရင်လည်း  လဲလှယ်ရယူနိုင်သော တန်ဖိုးရှိသော  သတ္တုတစ်မျိုးပဲဖြစ်ပါတယ်။

ခုလိုမျိုး အရေးတကြီး လိုအပ်လာပြီ ဆိုမှ ထုတ်ရောင်းတာကို ရွှေစုတယ်လို့ခေါ်ပါတယ်။ အရင်က ရွှေကိုဒီအတိုင်းထားထား တာက ငွေအိပ်တယ်လို့ ထင်နိုင်စရာဖြစ်ပေမဲ့ တကယ့် တကယ်မှာတော့ နဂိုရှိရင်းစွဲ ငွေပမာဏထက် တောင် များနှင့်နေပြီးသားဖြစ်လို့နေပါတယ်နော်။ အခုလောက်ဆိုရင် ရွှေချစ် မိတ်ဆွေများလည်း ရွှေကစားတာနဲ့ ရွှေစုတာကို ကွဲကွဲပြားပြားသိလောက်ပြီပေါ့။ ရွှေတွေစုရင်း လိုတရ ရွှေအိုးကြီး မြန်မြန် ပြည့်နိုင်ကြ ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။