ရွှေအကြောင်းသိကောင်းစရာ

ရွှေကိုပုံစံဘယ်နှစ်မျိုးနဲ့တွေ့နိုင်သလဲ?

types of physical gold, u hton goldsmith, myanmar

ဒီတစ်ခေါက်တင်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ ပုံမှန်ပြောပြပေးနေကျ ရွှေအကြောင်းမဟုတ်ဘဲ နိုင်ငံတစ်ဝှမ်းမှာတန်ဖိုးထားအသုံးပြုနေကြတဲ့ ရွှေကို ဘယ်လိုပုံစံတွေနဲ့အများဆုံးတွေ့ရ‌လဲ? မြန်မာနိုင်ငံမှာကော ဘယ်လိုပုံစံတွေနဲ့တွေ့ရ‌လေ့ရှိသလဲဆိုတဲ့အကြောင်းအရာလေးတွေကို ဗဟုသုတရဖွယ်ရှာဖွေတွေ့ရှိမှုလေးတွေ မျှဝေပေးချင်ပါတယ်နော်။
ရွှေဆိုတာစိတ်ဝင်စားဖွယ်ကောင်းသောရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများစွာရှိတဲ့သတ္တုတစ်မျိုးဖြစ်တာနဲ့အတူ  အလွယ်တကူပုံသွင်းနိုင်တဲ့ဒြပ်စင်တစ်မျိုးလဲဖြစ်သည်။ သိပ်သည်းဆအားဖြင့် ၁စတုရန်းစင်တီမီတာကို ၁၉.၃ ဂရမ် ရှိပြီး ငွေထက်သိပ်သည်းဆများကာ ပလက်တီနမ်ထက်သိပ်သည်းဆနည်းတဲ့ သတ္တုလည်းဖြစ်ပါတယ်။
ရွှေကိုလွန်ခဲ့တဲ့ထောင်စုနှစ်များစွာထဲကတန်ဖိုးအရှိဆုံးခိုင်မာသောငွေကြေးရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ ၎င်းကိုယခုအခါတွင်ပို၍တွင်ကျယ်စွာအသုံးပြုလာကြပြီးကမ္ဘာငွေကြေးဈေးကွက်တွင်အခြားတွင်းထွက်သယံဇာတများထက်ဝယ်လိုအားပိုများပြီးငွေကြေးဖောင်းပွမှုကိုထိန်းသိမ်းစရာစံနမူနာတစ်ခုအဖြစ်လည်းအသုံးပြုကြသည်။ရွှေသည်အခြားပစ္စည်းများနှင့်နှိုင်းယှဉ်လျှင်တန်ဖိုးနှင့်အလေးချိန်အချိုးအစားမြင့်မားသောကြောင့် အလွယ်တကူသယ်ဆောင်နိုင်ခြင်းမှာလည်း ၎င်း၏တန်ဖိုးကိုပိုမိုသိသာစေပါတယ်။
ရွှေသည်သဘာဝအားဖြင့်တူးဖော်တွေ့ရှိရာတွင်မသန့်စင်သောဒြပ်သတ္တုများဖြင့်ရောနှောနေတတ်သဖြင့်ပြန်လည်သန့်စင် စစ်ထုတ်ပြီးမှသာလျှင် ယခုအခါဈေးကွက်အတွင်း ရွှေပါဝင်မှုရာခိုင်နှုန်းအလိုက်သတ်မှတ်ပြီး တင်ပို့ရောင်းချနိုင်သော‌ အဆင့်သို့ရောက်ရှိလာခြင်းလည်းဖြစ်သည်။ ၎င်းကိုများသောအားဖြင့် ရွှေထွက်ရာတွင်း အနီးအနားရှိမြစ်များချောင်းများထဲတွင် အမှုန်အစလေးများအားစစ်ယူကျင်ယူခြင်းအားဖြင့်လည်းကောင်း၊ ရွှေကြောရွှေတွင်းများမှ တူးဖော်၍ သဘာဝအစိုင်အခဲများအနေဖြင့် ရောနှောပြီးလည်းတွေ့ရှိနိုင်သည်။
သန့်စင်ပြီးသားရွှေများကိုနိုင်ငံတကာတွင်ပုံစံအမျိုးမျိုးဖြင့်တွေ့နိုင်သည်။ တွေ့ရအများဆုံးပုံစံများမှာGold Jewelry ရွှေလက်ဝတ်တန်ဆာများ၊ Gold Coins ရွှေဒင်္ဂါးများ၊ Gold Bar ရွှေချောင်း (တစ်နည်းအားဖြင့်နိုင်ငံတကာတွင် Gold Bullion နှင့် Gold Ingot ဟုလည်း ရွှေချောင်းများကိုခေါ်သည်) နှင့် cut off gold pieces ရွှေဖြတ်စအပိုင်းအစများ စသည်တို့အနေဖြင့်တွေ့နိုင်သည်။
