ပြည်တွင်းသတင်း

ရွှေဈေးကွက် တန်ဖိုးနှုန်းထားများ ဖွင့်လှစ်မှုကို ဧပြီလ ၁၁ ရက်မှစ၍ ယာယီရပ်နားထားမည်

Gold Market in Myanmar are Now Closed

မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းမှ ရွှေလုပ်ငန်းရှင်များ အသင်းရုံးနှင့် နေ့စဉ် ရွှေဈေးကွက်
တန်ဖိုးနှုန်းထားများ ဖွင့်လှစ်မှုကို ဧပြီလ 11 ရက် မှ စတင်၍ ယာယီ ရပ်နားထားမည် ဖြစ်ကြောင်း သိရပါသည်။
ကိုရိုနာ ဗိုင်းရပ်ကာကွယ်တားဆီးနိုင်မှု အခြေအနေပေါ် မူတည်၍ ပြန်ဖွင့်မည့်ရက်ကို  ကြိုတင်ကြေငြာ ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးတင်ထွန်းက ပြောကြားခဲ့ကြောင်း
သိရပါသည်။
သင်္ကြန်ကာလအတွင်းတွင်လည်း သင်္ကြန်အကြိုနေ့ ဖြစ်သော ဧပြီလ 12 ရက်နေ့ သည် ယခင်ပိတ်နေကျအတိုင်း ပိတ်ခဲ့ခြင်း ဖြစ်ပြီး သင်္ကြန်ကာလနီးသည်အထိ ရွှေဈေးကွက်အား ဆက်လက်ဖွင့်လှစ်ထားရခြင်းမှာ ဈေးကွက်အတွင်းရှိ အရောင်းအဝယ် နှင့် နယ်ဒေသရှိ ကုန်သည်များ အဆင်ပြေစေရန် အတွက်သာဖြစ်ကြောင်း ဦးတင်ထွန်းက ဆက်လက် ရှင်းပြခဲ့ပါသည်။
ဈေးကွက်မဖွင့်ရင် ဈေးကွက်ထဲမှာအရောင်းအဝယ်တွေ အခက်အခဲဖြစ်မှာလည်း စိုးရိမ်တာရယ် ရန်ကုန်က
ရွှေအသင်းကလည်း ပိတ်ထားတယ်ဆိုပေမဲ့ ရွှေအရောင်းအဝယ်က ရှိနေသေးတော့ ဈေးကွက်ကို မန္တလေးကနေ လှမ်းထောက်ပံ့ပေးနေရတာရယ်ကြောင့်ပါ။ မန္တလေးပါ ပိတ်လိုက်မယ်ဆိုရင် ဈေးကွက်ထဲမှာ ရှိတဲ့ သူတွေ အခက်အခဲ ဖြစ်သွားမယ်။ နယ်ကလာတဲ့ ရွှေကုန်သည်ဆိုတာလည်း ဈေးကွက်နှုန်းထားရှိမှ ရွှေရောင်းပြီးမှ ငွေပေါ်မှာဆိုတော့ နယ်က ကုန်သည်တွေ အဆင်ပြေအောင်ပါ။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းသည် ပြီးခဲ့သော မတ်လ 29  ရက် က စတင်၍
ယာယီအကန့်အသတ်မရှိ ပိတ်ထား ခဲ့ပြီး ဖြစ်ပါတယ်။
မန္တလေးတိုင်း  ရွှေအသင်းရုံးသည် စျေးကွက်ဖော်ဆောင်ရာတွင် အသင်းသို့ ဝင်ရောက်လျှင် အပူချိန်စစ်ဆေးခြင်း၊လက်ကိုသန့်စင်အောင်ဆေးကြောခြင်း၊တစ်ဦးနဲ့တစ်ဦး 3 ပေကွာ သီးခြားထိုင်ခြင်းဖြင့် စနစ်တကျ လုပ်ဆောင်ထားကြောင်းသိရပါသည်။ နေ့စဉ်လူဝင်ရောက်မှု အရေအတွက်သည် 10 ဦးခန့် သာ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ထံမှ သိရှိရပါသည်။