စိန်အကြောင်းသိကောင်းစရာ

ကိုရီးယားစိန် နှင့် စိန် ကွာခြားချက်

Different Between Korea Diamond Diamond

သင်သည် ကျောက်မျက်ရတနာများအားလုံးထဲတွင် စိန်ကို ဝတ်ဆင်ရသည်မှာ ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပြီး အဘယ်ကြောင့် စိန်သည် အခြားသောကျောက်မျက်ရတနာများထက် ပို၍ တန်ဖိုးမြင့်မားနေကြောင်းနှင့် ကိုရီးယားစိန်နှင့် စိန်အစစ်၏ ကွာခြားချက်များကို စိတ်ဝင်စားသည်ဆိုရင်ဖြင့် ဒီဆောင်းပါးလေးသည် သင့်အတွက်ဖြစ်စေမည်ဟု ယုံကြည်မိပါသည်။

စိန်သည် အမျိုးသမီးများအကြားတွင် ရေပန်းအစားဆုံးနှင့် တန်ဖိုးအထားရဆုံး တွင်းထွက်ကျောက်မျက်ရတနာတစ်ခုဖြစ်ပါသည်။ ထို့အပြင် စိန်သည် မိသားစုလိုက် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်လေ့ရှိသော အမွေအနှစ်တစ်ခုလည်းဖြစ်ပါသည်။ စိန်သည်အဓိကအားဖြင့် အခြားသော ကျောက်မျက်ရတနာများထက်တန်ဖိုးမြင့်မားစေသော အကြောင်းအရာသည် အမာဆုံးနှင့် တာရှည်ခံမှုအမြင့်ဆုံး ကျောက်မျက်ရတနာဖြစ်ခြင်း၊ အရောင်သည် ဆွဲဆောင်မှုရှိပြီး မည်သည့်သတ္တုမျိုးနှင့်မဆို (ဥပမာ ရွှေ၊ ငွေ၊ rose gold အပြင် အခြားသောကျောက်မျက်ရတနာ ဒီဇိုင်းများနှင့်တွဲဖက်၍) ဝတ်ဆင်နိုင်ခြင်း စသည့် အကြောင်းအရာများကြောင့် ဖြစ်ပါသည်။

ယခုခေတ်တွင် ပုံမှန်ဝတ်ဆင်လေ့ရှိသောစိန်များသည် စိန်အစစ်များသာမက ကိုရီးယားစိန်ဟူ၍ ဈေးကွက်ထဲတွင် နေရာယူလာကြသည်ကိုတွေ့ကြရပါသည်။ စိန်များသည် အမျိုးအစားနှင့် ရတီအလိုက် ဈေးနှုန်းကွာခြားမှုရှိသလို၊ အရောင်အနု၊ အရင့်ပေါ် မူတည်၍လည်း လူကြိုက်များမှုမှာ ကွာခြားမှုရှိပါသည်။ စိန်တွေသည် အလွန်မာကျောသော သတ္တုတစ်မျိုးဖြစ်သောကြောင့် ခြစ်ရာအများအပြားရှိတတ်ကြပြီး မျက်စိဖြင့်မြင်ရုံနှင့်ပင် စိန်ပေါ်တွင်ရှိသော ခြစ်ရာများကို သတိမထားနိုင်ကြခြင်းဖြစ်ပါသည်။ ဓာတ်ခွဲခန်း၊ မှန်ဘီလူး များနှင့် စစ်ကြည့်မှာသာ စိန်ပေါ်တွင်ရှိသော ခြစ်ရာများကို သတိပြုမိမှာဖြစ်သောကြောင့် ခြစ်ရာအနည်းအများပေါ်မူတည်၍လည်း ဈေးနှုန်းကွာခြားမှုရှိနိုင်ပါသည်။

စိန်အစစ်နှင့် ကိုရီးယားစိန်၏ အဓိကကွာခြားချက်သည် အလေးချိန်၊ အရောင်အနုအရင့်၊ မာကျောမှု၊ ကြွပ်ဆတ်လွယ်ခြင်းနှင့် သက်တမ်းများပင် ဖြစ်ပါသည်။ စိန်အစစ်များသည် ဈေးနှုန်းအားဖြင့် ပို၍မြင့်မားသလို အလေးချိန်အားဖြင့်လည်း ကိုရီးယားစိန်များထက် အလေးချိန် အနည်းငယ် သိပ်သည်းဆ ပို၍ များပါသည်။ အရောင်အားဖြင့် ကိုရီးယားစိန်သည် ပို၍လင်းပြီး စိန်အစစ်သည်  များသောအားဖြင့် အဝါနုဘက်ရောက်ပါသည်။ မာကျောမှုအနေဖြင့် စိန်အစစ်သည် ပိုမိုမာကျောသောကြောင့် အနည်းငယ်ကြွပ်ဆတ်လွယ်ပြီး သက်တမ်းအားဖြင့် ကိုရီးယားစိန်သည် ပို၍သက်တမ်းနုပါသည််။ အဓိကအားဖြင့် ကိုရီးယားစိန်ဟူ၍ ဈေးကွက်တွင် ရေပန်းစားလာရခြင်းမှာ ဈေးနှုန်းသင့်တော်မှုကြောင့်ဖြစ်ပြီး အရည်အသွေးအားဖြင့်လည်း ရင်ဘောင်တန်းနိုင်သောကြောင့် ဈေးကွက်တွင် နေရာယူလာခြင်းဖြစ်ပါသည်။

ဖော်ပြပါ အကြောင်းအရာများကြောင့် ကိုရီးယားစိန်နှင့် စိန်အစစ်တို့၏ ကွာခြားချက်များကို သိရှိနားလည်ပြီး ဗဟုသုတများစွာ ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။