ရွှေလက်ဝတ်တန်ဆာများကို နိုင်ငံတကာစံနှုန်းများအရ Karat ဖြင့် သန့်စင်မှုရာခိုင်နှုန်းကိုဖော်ပြကြပြီး မြန်မာနိုင်ငံတွင် ပဲရည်ဖြင့်သုံးသည်။ သန့်စင်ပြီးရွှေ ၉၉.၅ ရာခိုင်နှုန်းပါဝင်သော ၁၆ ပဲရည် (၂၄ ကာရက်) နှင့် သန့်စင်ပြီးရွှေ ၉၆ ရာခိုင်နှုန်းပါဝင်သော ဒုတိယအရည်အသွေးအကောင်းဆုံး ၁၅ ပဲရည် (၂၃ ကာရက်) တို့သည် ရွှေပါဝင်မှုပမာဏများပြားသည့်အတွက်အလွန်ပျော့ပျောင်းသဖြင့် ၎င်းအား အခြားသောကျောက်မျက်ရတနာများ နှင့်အတူ ရွှေထည်ပစ္စည်းအနေဖြင့်ထည့်သွင်းပြုလုပ်၍မရနိုင်ဘဲ ၁၄ ပဲ ၂ ပြားရည် (၂၂ ကာရက်) မှာတော့ သန့်စင်ပြီးရွှေ ၉၀ရာခိုင်နှုန်းဝန်းကျင်သာပါဝင်သဖြင့်၎င်းရွှေအမျိုးအစားကိုကျောက်မျက်ရတနာများထည့်သွင်းပြုလုပ်ရန်အသုံးပြုနိုင်သည်။ သို့သော် မာကျောသိပ်သည်းမှုပမာဏအများဆုံးဖြစ်သည့် စိန်ကိုမူ ၁၂ ပဲရည် (၁၈ ကာရက်) ရွှေပါဝင်မှုပမာဏ ၇၅ ရာခိုင်နှုန်းရှိသည့်အမျိုးအစားတွင်သာ လက်ဝတ်တန်ဆာအဖြစ်တွေ့နိုင်မည်ဖြစ်သည်။ ၎င်းပုံစံဖြင့် ရွှေကိုနိုင်ငံတကာတွင်တွေ့ရှိရမှုအများဆုံးအနေဖြင့် လက်ဝတ်ရတနာဒီဇိုင်းများစုံလင်စွာတွေ့ရှိရသည်။
Gold Coins ရွှေဒင်္ဂါးများပြုလုပ်ရာတွင် (၂၂ ကာရက်) သန့်စင်ပြီးရွှေ ၉၀ မှ ၉၂ ရာခိုင်နှုန်းပါဝင်သောရွှေဖြင့်အများဆုံးပြုလုပ်ကြသည်ကိုတွေ့ရသည်။ ရွှေဒင်္ဂါးများကို ရှေးယခင်မှစတင်ကာ ကူးသန်းရောင်းဝယ်ရေးအတွက် ငွေကြေးအစားအသုံးပြုခဲ့ကြသည်။ ယခုအခါတွင် ရွှေဒင်္ဂါးများကို ငွေကြေးအဖြစ်အသုံးမပြုကြတော့သော်လည်း နိုင်ငံတကာတွင် နိုင်ငံအလိုက်အဖိုးတန်ပြယုဒ်တစ်ခုအနေဖြင့် နိုင်ငံ့ခေါင်းဆောင်များ၊ အထိမ်းအမှတ်နေ့စွဲများ နှင့် အဆောက်အဦးသင်္ကေတများစသည်တို့ကို ရွှေဒင်္ဂါးတွင် ထွင်းလုပ်မှုများရှိနေဆဲဖြစ်သည်။ နာမည်ကြီးရွှေဒင်္ဂါးများမှာ Britannia၊ Canadian Maple Leaf၊ American Gold Eagle နှင့် South African Krugerrand တို့ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား ရွှေဒင်္ဂါးများကို ၁၉၉၁ ခုနှစ်ကတည်းကစတင်ထုတ်ဝေခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၅မူးသားနဲ့ တစ်ကျပ်သား ရွှေဒင်္ဂါးများကို အသွင်သစ်နဲ့‌ပြောင်းလဲထုတ်လုပ်ရောင်းချလျှက်ရှိသည်။ ထိုဒီဇိုင်းမှာအမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းပုံသွင်းလောင်းပြုလုပ်ထားခြင်းဖြစ်ပြီးရွှေဒင်္ဂါးဝယ်ယူပါက၎င်းနှင့်အတူဗဟိုဘဏ်ဥက္ကဌနှင့်သွန်းလောင်းသောဌာနအကြီးအကဲတို့၏မှန်ကန်ကြောင်းထောက်ခံချက်ပါရှိမှာဖြစ်ပါတယ်။ ၎င်းရွှေဒင်္ဂါးသည် ၉၉.၉ရာခိုင်နှုန်းသန့်စင်သော ရွှေဖြင့်ပြုလုပ်ထားခြင်းလဲဖြစ်ပါသည်။
