ကျောက်မျက်အကြောင်းသိကောင်းစရာ

ကျောက်စိမ်းနှင့်မြ ခွဲခြားနည်း

howtodistinguishbetweenjadeandemerald

တွင်းထွက်ကျောက်မျက်ရတနာများကို စိတ်ဝင်စားပြီး လေ့လာနေကြသော သူများနှင့် အစိမ်းရောင်အဆင်းရှိသော တွင်းထွက်ကျောက်မျက်ရတနာများဖြစ်သည့် ကျောက်စိမ်းနှင့် မြ ကျောက်မျက်ရတနာ နှစ်ခုကို အရောင်တူနေကြသောကြောင့် အလွယ်တကူ ခွဲခြားရန် အခက်တွေ့နေကြသောသူများအတွက် ရည်ရွယ်ပြီး ကျောက်စိမ်းနှင့် မြ ကို အလွယ်တကူ ခွဲခြားနိုင်မည့် နည်းလမ်းလေးများကို ကျောက်မျက်ရတနာချစ်သူများအားလုံးအတွက် မျှဝေပေးလိုက်ပါသည်။

ကျောက်စိမ်းနှင့် မြသည် အကျော်ကြားဆုံးသော အစိမ်းရောင်ရှိသည့် တွင်းထွက်ကျောက်မျက်ရတနာနှစ်ခုဖြစ်သည်နှင့်အညီ ၎င်းကျောက်မျက်ရတနာနှစ်ခုသည် ရှေးခေတ်နှစ်ပေါင်းများစွာကတည်းက ဘုရင်များ တန်းဖိုးထားပြီး မင်းဝတ်တန်ဆာများတွင် သုံးစွဲတတ်သော ကျောက်မျက်ရတနာများလည်း ဖြစ်ပါသည်။ ကျောက်စိမ်းနှင့် မြသည်  အရောင်အဆင်းအားဖြင့်လည်း တူရုံသာမက တန်ဖိုးရှိသော ကျောက်မျက်ရတနာချင်းလည်း တူသောကြောင့် ကျောက်မျက်ရတနာအကြောင်း နားမလည်သူများအတွက် အလွယ်တကူခွဲခြားရန် ခက်ခဲနိုင်ပါသည်။

ကျောက်စိမ်းနှင့် မြ၏ အဓိကကွာခြားချက်များအနေဖြင့် ကျောက်စိမ်းသည် မြထက် အရောင်အနည်းငယ်ပိုဖျော့ပြီး အစိမ်းနုရောင်ရှိပါသည်။ ထို့အပြင် မြသည် ကျောက်စိမ်းထက် ပိုမိုမာကြောသောကြောင့် ကျောက်စိမ်းကဲ့သို့ အလွယ်တကူခြစ်ရာပေါ်ခြင်း၊ အလွယ်တကူကွဲခြင်းများ မဖြစ်နိုင်ပါ။ မြသည် ပိုမိုကြည်လင်သော ကျောက်အရည်အသွေးရှိပြီး ကျောက်စိမ်း၏ အစိမ်းရောင်သည် ကမ္ဘာမြေကြီးကို ကိုယ်စားပြုသကဲ့သို့ အနည်းငယ်အုံ့မှိုင်းသည့် အဆင်းသဏ္ဌာန်ရှိပါသည်။ မြကျောက်အပိုင်းအစကို မျက်စိဖြင့် ဟိုဘက်နှင့်ဒီဘက် ထိုးဖောက်မြင်နိုင်သော်လည်း ကျောက်စိမ်းအပိုင်းအစကို မျက်စိဖြင့် ထိုးဖောက်မြင်နိုင်ခြင်း မရှိပါ။ထို့အပြင် မြသည် ကျောက်စိမ်းထက် ပို၍ ဈေးကြီးပါသည်။ ကျောက်မျက်ရတနာများသည် တန်ဖိုးရှိတာချင်း တူကြသော်လည်း တစ်ခုနှင့်တစ်ခု၏ ဈေးနှုန်းများမှာ မတူညီဘဲ ကွဲပြားသောကြောင့် ဈေးနှုန်းအားဖြင့်လည်း မြသည် တခြားသောကျောက်မျက်များထက် ပို၍ တန်ဖိုးကြီးပါသည်။

အလွယ်ကူ အသိသာဆုံးသော နောက်ဆုံးအချက်သည် ကျောက်စိမ်းသည် မြထက် မာကျောမှု Mohs စကေးနည်းသောကြောင့် အလွယ်တကူခြစ်ရာများ ဖြစ်ပေါ်နိုင်ပြီး အလွယ်တကူလည်း ကွဲနိုင်ပါသည်။ Mohs စကေးအနေနှင့် ကျောက်စိမ်းသည် မာကျောမှုအဆင့် ၆ မှ ၇ အတွင်းရှိပြီး မြ၏ မာကျောမှုအဆင့်သတ်မှတ်ချက် Mohs စကေးသည် ၇.၅ မှ ၈ အတွင်းရှိပါသည်။ ထို့ကြောင့် လက်ဝတ်ရတနာများ ဝတ်ဆင်သောအခါတွင် မြကိုလက်စွပ်၊နားကပ်၊ ဆွဲသီး စသည့်လက်ဝတ်ရတနာများအနေနှင့် အသုံးပြုမှုများကြပြီး ကျောက်စိမ်းအားကိုးကွယ်ယုံကြည်မှုအလိုက် ဆင်းတုတော်များ၊ စေတီပုထိုးများ၊ အဆောက်အအုံများတွင် အများအားဖြင့် အသုံးပြုလေ့ရှိကြပါသည်။