ကျောက်မျက်အကြောင်းသိကောင်းစရာ

ချစ်ခြင်းမေတ္တာအတွက် ကံကောင်းစေသောအဆောင်ကျောက်လေးများ

goodluckcharmsforlove

တွင်းထွက်ကျောက်မျက်ရတနာများအကြောင်း စိတ်ဝင်စားလေ့လာနေကြသောသူများနှင့် ကျောက်မျက်ရတနာများ၏ စွင်းအင်သတ္တိများကို သိချင်သောသူများအတွက် ရည်ရွယ်ပြီး ချစ်ခြင်းမေတ္တာနှင့် ပက်သတ်၍ ကံကောင်းစေသော အဆောင်ကျောက်လေးများအကြောင်းကို မျှဝေပေးလိုက်ပါသည်။

ကျောက်မျက်ရတနာများသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက လူအများ၏ယုံကြည်မှုအရ ကျန်းမာရေးကောင်းမွန်ခြင်း၊ ကံကောင်းစေခြင်း၊ ထိခိုက်ဒဏ်ရာများမှ ကာကွယ်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအတွက် အကျိုးကျေးဇူးများခြင်း၊ အချစ်ရေးကံကောင်းစေခြင်း စသဖြင့် အကျိုးကျေးဇူးများရရှိစေသည်ဟု ယူဆကြသောကြောင့် လက်ဝတ်ရတနာများတွင် အလှဆင်ကာ ဝတ်ဆင်ကြသလို ကံကောင်းစေသော အဆောက်ကျောက်များအနေနှင့်ပါ ဝတ်ဆင်လေ့ရှိကြပါသည်။

ချစ်ခြင်းမေတ္တာဆိုသည်မှာ အဆုံးမရှိ ခံစားချက်ဖြစ်သည့်အလျောက် လျှို့ဝှက်ဆန်းကြယ်သော အစွမ်းသတ္တိရှိပြီး ၎င်း ၏ လွှမ်းမိုးမှုသည် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းများအပြင် အခြားသော စိတ်ပိုင်းဆိုင်ရာနှင့် ကျန်းမာရေး ပြဿနာများအတွက်ပါ သက်ရောက်မှုရှိသည့် အရာတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် လူသားများသည် ချစ်ခြင်းမေတ္တာအတွက် ကံကောင်းစေရန်နှင့် ဆွဲဆောင်မှုရှိစေရန်အတွက် အဆောင်လက်ဖွဲ့များအပြင် အဆောင်ကျောက်လေးများကိုပါ ဝတ်ဆင်လေ့ရှိကြပါသည်။

နီလာ (Ceylon sapphire ) ဟုခေါ်သော သီရိလင်္ကာမှ နီလာကျောက်များသည် ချစ်ခြင်းမေတ္တာအတွက် ရည်ညွှန်းပြီး ဆွဲဆောင်မှုရှိသော အရောင်အသွေးနှင့် တာရှည်ခံမှုရှိခြင်းကြောင့် စေ့စပ်လက်စွပ်များနှင့် အခြားသော လက်ဝတ်ရတနာများတွင် တွင်ကျယ်စွာ အသုံးပြုကြသည်။

ခရမ်းစွဲကျောက် (Amethyst) သည် ဖေဖော်ဝါရီလ မွေးနေ့ရှင်များအတွက် အဆောင်ကျောက်ဖြစ်ပြီး ချစ်ခြင်းမေတ္တာ၊ ခင်မင်ရင်းနှီးမှု၊ ပျော်ရွှင်မှု၊ ကြည်လင်မှုရှိသည့် သဘောရှိပြီး အချစ်သည် Amethyst ၏ အဓိက အဓိပ္ပါယ်များထဲမှ တစ်ခုဖြစ်ပါသည်။

ကျားမျက်လုံး (Tiger’s eye) ကျောက်လေးသည် ချစ်ခြင်းမေတ္တာနှင့် ကံကောင်းခြင်းများကို ယူဆောင်လာပြီး ထိုကျောက်မျက်သည် ဝတ်ဆင်ထားသူ၏ စိတ်နှလုံးကို ပေါ့ပါးစေသောကြောင့် အဆောင်အနေနှင့် ဝတ်ဆင်ကြပါသည်။

