ကျောက်မျက်အကြောင်းသိကောင်းစရာ, ဆောင်းပါး, ပညာရေး

ကျောက်စိမ်းနှင့် မြန်မာ ဆက်နွယ်ပုံနှင့်ထွန်းကားလာသောစျေးကွက်

Myanmar Jade 1

သုတေသီများ အဆိုအရ ၁၃ ရာစုလောက်တွင် ကျောက်စိမ်းသမိုင်းနှင့် ပတ်သက်၍ ကံအားလျော်စွာ စတင်တွေ့ရှိခဲ့ကြသည်။ တရုတ်ကောင်စီဝင်တစ်ဦး ဖြစ်သည့် ‘ မစ္စတာဝါရီ ‘၏ မှတ်တမ်းအရ ယူနန်တရုတ်ကုန်သည် တစ်ဦးသည် မြန်မာ – တရုတ်နယ်စပ်မှ ဖြတ်အပြန် လမ်းခရီး တစ်နေရာ ရောက်သောအခါ လား၏ ကျောပေါ်မှ ကုန်ပစ္စည်းများ ဟန်ချက်ညီအောင် ကျောက်တုံးတစ်တုံး ကောက်တင်ခဲ့သည်။ တရုတ်ပြည်သို့ ပြန်ရောက်သောအခါ ထိုကျောက်တုံးမှာ အဖိုးတန်ကျောက်စိမ်းတုံးကြီး ဖြစ်နေသည်ကို တွေ့ကြရသည်ဆို၏ ။

ထို့ကြောင့် ထိုကျောက်တုံးတွေ့ရှိရာ အရပ်သို့ လူအများစုဝေး လာရောက် ရှာဖွေခဲ့ကြသည်။ သို့သော် နောက်ထပ် မရရှိကြတော့ချေ။ ၁၄ ရာစုနှစ်တွင် ယူနန်အစိုးရက အဖွဲ့တစ်ဖွဲ့ လွှတ်၍ ကြိုးစား ရှာဖွေကြပြန်သော်လည်း အဆင်မပြေကြချေ။ ၁၈ ရာစုနောက်ပိုင်း ရောက်မှ မြန်မာနှင့် တရုတ်ကျောက်စိမ်းရောင်းဝယ်ရေး ပုံမှန်စျေးကို စတင်ခဲ့ကြသည်ကို မစ္စတာဝါရီက မှတ်တမ်းပြုထားသည်။ ဘိုးတော်ဘုရားလက်ထက် တရုတ် – မြန်မာဆက်ဆံရေး ကောင်းမွန်ပြီး လက်ဆောင်ပဏ္ဏာများ တစ်ပြည်နှင့် တစ်ပြည် ပေးရာတွင် မြန်မာ့ကျောက်စိမ်းများ ပါဝင်ခဲ့ကြသည်။ ထိုနည်းဖြင့် တရုတ်တို့သည် မြန်မာ့ကျောက်စိမ်း အကြောင်းကို တစ်စတစ်စသိရှိလာခဲ့ကြပြီး တရုတ်ပြည် ကန်တုန်စျေးကွက်တွင် မြန်မာ့ကျောက်စိမ်းကို လူကြိုက်များလှသဖြင့် တန်ဖိုးများစွာ မြင့်တက်လာခဲ့သည်။ ကန်တုန်တရုတ်ကုန်သည်များသည် ၁၈၆၁ ခုနှစ်တွင် မန္တလေးနေပြည်တော်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာကြပြီး ကျောက်စိမ်းလက်ကျန် အားလုံးကို ဝယ်ယူကာ ရေလမ်းခရီးဖြင့် တရုတ်ပြည်သို့ ဆောင်ယူသွားခဲ့ကြသည်။ ထို့နောက် ကန်တုန်နယ်သားနှင့် ယူနန်နယ်သား အများအပြား မန္တလေးသို့ တစ်သုတ်ပြီး တစ်သုတ် ရောက်လာကြပြီး ကျောက်စိမ်းအဝယ်ဒိုင်များဖွင့်လှစ်ဝယ်ယူကြသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် ကျောက်စိမ်းဖြတ်သော၊ သွေးသောလုပ်ငန်းများပါ ထွန်းကားခဲ့တော့သည်။

ကျောက်မျက်ရတနာလုပ်ငန်းသည် ၁၉၆၂ ခုနှစ် မတိုင်မီက  အရင်းရှင်လုပ်ငန်းဖြစ်သော်လည်း ၁၉၆၄ ခုနှစ် မှ စတင်ပြီး ပြည်သူပိုင် လုပ်ခဲ့ပြီးနောက် နိုင်ငံခြားငွေ အများဆုံး ရှာဖွေပေးသော ကဏ္ဍမှာ ကျောက်စိမ်းက အဓိက ဖြစ်ခဲ့သည်။ ထိုခေတ်အချိန်က ကျောက်စိမ်းဆင်ရုပ်အတွဲကလေးများကပင် ဆင်အရှင်၏ တန်ဖိုးထက် မြင့်သည်ဟု ဆိုကြသည်။ ဒါ့အပြင် ဟောင်ကောင်၊ လန်ဒန်၊ ဇူးရစ်၊ ပြင်သစ် အစရှိသော ကမ္ဘာ့ကျောက်မျက်ရတနာစျေးကွက်များကပါ မြန်မာ့ကျောက်စိမ်းကို တရားဝင်ရော မှောင်ခိုလမ်းများမှပါ အလုအယက် ဝယ်ယူနေကြသည်။ မြန်မာ့တွင်းထွက်ရတနာများအနက် ကျောက်စိမ်းသည် တိုင်းပြည်အတွက် ဝင်ငွေအကောင်းဆုံးရတနာ ဖြစ်ပါတော့သည်။