ကျောက်မျက်အကြောင်းသိကောင်းစရာ

တွင်းထွက်ကျောက်နဲ့ ရိုးရိုးကျောက်ဘယ်လိုခွဲကြမလဲ?

howtoseparatemineralstoneandordinarystone

ကျောက်မျက်ရတနာများကို ချစ်မြတ်နိုးသောသူများနှင့် ကျောက်မျက်ရတနာအကြောင်းကို လေ့လာနေသောသူများအတွက် ရည်ရွယ်ပြီး အဆင်းသဏ္ဌာန်အားဖြင့် တူသော်လည်း အမျိုးအစား နှင့် တန်ဖိုးအားဖြင့် ကွဲပြားသော တွင်းထွက် ကျောက်မျက်ရတနာများနှင့် သာမန်ကျောက်များကို ခွဲခြားနိုင်မည့် နည်းလမ်းလေးများကို မိဘပြည်သူများ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ မျှဝေပေးလိုက်ပါသည်။

တွင်းထွက်ကျောက်မျက်အမျိုးအစားဖြစ်သည့် ကျောက်များသည် သတ္တုဓာတ်အမျိုးအစားကျောက်များဖြစ်သည်။ ၎င်းသည် ကမ္ဘာမြေအပေါ်ယံလွှာတွင် သဘာဝအတိုင်း ဖြစ်ပေါ်ကာ ထူးခြားသော ဓာတုဖွဲ့စည်းမှုနှင့် ပုံဆောင်ခဲ ဖွဲ့စည်းပုံများ ပါရှိသော သတ္တုဓာတ်များအဖြစ် သတ်မှတ်ကြသည်။ လူသိများသောသတ္တုဓာတ်ကျောက်အမျိုးအစားပေါင်း ၂၀၀၀ ကျော်နှင့်အတူ တစ်ခုချင်းစီတွင် ၎င်းတို့၏ တိကျသော ဓာတုဖွဲ့စည်းမှုများရှိသည်။ တွင်းထွက် ကျောက်မျက်ရတနာများကို အရောင်တောက်ပြောင်မှု၊ မာကျောမှု၊ ကွဲအက်မှုနှင့် ပုံဆောင်ခဲပုံ စသည်တို့ဖြင့် ခွဲခြားသတ်မှတ်ထားသည်။

သာမန်ရိုးရိုးကျောက်များနှင့် တွင်းထွက်သတ္တုကျောက်များတွင် ကွာခြားချက်များစွာရှိသည်။ သာမန်ရိုးရိုးကျောက်သည်လည်း လက်ဝတ်တန်ဆာများ ပြုလုပ်ရန် အသုံးပြုသည့် ကျောက်အမျိုးအစား တစ်ခုဖြစ်သည်။ သို့သော်လည်း ၄င်းသည် အရည်အသွေးအားဖြင့် တောက်ပမှု အားနည်းသလို တွင်းထွက်ကျောက်မျက်ရတနာများကဲ့သို့ မာကျောမှုအားနည်းကာ အလွယ်တကူလည်းတွေ့ရှိနိုင်ပြီး တစ်ခါတစ်ရံ ရိုးရိုးကျောက် အတုံးအစလေးများကို တွင်းထွက်ကျောက်တွင်းများ အနီးတဝိုက်တွင် အလွယ်တကူတွေ့နိုင်သည်။ ရှားပါးခြင်းသည်လည်း တွင်းထွက်ကျောက်မျက်ရတနာကို တန်ဖိုးတက်စေသည့် အခြားဝိသေသတစ်ခုဖြစ်သည်။

