နိုင်ငံတကာစီးပွားရေးအရ ကူးသန်းရောင်းဝယ်ရေးသည် လွန်ခဲ့သောရာစုနှစ်များစွာကတည်းကပင် ကမ္ဘာနှင့်တစ်ဝှမ်းတွင် မိမိတို့ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်များနှင့် အဖိုးတန်ရေနံနှင့် ရွှေ၊ ငွေ သယံဇာတပစ္စည်းများကိုတခြားနိုင်ငံများသို့တင်ပို့ခြင်းအားဖြင့်လည်းကောင်း၊ မိမိတို့နိုင်ငံ၏လိုအပ်ချက်များကိုလည်း အခြားနိုင်ငံများမှပြန်လည်တင်သွင်းခြင်းဖြင့် စီးပွားရေးအကျိုးဖက်များအနေဖြင့် ကူးသန်းရောင်းဝယ်ခြင်းကို လုပ်ဆောင်ခဲ့ကြသည်။ အခြေခံအားဖြင့်သွင်းကုန်၊ ပို့ကုန်များကိုအမျိုးအစားနှစ်မျိုးခွဲနိုင်သည်။
၁။ စက်မှုလက်မှုနှင့်လူသုံးကုန်ပစ္စည်းများ
၂။ အလယ်အလတ်ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများ ဟူ၍နှစ်မျိုးသတ်မှတ်နိုင်သည်။
စက်မှုလက်မှုနှင့်လူသုံးကုန်ပစ္စည်းများဟု ဆိုရာတွင် စက်ရုံများအတွက် ကုန်ကြမ်းများနှင့် အခြေခံ စားသောက်ကုန် ပစ္စည်းများကို ဆိုလိုသည်။ အလယ်အလတ် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများတွင် တစ်စိတ် တစ်ပိုင်းအပြီးသတ်ထားသော ကုန်ပစ္စည်းများနှင့် နောက်ဆုံး အချောသတ်ထားသော ကုန်ပစ္စည်း၊ စက်ကိရိယာများကိုဆိုလိုသည်။ ယခုအခါ အခြေခံသွင်းကုန်၊ ပို့ကုန်များ အပြင် ကမ္ဘာတစ်ဝှမ်းလုံးတွင် မိမိတို့နိုင်ငံအလိုက် အဖိုးတန် သယံဇာတတွင်းထွက်များကိုပါ နိုင်ငံအလိုက်ချမှတ်ထားသော ဥပဒေစည်းကမ်းများနှင့်အညီကုန်သွယ်ခြင်းဖြင့်လည်း နိုင်ငံ့ဝင်ငွေတိုးတက်စေရန် ကူးသန်းရောင်းဝယ်မှုများကို တိုးချဲ့လုပ်ဆောင်နေကြပြီဖြစ်သည်။
စီးပွားရေးအရအမြတ်အစွန်းများကို တိုးချဲ့လိုပါက ကုန်ပစ္စည်း ( သို့မဟုတ် ) ကုန်ကြမ်းများတင်ပို့ခြင်းသည် စီးပွားရေးရည်မှန်းချက်ပြည့်မီရန် အလားအလာရှိသော လမ်းကြောင်းတစ်ခုဖြစ်သည်။ ထို့အတူ နိုင်ငံခြားမှ ကုန်ပစ္စည်းများကို နိုင်ငံတွင်းသို့တင်သွင်းခြင်းဖြင့် ဈေးသက်သာခြင်း၊ အရည်အသွေးမြင့်မားသော ကုန်ပစ္စည်းများ ကိုရရှိနိုင်သည်သာမက အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးသဘောတူညီချက်များဆိုင်ရာ အကျိုးကျေးဇူးများစွာ ကိုလည်းရရှိသည်။ ထို့ကြောင့် သွင်းကုန်တင်သွင်းမှုသည်အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ပြည်ပ ဈေးကွက်များသို့ ရောက်ရှိစေခြင်းဖြင့် နိုင်ငံ့စီးပွားရေးတိုးတက်ဖွံ့ဖြိုးစေရန် အကူအညီပေးနိုင်သည်။ နိုင်ငံတွင်းမှ ထုတ်ကုန်များကို တင်ပို့ခြင်းသည်လည်း စီးပွားရေးအရအရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်သည်နှင့်အညီ ပြည်ပနိုင်ငံများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက အလတ်စားနှင့် အကြီးစားစီးပွားရေးလုပ်ငန်းများ အဖြစ် ဦးတည်လာနိုင်စေသည်။ ထို့ကြောင့် သွင်းကုန်၊ ပို့ကုန်၊ ကူးသန်းရောင်းဝယ်ရေးသည် ယနေ့ခေတ်တွင် ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်နေကြသော လုပ်ငန်းတစ်ခုအဖြစ်တည်ရှိလျှက်ရှိသည်။
နိုင်ငံတကာ သွင်းကုန်၊ ပို့ကုန် စီးပွားရေး တိုးတက်လာခြင်းနှင့်အတူ နိုင်ငံတကာငွေလွှဲနှုန်း၏ အရေးပါမှု အခန်းကဏ္ဍမှာလည်းဖွံဖြိုးတိုးတက်လာသည်။ သွင်းကုန်များ မြင့်မားခြင်းနှင့် ကုန်သွယ်ရေးလို ငွေပြမှု ကြီးထွား လာခြင်းတို့သည် နိုင်ငံ၏ ငွေလဲနှုန်းအပေါ်ဆိုးကျိုးသက်ရောက်နိုင်သည်။ အားနည်းသောပြည်တွင်းငွေကြေးသည် ပို့ကုန်ကိုလှုံဆော်ပြီး တင်သွင်းမှုကိုပိုမိုဈေးကြီးစေသည်။ အပြန်အလှန်အားဖြင့်ခိုင်မာသော ပြည်တွင်းငွေကြေးသည် တင်ပို့မှုကို အဟန့်အတားဖြစ်စေပြီး တင်သွင်းမှုကိုပိုမိုသက်သာစေသည်။
ယခုအခါတွင် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံတကာငွေကြေးလဲလှယ်မှုထက် ပိုမိုခိုင်မာမှုရှိသော ရွှေဈေးကိုစံထား၍ တန်ဖိုးသတ်မှတ်လာကြသည်။ ၎င်းသည် နိုင်ငံခြားငွေလဲလှယ်မှုနှင့် ကုန်သွယ်ရေး ငွေကြေးအား ပိုမိုခိုင်မာမှုရှိစေမည်ဟု ယူဆကြသည်။ ယူအပ်စ်ဒေါ်လာအပါအဝင် အခြားငွေကြေးများသည် မတည်ငြိမ်မှုဖြစ်လေ့ရှိသဖြင့် ရွှေစံချိန်စံညွှန်းသည် ခိုင်မာမှုအရှိဆုံးဖြစ်ကြောင်း လက်ခံလာကြသည်။ လွန်ခဲ့သောနှစ်များကတည်းက ငွေကြေးများကို Back Up လုပ်ရန်ရွှေကိုစတင် အသုံးပြုခဲ့ကြသည်။ ဘိုင်ဇင်တိုင်း အင်ပါယာအစောပိုင်းကရွှေကိုငွေကြေးအမြောက်အမြားထောက်ပံ့ရန်အသုံးပြုခဲ့ကြသည်။ ရွှေကို ၂၀ ရာစုနှစ် တစ်လျှောက်လုံး တွင်လည်း ကမ္ဘာ့အရံငွေအဖြစ်အသုံးပြုခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုသည် ၁၉၇၁ ခုနှစ် သမ္မတနစ်ဆင် လက်ထက်တည်းကပင် ရွှေစံချိန်စံညွှန်းကို အသုံးပြုခဲ့ကြသည်။ ရွှေစံနှုန်းကို မပယ်ဖျတ်မီ တိုင်းပြည်များသည် သူတို့၏ငွေကြေးတန်ဖိုးစက္ကူငွေများကို ၎င်းတို့ သိုလှောင်ထားသော ပမာဏအတိုင်းအစ ညီမျှသော ရွှေဖြင့် အရံသင့်ထားရသည်။ တစ်နည်းအားဖြင့် ငွေကြေးဖောင်းပွမှုကို တားဆီးရန်ရွှေကိုအသုံးပြုခြင်းလည်း ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများသည် ပုံမှန်အားဖြင့် တိုင်းပြည်တွင်း ငွေကြေးဖောင်း ပွမှုမြင့်မားနေချိန်တွင် ရွှေအမြောက်အမြားကို ဝယ်ယူလေ့ရှိသည်။ ငွေကြေးဖောင်းပွမှုကာလအတွင်း ရွှေသည်အခြားငွေကြေး အမျိုးအစားများထက် တန်ဖိုးကိုပိုမိုကောင်းမွန်အောင်ထိန်းသိန်းနိုင်သည်။ ဥပမာအားဖြင့် ၂၀၁၁ ခုနှစ် ဧပြီလတွင် ရင်းနှီးမြှုပ်နံသူ များက ငွေကြေးတန်ဖိုးကျဆင်းမှုကို ကြောက်ရွံကာ ရွှေများအမြောက်အမြားဝယ်ယူလာမှုကြောင့် ရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ ၁၅၀၀ အထိ မြင့်သွားခဲ့သည်။ ဤအချက်က ကမ္ဘာ့ဈေးကွက်တွင် ငွေကြေးအပေါ် ယုံကြည်မှုအနည်းငယ်သာရှိခြင်းနှင့် ငွေကြေးဈေးကွက်တည်ငြိမ်မှုမရှိသေးကြောင်းကို ပြသနေသကဲ့သို့ဖြစ်သည်။ ရွှေဈေးနှုန်းသည် ၎င်းကို တင်သွင်းတင်ပို့သော နိုင်ငံများအပေါ်အကျိုးသက်ရောက်သည်။ နိုင်ငံ၏ငွေကြေး တန်ဖိုး သည် ၎င်း၏သွင်းကုန် ပို့ကုန်များနှင့်ဆက်စပ်နေသည်။ တိုင်းပြည်တစ်ပြည်တွင် ကုန်ပစ္စည်းများကို တင်ပို့သင့်တာ ထက်ပို၍ တင်သွင်းပါက ၎င်းတိုင်းပြည်၏ ငွေကြေးတန်ဖိုးကျသွားနိုင်သည်။ အခြားတစ်ဖက်တွင်မူ ၎င်းတိုင်းပြည်သည် အသားတင် တင်ပို့သည့်နိုင်ငံဖြစ်လျှင် ထိုတိုင်းပြည်၏ ငွေကြေးတန်ဖိုးလည်း တိုးလာလိမ့်မည် ဖြစ်သည်။
ရွှေဝယ်ယူခြင်းသည် ၎င်းအားဝယ်ယူရန် အသုံးပြုသောငွေကြေးတန်ဖိုးကို လျော့ချရန်ဖြစ်သည်။ ဗဟိုဘဏ်များက ရွှေကိုဝယ်ယူသောအခါ ၎င်းသည် ပြည်တွင်းငွေကြေးဝယ်လိုအားနှင့် ရောင်းလိုအားကို အကျိုးသက် ရောက်စေပြီး ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေနိုင်သဖြင့် ဘဏ်များသည်ရွှေဝယ်ရန်အတွက် ပိုက်ဆံများအား ပိုမို ပုံနှိပ်ခြင်းအပေါ် မှီခိုအားထားခြင်းအားဖြင့် ကောင်းမွန်သော ငွေကြေးပမာဏကို ထိန်းချုပ်ရန် ရည်ရွယ်ကြသည်။ ယခုတိုင် ရွှေသည် ကမ္ဘာ့ငွေကြေးဈေးကွက်အပေါ် သွင်းကုန်ပို့ကုန်များကိုအခြေခံ၍ တန်ဖိုးအားဖြင့်များစွာ သက်ရောက်မှုရှိနေဆဲဖြစ်သည်။ ထို့ကြောင့် ရွှေကိုဝယ်ယူစုဆောင်းခြင်းသည် စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့်လည်းကောင်း၊ နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်တွင်လည်းခိုင်မာမှုရှိပြီး ငွေကြေးဖောင်းပွမှုကိုမဖြစ်ပဲ ရေရှည် တည်တံ့မည့် ရင်းနှီးမြှုပ်နှံမှုသတ္တုတစ်ခု ဖြစ်ကြောင်း လေ့လာတင်ပြလိုက်ပါသည်။