ရွှေအကြောင်းသိကောင်းစရာ

ရွှေကိုဘယ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့သလဲ?

Where did firstly find gold

ရွှေချစ်သူမိဘပြည်သူများနှင့် သမိုင်းကြောင်းများကို အမြဲစိတ်ဝင်စားပြီး စူးစမ်းလေ့လာတတ်သော စာဖတ်သူများအတွက် ရည်ရွယ်ပြီး မိမိတို့တန်ဖိုးထားပြီး ဝတ်ဆင်လေ့ရှိသော ရွှေသတ္တုလေး၏ သမိုင်းကြောင်းနှင့်အတူ ရွှေကို ဘယ်အချိန်တွင် ဘယ်နိုင်ငံမှ ပထမဆုံးစတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရွှေကိုငွေကြေးသတ်မှတ်ချက်အဖြစ် ဘယ်လိုအစပြုလာခဲ့ခြင်းဖြစ်ကြောင်း အစရှိသော အကြောင်းအရာများကို အားလုံးအတွက် ဗဟုသုတဖြစ်စေရန် အတွက်ရှာဖွေ တင်ဆက်ပေးလိုက်ပါသည်။

ရွှေကို စပိန်နိုင်ငံတွင် အေဒီ ၄၀၀၀ ခုနှစ်လောက်မှစ၍ ပထမဆုံးစတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သမိုင်းအထောက်အထားအချို့တွင် ဖော်ပြခဲ့ကြသော်လည်း အရင်ကတည်းကပင် ရွှေကို တခြားနိုင်ငံများတွင်လည်း ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်ဟု သိပ္ပံပညာရှင်များက သုံးသပ်ခဲ့ကြပါသည်။တန်ဖိုးကြီးတဲ့ သတ္တုအမျိုးအစားအနေဖြင့် သတိမထားမိသောကြောင့်သာ ရွှေအဖြစ်မသိခြင်းဟု လူအများကလျစ်လျူရှုမိခဲ့ကြခြင်း ဖြစ်ပါသည်။

ရွှေကို ငွေကြေးလဲလှယ်မှုအဖြစ် စတင်သတ်မှတ်ပြီး လုပ်ဆောင်ခဲ့သည့်သူများမှာ အီဂျစ်လူမျိုးများဖြစ်ပြီး ရွှေနှင့်ငွေကို မှန်ကန်သော အချိုးအစားအဖြစ် သတ်မှတ်၍ ငွေကြေးလဲလှယ်မှုကို အစပြုခဲ့သည်။ ၎င်းသည် ရွှေနှင့်နှိုင်းယှဉ်ပါက ငွေတန်ဖိုးနှိမ့်ကျခြင်း၏ ပထမဆုံးသတ်မှတ်ချက်လည်းဖြစ်ခဲ့သည်။ ရွှေကို အီဂျစ်လူမျိုးများက ငွေကြေးစံနှုန်းအဖြစ် သတ်မှတ်ထားသော်လည်း တွင်တွင်ကျယ်ကျယ်အသုံးပြုမှုမရှိဘဲ ငွေကြေးအနေဖြင့် တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့သော နိုင်ငံသည်တူရကီအနောက်ပိုင်းရှိ လီဒီယာနိုင်ငံဖြစ်ပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ရွှေနှင့်ငွေစံနှုန်းကို လက်ခံကျင့်သုံးလာခဲ့သည်မှာ ၁၇၉၂ ခုနှစ်တွင် အမေရိကန်နိုင်ငံပြည်ထောင်စုမှ အခြေပြုခဲ့ပါသည်။ ထိုအချိန်တွင် ရွှေသည်ငွေထက် ၁၅ ဆခန့်ပိုမိုတန်ဖိုးရှိပြီး ငွေကို ပစ္စည်းအသေးစားဝယ်ယူမှုတွင် အသုံးပြု၍ ရွှေကို တန်ဖိုးကြီးပစ္စည်းများဝယ်ယူရာတွင် အသုံးပြုလာခဲ့သည်။

နောက်ပိုင်းတွင်ရွှေသည် လူ့ဘဝကိုပြောင်းလဲပေးနိုင်စေသော သတ္တုအမျိုးအစားတစ်ခုအဖြစ် လူသိများလာသောကြောင့် ၁၇၉၉ ခုနှစ် နောက်ပိုင်းမှစတင်၍ နိုင်ငံအများအပြားတွင် ရွှေတူးဖော်ရေးလုပ်ငန်းများ စတင်ခေတ်စားလာပြီး နိုင်ငံအချင်းချင်းရွှေတူးသည့် နေရာများအလိုက် ပဋိပက္ခများလည်း ဖြစ်ပွားခဲ့သည် ။ အမေရိကန်နိုင်ငံ၏ ကမ္ဘာ့ငွေကြေးဈေးကွက်ကို ဦးဆောင်လာစေသော အချက်သည်လည်း ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်ဒေါ်လာနှင့် ရွှေလဲလှယ်မှုနှုန်းထားကို တရားဝင် သတ်မှတ်လိုက်ခြင်းကြောင့်လည်း အမေရိကန်နိုင်ငံသည် ယနေ့ခေတ်တွင် ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံတစ်ခုအနေဖြင့် ရပ်တည်လာခဲ့ခြင်းဖြစ်ပါသည်။

၁၉၇၀ ခုနှစ်နောက်ပိုင်းမှစတင်၍ ရွှေဈေးသည် တဖြည်းဖြည်းပိုမိုမြင့်တက်ခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် တစ်အောင်စလျှင် ၃၅ ဒေါ်လာဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်တစ်အောင်စလျှင်၂၀၀၀ ဒေါ်လာနှုန်းအထိမြင့်တက်လာခဲ့ခြင်းဖြစ်ပါသည်။ ရွှေဈေးသည် ကမ္ဘာ့ငွေကြေးဈေးကွက်ဖောင်းကားလာမှု၊ ကမ္ဘာ့လူဦးရေမြင့်တက်လာမှုကြောင့် စားသုံးကုန်စ္စည်းများ ဈေးကြီးလာမှုတို့ကိုလိုက်ပြီး ဈေးတက်လာသလို နိုင်ငံရေးမတည်ငြိမ်မှု၊ နိုင်ငံချင်းပဋိပက္ခများသည်လည်း ရွှေဈေးကွက်၏ အဖက်ဖက်ကိုဦးတည်စေခဲ့ပါသည်။

ယခုဖော်ပြပေးခဲ့သော အကြောင်းအရာများသည် ရွှေချစ်သူများအတွက် ရွှေ၏သမိုင်းကြောင်းနှင့်အတူ ရွှေသည် အဘယ်ကြောင့် ယနေ့အချိန်ထိ ရင်းနှီးမြှုပ်နှံဖို့ရန်အတွက် အကောင်းဆုံးဖြစ်နေခြင်းဆိုသည့် အဖြေကို သိရှိနားလည် သွားကြလိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်။