ဆောင်းပါး, ပြည်တွင်းသတင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စံချိန်မီ ငါးမူးသား ရွှေဒင်္ဂါးကို ပုံစံသစ်ဖြင့် ရောင်းချ

U Hton Goldsmith 8G CBM Gold Coin

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဈေးကွက်မှာ အ၀ယ်များနေတဲ့ ငါးမူးသား ရွှေဒင်္ဂါးကို ပုံစံအသစ်နဲ့ ရောင်းချတော့မှာဖြစ်ပါတယ်။ တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား စံချိန်မီ ရွှေဒင်္ဂါးများထဲမှ တစ်မတ်သား နှင့် တစ်ကျပ်သားရွှေဒင်္ဂါး ပုံစံသစ်များကို 2018 ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ပါတယ်။ ယခုအခါမှာ ငါးမူးသားရွှေဒင်္ဂါးကို ပုံစံအသစ်နဲ့ ပြောင်းလဲရောင်းချသွားမှာ ဖြစ်ပါတယ်။ ထိုဒီဇိုင်းပုံအသစ်အတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံများကို သွန်းလောင်းသွားမှာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က 1991 ခုနှစ်ကတည်းကစတင်၍ တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သားစတဲ့ ရွှေဒင်္ဂါးတွေကို ရောင်းချခဲ့သည်မှာ ယခုဆိုလျှင် ဆယ်စုနှစ် 3 စု ဆီသို့ ရောက်ရှိလာပါပြီ။ ရွှေဒင်္ဂါးတစ်ကျပ်သားဟာဆိုရင်တော့ 16.329 ဂရမ်နဲ့ ညီပါတယ်။ လောလောဆယ်မှာတော့ တစ်ကျပ်သား ရွှေဒင်္ဂါးကို ကြယ်တစ်ပွင့်ပုံ သွန်းလောင်းထားပြီး တစ်မတ်သားရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် သစ်ဆွဲနေသော ဆင်ပုံများနဲ့ ငါးမူးသားရွှေဒင်္ဂါးတွေကိုတော့ လယ်ထွန်နေတဲ့ပုံ စသဖြင့် အသီးသီး သွန်းလောင်းထားပါတယ်။

အသစ်သွန်းလောင်းထားသည့် တစ်ကျပ်သားရွှေဒင်္ဂါးမှာ အချင်း 26 မီလီမီတာနဲ့ အထူ 2 မီလီမီတာရှိပြီး အသစ်သွန်းလောင်းမည့် ငါးမူးသားရွှေဒင်္ဂါးမှာ အချင်း 22 မီလီမီတာနဲ့ အထူ 1.5 မီလီမီတာရှိပါတယ်။ ဒင်္ဂါး၏မျက်နှာပိုင်းဗဟိုမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ပုံ၏အောက်တွင် အောင်ဆန်းအမည်ပါရှိမှာ ဖြစ်ပါတယ်။ ဒင်္ဂါးရဲ့တစ်ဖက်မှာ “Central Bank of Myanmar” ၊ “8.164 gm 999.9 Fine Gold” ဟု အင်္ဂလိပ်စာလုံးနဲ့ ရေးသားထားမှာဖြစ်ပြီး အခြားတစ်ဖက်မှာတော့ “ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၂၀၁၉ ငါးမူးသား၊ ၉၉၉.၉ သန့် စင်ရွှေ” ဟု မြန်မာစာလုံးဖြင့်ဖော်ပြထားမှာ ဖြစ်ပါတယ်။ ငါးမူးသားရွှေဒင်္ဂါးဝယ်ယူတဲ့အခါ ရွှေဒင်္ဂါးပြားနဲ့အတူ ဗဟိုဘဏ်ဥက္ကဌနဲ့ သွန်းလောင်းသော ဌာနအကြီးအကဲတို့ ၏ မှန်ကန်ကြောင်းထောက်ခံချက်များ ပါရှိမှာဖြစ်ပါတယ်။ ငါးမူးသား ရွှေဒင်္ဂါးကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးတွေမှာရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာ အရောင်းပြခန်းတွေမှာ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ နေ့စဉ်ပေါက်ဈေးအပေါ် မူတည်ပြီး အလျော့တွက်နဲ့ ကုန်ကျစရိတ် ကျပ်၂၅၀၀၀ ထပ်ပေါင်း၍ ၀ယ်ယူရရှိနိုင်ပါတယ်။