ရွှေအကြောင်းသိကောင်းစရာ

ရွှေအတုအစစ် ခွဲခြားနိုင်သော နည်းလမ်းများ

How to classify real gold fake gold

ရွှေဝယ်ယူသည့်အခါတွင် ရွေးချယ်မှု မမှားစေရန်အတွက် အသုံးဝင်နိုင်သော ရွှေအတုနှင့်အစစ်ခွဲခြားနိုင်သည့် နည်းလမ်း (၅) ခုကို ရွှေချစ်သူမိဘပြည်သူများ အားလုံးအတွက် မျှဝေပေးလိုက်ပါသည်။

ပထမဦးဆုံးနည်းလမ်းသည် တံဆိပ်အမှတ်အသားကို စစ်ဆေးခြင်းဖြစ်ပါသည်။ ထိုနည်းလမ်းသည် မိမိဝယ်ယူထားသော ရွှေထည်ပစ္စည်းများတွင် ဝယ်ယူခဲ့သည့်ဆိုင်၏ အသားအမှတ်တံဆိပ်ကို ရွှေထည်ပစ္စည်းများ၏ အတွင်းဘက်နှင့် ချိတ်အစွန်းနားတွင် ဖော်ပြလေ့ရှိသောကြောင့် မိမိကိုယ်တိုင်စစ်ဆေးနိုင်သလို ရွှေဆိုင်၏အကူအညီနှင့်လည်း စစ်ဆေးနိုင်ပါသည်။ သို့သော် အချို့သော‌ အော်ဒါရွှေထည်ပစ္စည်းများတွင် အသားတံဆိပ်ကိုဖော်ပြထားခြင်းမျိုးမရှိခြင်းကြောင့် အကယ်၍ ထိုကဲ့သို့ အသားတံဆိပ်မျိုးမပါခဲ့လျှင် အခြားနည်းလမ်းများကိုအသုံးပြုပြီး စစ်ဆေးရန် လိုအပ်ပါသည်။

ဒုတိယနည်းလမ်းသည် အက်ဆစ်ဖြင့် စမ်းသပ်မှုဖြစ်ပြီး မိမိ၏ရွှေထည်ပစ္စည်းအား နိုက်ထရစ် အက်စစ်ဖြင့်ထိတွေ့စေပြီး စစ်ဆေးခြင်းဖြစ်ပါသည်။ မိမိ၏ရွှေထည်ပစ္စည်းသည်    နိုက်ထရစ်အက်စစ်နှင့်ထိ၍ အရောင်မပြောင်းလဲလျှင် အစစ်ဟု သတ်မှတ်နိုင်မှာဖြစ်ပြီး အတုဖြစ်ခဲ့လျှင် အရောင်ပြောင်းလဲသွားမည်ဖြစ်ပါသည်။ သို့သော် အက်စစ်ကိုအသုံးပြုရမည်ဖြစ်သောကြောင့် အန္တရာယ်များသည့်အတွက် မိမိကိုယ်တိုင် အိမ်တွင် မစစ်ဆေးရန် အကြံပြုချင်ပါသည်။

တတိယနည်းလမ်းသည် သံလိုက်ကို အသုံးပြုပြီး စစ်ဆေးခြင်းဖြစ်ပါသည်။ ရွှေအစစ်ဆိုလျှင် သံလိုက်၏ဆွဲငင်အားကို လွန်ဆန်သောကြောင့် သံလိုက်တွင်ကပ်နေမှာ မဟုတ်သည့်အတွက် သံလိုက်ကိုအသုံးပြု၍ စစ်ဆေးခြင်းသည် အလွယ်အကူဆုံးနှင့် အချိန်ကုန်သက်သာစေသော နည်းလမ်းတစ်ခုဖြစ်ပါသည်။

စတုတ္ထမြောက်နည်းလမ်းသည် Float test ဟုခေါ်သော ရေကိုအသုံးပြုပြီး ရေပေါ်တွင် ပေါ်မပေါ်အခြေခံပြီး စစ်ဆေးခြင်းမျိုးဖြစ်သည်။ တစ်နည်းအားဖြင့် အရွယ်အစားနှင့်မဆိုင်ဘဲ ရွှေအစစ်ဖြစ်ပါက ရေ၏အောက်ခြေအထိ နစ်မြှုပ်သွားမှာဖြစ်ပြီး အတုဆိုလျှင် ရေ၏အောက်ခြေကိုချက်ချင်းနစ်မြှုပ်သွားမှာမဟုတ်ဘဲ အောက်ခြေအပေါ်နားမှာတွင်ပင်
ပေါလောပေါ်နေမှာပင် ဖြစ်ပါသည်။ ထို့အပြင် ရွှေအစစ်ဖြစ်ပါက ရေစိုစွတ်ခြင်းကြောင့် သံချေးတက်ခြင်း၊ အရောင်ပြောင်းခြင်းရှိမည်မဟုတ်ပါ။

နောက်ဆုံး ပဉ္စမမြောက်နည်းလမ်းသည် သင်၏ အရေပြားကို အခြေခံပြီးစမ်းသပ်ခြင်းမျိုး ဖြစ်ပါသည်။ ရွှေအစစ်ဖြစ်ပါက မိမိ၏ရွှေထည်ပစ္စည်းကိုအချိန်ကြာသည့်တိုင်အောင် ဝတ်ထားပါက အရေပြားပေါ်တွင်ထွက်လာသည့်ချွေးနှင့် သာမန်ဓာတ်ပြုမှုသာဖြစ်ပြီး အရောင်ပြောင်းလဲခြင်းမျိုး မရှိနိုင်ဘဲ ရွှေအတုဖြစ်ပါကသိသာသည့် အရောင်ပြောင်းလဲမှုမျိုးကြုံတွေ့ရနိုင်ပါသည်။ သို့သော် ထိုနည်းလမ်းသည် အခုခေတ်တွင် ပိုမိုမြင့်မားသော နည်းပညာများကို အသုံးပြုထားသော ရွှေအတုများအတွက်ဆိုလျှင် ချက်ချင်းသိသာစေနိုင်မည် မဟုတ်ပေ။

အထက်ပါဖော်ပြခဲ့သော နည်းလမ်း ၅ ခုအပြင် မိမိဝယ်ယူခဲ့သောရွှေထည်များအပေါ် အာမခံချက်ရှိသည့် ရွှေစစ်ဆေးမှုမျိုးကို ပြုလုပ်ပေးနိုင်သောနေရာများတွင် ရွှေအတု၊ အစစ်ကို စစ်ဆေးခြင်းဖြင့်သာ တန်ဖိုးအတိအကျ၊ ပဲရည်အတိအကျကို သိနိုင်မည်ဖြစ်သောကြောင့် ပိုမိုတိကျခိုင်မာသော စစ်ဆေးမှုများကိုပြုလုပ်ရန် အကြံပြုလိုက်ပါသည်။