ရွှေချောင်း Gold Bars များကို Gold Bullion သို့မဟုတ် Gold Ingot ဟုလည်း နိုင်ငံတကာတွင်ခေါ်ပါသည်။ ရွှေချောင်းများကို ထုတ်လုပ်မှုတံဆိပ်ကပ်ခြင်းစသည့် စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ထားသော သတ္တုရွှေဖြစ်သည်။ အလေးချိန် ၁၀၀၀ ဂရမ် (၃၂.၁၅ အောင်စ) ရှိသောရွှေချောင်းများသည် ဘဏ်များနှင့်ကုန်သည်များအကြား ငွေလွှဲပြောင်းမှုအတွက် အကောင်းဆုံးဖြစ်သည်။ ဥရောပနိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူစီးပွားရေးလုပ်ငန်းရှင်အများစုသည် အုတ်ပုံသဏ္ဌာန်တူသောရွှေချောင်းများကို ပိုမိုတန်ဖိုးထားနှစ်သက်ကြသော်လည်း ရွှေချောင်းအများစုသည် ပြားချပ်ချပ်အနေဖြင့်သာအတွေ့များသည်။ အာရှဈေးကွက်တွင် လူကြိုက်အများဆုံးအရွယ်အစားမှာ ၁၀ ဂရမ်၊ ၁၀၀ ဂရမ် နှင့် ၁၀၀၀ ဂရမ် ရွှေချောင်းများဖြစ်သည်။ ၎င်းရွှေချောင်းများသည်လည်း အများအားဖြင့် သန့်စင်ပြီးရွှေ ၉၉.၉ ရာခိုင်နှုန်းဖြင့် ပြုလုပ်ကြသည်။ မြန်မာနိုင်ငံတွင်လည်း ရွှေချောင်းများကို ရွှေဆိုင်ကြီးများတွင် မိမိလိုချင်သောပမာဏအတိုင်းအဆင်သင့်ဝယ်ယူနိုင်သည်။ ရွှေများကို စုဆောင်းဝယ်ယူသူအများစုသည်လည်း လက်ဝတ်ရတနာများပြုလုပ်စုဆောင်းခြင်းမျိုးကဲ့သို့  ရွှေတုံး၊ရွှေချောင်းများ ဝယ်ယူမှုမှာများပြားသည်။နိုင်ငံတကာတွင် ရွှေဒင်္ဂါးများနှင့် ရွှေချောင်းများ ရောင်းဝယ်ဖောက်ကားမှုများ တန်းတူရှိသော်လည်း  ရွှေဒင်္ဂါးများသည် ရွှေချောင်းများထက် ပေါ့ပါးသောကြောင့် သယ်ဆောင်ရလွယ်ကူခြင်းနှင့် တရားဝင်အစိုးရမှ တံဆိပ်ရိုက်နှိပ်ထုတ်ဝေမှုများကြောင့်ပို၍တွင်ကျယ်သည်။
Cut Off Gold Pieces ရွှေဖြတ်စအပိုင်းအစများကိုမူ ရွှေသန့်စင်ခြင်းလုပ်ငန်းမှ ရွှေနှင့်ရောနှောသတ္တုများဖယ်ရှားရာတွင်အမှုန်အစ‌လေးများအနေနဲ့လည်းကောင်း၊ ရွှေဖြင့်အဆင်တန်ဆာဒီဇိုင်းများ ဖန်တီးရာတွင်ဖြတ်စအမှုန်များအ‌နေနဲ့လည်းကောင်း၊ ရွှေဒင်္ဂါးများသွန်းလုပ်ခြင်းနှင့် ရွှေချောင်းများပြုလုပ်ရာတွင် ဖြတ်စအစိုင်အခဲများအနေနဲ့လည်းကောင်းအများအားဖြင့်တွေ့ရသည်။၎င်းသည်အပိုင်းအစကလေးများဖြစ်သည်နှင့်အညီ ရွှေသန့်စင်မှုပမာဏကိုလည်းတိုင်းတာရန်မလွယ်ကူသည့်အတွက်ဈေးနှုန်းအားဖြင့် တန်ဖိုးလျော့၍ရနိုင်သည်။ သို့သော် ၎င်းတို့ကိုစုဆောင်း၍ ၁၈ ကာရက် သန့်စင်သောရွှေ ၇၅ ရာခိုင်နှုန်းရှိသော ရွှေများပြုလုပ်ရာတွင်အလွန်အသုံးဝင်သည်။
ထို့ကြောင့် ရွှေများကို နိုင်ငံတကာတွင် အမျိုးမျိုးသောပုံစံများ ဖြင့် တွေ့ရှိနိုင်ပြီး မည်သို့ပင် တန်ဖိုးနှင့် သဏ္ဌာန်ကွဲပြားသော်လည်း အမြဲပင် ခိုင်မာသော ငွေကြေးဈေးကွက်တစ်ခုဖြစ်ကြောင်း ယခုထိတိုင်သက်သေပြလျှက်ရှိသည်။