နောက်ထပ်ခြားနားချက်တစ်ခုမှာ အဖိုးတန်သော တွင်းထွက်ကျောက်မျက်ရတနာဖြစ်သည့် သတ္တုကျောက်တုံးများကို ဖြတ်တောက်ကာ ပွတ်တိုက်ခြင်းဖြင့် ကျောက်အရည်အသွေး ပိုမိုပေါ်လွင်သော်လည်း ရိုးရိုးကျောက်များကို ဖြတ်တောက်၍ ပွတ်တိုက်ကြည့်လျှင် ကျောက်၏အရည်အသွေးမှာ ပြောင်းလဲသွားခြင်းမရှိနိုင်ပါ။ မှန်ဘီလူးနှင့် ကြည့်သောအခါတွင်လည်း တွင်းထွက်ကျောက်မျက်ရတနာများ၏ အတွင်းပိုင်းသည် မကွေ့ကောက်ပဲ တဖြောင့်တည်း တန်းနေတာမျိုးတွေ့ရတာ သာမန်ရိုးရိုးကျောက်များ၏ ကျောက်အသားကြောသည် ကွေ့ကောက် ရှုပ်ထွေးနေမည်ကို မြင်တွေ့ရမည် ဖြစ်ပါသည်။နောက်ထပ်တစ်ချက်သည် တွင်းထွက်ကျောက်မျက်ရတနာများနှင့် သာမန်ရိုးရိုးကျောက်များသည် အရွယ်အစားတူညီသော်လည်း အလေးချိန်မတူညီပါ။ နှစ်ခုအား နှိုင်းယှဉ်ကြည့်လျှင် တွင်းထွက်ကျောက်၏ အလေးချိန်သည် ပို၍လေးကာ သာမန်ကျောက်သည် တွင်းထွက်ကျောက်ထက်ပို၍ ပေါ့သည်ကို တွေ့ရပါသည်။ ထို့ပြင် တွင်းထွက်ကျောက်မျက်ရတနာစစ်လျှင် အရောင်မညီခြင်း၊ အပြစ်အနာအဆာများခြင်း အနည်းငယ် ရှိတတ်ပါသည်။

ခေတ်မီသော လက်ဝတ်ရတနာများတွင် အသုံးပြုမှုများလာသော အဖိုးတန်ကျောက်မျက်ရတနာများသည် စိန်၊ ပတ္တမြား၊ နီလာနှင့် မြတို့ ဖြစ်ပြီး အခြားသော ခရမ်းစွဲ၊ သလင်းဝါ၊ ဥဿဖယား၊ သန္တာ၊ ဂေါ်မိတ်နှင့် မဟူရာကျောက်မျက် ရတနာများအားလုံးသည်လည်း အဖိုးတန်သော တွင်းထွက်ကျောက်မျက်ရတနာများဖြစ်ပါသည်။ အစဉ်အလာအားဖြင့် အဖိုးတန်ကျောက်မျက်ရတနာများသည် ၎င်းတို့၏ ထူးကဲသော အရောင် သို့မဟုတ် ထက်မြက်မှုနှင့် အလွန်ရှားပါးမှုတို့ကြောင့် ပရီမီယံစျေးနှုန်းကို ရရှိစေပါသည်။ အဖိုးတန်ကျောက်မျက်ရတနာအမျိုးအစားသည် အချိန်၊ နေရာ၊ ယဉ်ကျေးမှုတို့နှင့်အတူ ပြောင်းလဲခြင်းမျိုးဖြစ်တတ်ပါသည်။ ဥပမာအားဖြင့်၊ ရှေးဂရိလူမျိုးများသည် Amethyst (ခရမ်းစွဲကျောက်) များကို အဖိုးတန်သော တွင်းထွက်ကျောက်မျက်အဖြစ် မှတ်ယူကြပါသည်။ သို့သော်လည်း ယနေ့ခေတ်တွင် Amethyst (ခရမ်းစွဲကျောက်) များကိုပေါများစွာတွေ့ရပြီး အခြားတွင်းထွက်ကျောက်များလောက် ကျောက်သားမကောင်းသဖြင့် သာမန်ကျောက်များအဖြစ် သတ်မှတ်ကြသည်။ ထိုကြောင့် ကျောက်မျက် ရတနာတစ်လုံး၏တန်ဖိုးကို အထောက်အကူဖြစ်စေသော အခြေခံအချက်များမှာ အလှအပ၊ အရောင်တောက်ပြောင်မှု၊ ဖြတ်တောက်ခြင်းစသည်ဖြင့် တာရှည်ခံမှု၊ ရှားပါးမှု၊ လိုအပ်ချက်၊ အစဉ်အလာနှင့် သယ်ဆောင်ရလွယ်ကူမှု စသည်တို့ဖြင့် သတ်မှတ်ကြပါသည်။