ဆောင်းပါး

မြန်မာပြည်ရဲ့ ရွေးကောက်ပွဲနောက်ပိုင်း ပြည်တွင်းရွှေဈေးကွက်ခန့်မှန်းချက်အခြေအနေ

gold price prediction after myanmar election, u hton goldsmith , myanmar

 

ဒီတစ်ခေါက် မျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ မြန်မာနိုင်ငံရဲ့  နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး နောက်ပိုင်းမှာ ပြည်တွင်းရွှေဈေးခန့်မှန်းချက်လေးတွေပဲ ဖြစ်ပါတယ်။

လတ်တလော ကမ္ဘာ့ရွှေဈေးကွက်ကတော့ နိုဝင်ဘာလဆန်းက ကျင်းပခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲပြီးနောက် ရလဒ်ကြေညာပြီးချိန်မှာတော့ ဈေးနှုန်းဟာ အတက်ဘက်ကို ဦးတည်ခဲ့ပြီး မကြာခင်မှာပဲ Covid 19 ကာကွယ်ဆေးတွေ့ရှိမှု အခြေအနေကောင်းတယ်ဆိုတဲ့ သတင်းကောင်းပေါ်ထွက်ပြီးချိန်မှာတော့ ဈေးကွက်ရှယ်ယာလှုပ်ခတ်မှုများကြောင့် ရှယ်ယာဈေးကွက်ကို ပိုပြီးရင်းနှီးမြှုပ်နှံလာမှုများကြောင့် ရွှေဈေးဟာအကျဘက်ကို ရောက်ရှိခဲ့ပြန်ပါတယ်။

ကမ္ဘာ့ရွှေဈေးအတက်အကျဟာ အနည်းနဲ့အများဆိုသလို မြန်မာ့ရွှေဈေးကွက်အပေါ် သက်ရောက်မှုရှိပေမဲ့လည်း မြန်မာရွှေဈေးအတက်အကျဟာ သိသိသာသာကျဆင်းခြင်း မြင့်တက်ခြင်းတော့မဖြစ်ခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီးချိန်မှာတော့ မြန်မာရွှေဈေးဟာ ယခင်အကျ ဈေးထက်အနည်းငယ် အတက်ဘက်ကို ရောင်ခြည်သန်းလျှက်ရှိနေပါတယ်။ ( 23.11.2020 ) ရက်နေ့မှာတော့ ကမ္ဘာ့ရွှေဈေးဟာ 1872 ‌US dollar နဲ့ဈေးဖွင့်ခဲ့ပြီး ဒါဟာလွန်ခဲ့တဲ့ရက်သတ္တပတ်ထက် အနည်းမြင့်တက်လာတာကို မြင်တွေ့ခဲ့ရပြီလည်း ဖြစ်ပါတယ်။

ဒါဟာ မြန်မာရွှေဈေးကွက်အတွက်လည်း ပိုမိုတည်ငြိမ်တဲ့ ဈေးအခြေအနေကို မျှော်လင့်နိုင်ပြီလည်း ဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံရေးအခြေအနေအရလည်း ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာ ပိုပြီးတည်ငြိမ်လာသလို Covid 19 ရောဂါနဲ့ ပတ်သက်ပြီးတော့လည်း ထိန်းချုပ်မှုလုပ်ငန်းစဉ်များကလည်း ပုံမှန်အတိုင်းလည်ပတ်နေမှုကြောင့် စီးပွားရေးလုပ်ငန်းအများစုလည်း ဒီဇင်ဘာလဆန်းမှာ ပြန်လည်စတင်ဖို့ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။ မြန်မာ့ရွှေဈေးကွက်ဟာ လက်ရှိမှာ အရောင်းအဝယ်သွေးအေးနေပေမယ့် ယခင်အတိုင်း ပြန်လည်လည်ပတ်နိုင်ဖို့ အခြေအနေကောင်းနေပြီပဲ ဖြစ်ပါတယ်။ လုပ်ငန်းတွေ ပြန်လည် လည်ပတ်တဲ့အခါမှာ ရင်းနှီးမြှုပ်နံမှုအတွက် အရေးပါလှတဲ့ ရွှေဈေးကွက်အတွက် အရောင်းအဝယ်များကို မြင်တွေ့ရဖို့လည်းရှိနေပါတယ်။

Covid 19 ထိန်းချုပ်ကာကွယ်ရေးအတွက် လက်ရှိသတ်မှတ်ထားသော Stay Home ကာလ November 22 ရက်နေ့မှ December 5 ရက်နေ့နောက်ပိုင်းမှာတော့ မြန်မာရွှေဈေးကွက် ဦးမော့လာတော့မယ်လို့ ခန့်မှန်းချင်ပါတယ်။ ဒီတစ်ခေါက်မျှဝေပေးခဲ့တာလေးကတော့ ပြည်တွင်းရွှေဈေးကွက်ခန့်မှန်းချက် အခြေအနေလေးပဲ ဖြစ်ပါတယ်။ ပိုကောင်းပိုပြည့်စုံတဲ့ ဈေးကွက်ခန့်မှန်းချက် တွေ့ရှိချက်လေးတွေနဲ့အတူ ပြန်လာခဲ့ပါ့မယ်။ ဒါ့အပြင် မြန်မာနိုင်ငံသည် နိုင်ငံတကာ ရွှေစံချိန်စံနှုန်းအရ အရည်အသွေးပြည့်မှီသော ရွှေသတ္တုထွက်ရာဒေသတစ်ခုဖြစ်သည်နှင့်အညီ မြန်မာ့ရွှေဈေးကွက်ဟာလည်း အာမခံချက်ရှိသော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တာ‌ကြောင့် အကျိုးရှိစေဖို့ မျှော်လင့်လိုက်ပါတယ်။