မေလဖွားများ၏ အဆောင်ကျောက်တစ်ခုဖြစ်သော မြ (emerald) သည်လည်း ချစ်ခြင်းမေတ္တာနှင့် သစ္စာရှိမှုတို့ကိုဖော်ညွှန်းပြီး ဝတ်ဆင်ထားသူအား ခြွင်းချက်မရှိ ချစ်ခြင်းမေတ္တာကို ပေးစွမ်းနိုင်ပါသည်။

Rhodochrosite ဟုခေါ်သော ကျောက်သည်လည်း ရုပ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးဆိုင်ရာ စွမ်းအင်များကို ပေါင်းစပ်ပေးပြီး စိတ်ဝိညာဉ်ကို ခွန်အားဖြစ်စေချိန်တွင် ချစ်ခြင်းမေတ္တာနှင့် စိတ်အားထက်သန်မှုကို လှုံ့ဆော်ပေးသည့် ကျောက်ဖြစ်သည်။ Rhodochrosite သည် နှလုံးကိုဖွင့်ပေးကာ စိတ်ဓာတ်ကျခြင်းကို သက်သာစေပြီး အကောင်းမြင်စိတ်ရွှင်လန်းမှုကို အားပေးသည်။ ၎င်းသည် မိမိကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးပြီး စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကို သက်သာစေသော ကျောက်ဖြစ်သောကြောင့် အဆောင်ကျောက်အနေနှင့် ဝတ်ဆင်ကြသည်။

နှင်းဆီသလင်းကျောက် (Rose Quartz) ကို Heart Stone ဟုခေါ်ဆိုပြီး ၎င်းကို ဘီစီ ၆၀၀ အစောပိုင်းကတည်းကပင် အချစ်သင်္ကေတ အဖြစ်အသုံးပြုခဲ့ကြသည်။ အရောင်အားဖြင့် ပန်းနုရောင် ရှိသောကြောင့် နူးညံ့ခြင်းကို ကိုယ်စားပြုပြီး ချစ်ခြင်းနှင့် ကြင်နာမှုကို ဖော်ဆောင်သည့်အပြင် ကောင်းမွန်သော စိတ်ခွန်အားများကို ပေးစွမ်းနိုင်သော ကျောက်အဖြစ် နာမည်ကျော်ကြားပါသည်။

အောက်တိုဘာလ မွေးနေ့ရှင်များအတွက် အဆောင်ကျောက်ဖြစ်သော ရွဲ (Opal) သည် သစ္စာရှိမှု၊ ယုံကြည်မှုနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို ကိုယ်စားပြုပြီး ဇနီးမောင်နှံတို့အတွက် ယုံကြည်မှုနှင့် နေ့ရက်တိုင်းကို ချစ်ခြင်းမေတ္တာများနှင့် လန်းဆန်းတက်ကြွနေစေသည့် အိမ်ထောင်ရေးတစ်ခုကို ကိုယ်စားပြုသည့်အဆောင်ကျောက်ဖြစ်ပါသည်။ ထို့ပြင် ပုလဲ (pearl) ၊ မျောကျောက် (Moon stone) ၊ စိန် (Diamond) တို့ကိုလည်း အချစ်၏ သင်္ကေတအဖြစ် သတ်မှတ်ကြကာ ချစ်ခြင်းမေတ္တာနှင့် ပက်သက်လျှင် ကံကောင်းခြင်း၊ လူချစ်လူခင်ပေါများခြင်း၊ စိတ်ဖိစီးမှုများလျော့ချခြင်းနှင့် အိမ်ထောင်ရေးတွင် ကံကောင်းခြင်းများယူဆောင်လာပေးသော အဆောက်ကျောက်လေးများအဖြစ် ယူဆကြကာ လက်ဝတ်အဆင်တန်ဆာများပြုလုပ်၍ ဝတ်ဆင်ကြပါသည်။

ယခုဖော်ပြပေးခဲ့သော ကျောက်မျက်ရတနာများသည် ချစ်ခြင်းမေတ္တာအတွက် အကျိုးကျေးဇူးများစွာ ရရှိစေပါသည်။ အချစ်ရေးတွင် ဆွဲဆောင်မှုရှိခြင်း၊ ကံကောင်းခြင်း၊ ပျော်ရွှင်မှု၊ သစ္စာစောင့်သိမှု၊ အိမ်ထောင်ရေးသာယာမှု၊ သန့်ရှင်းဖြူစင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုတို့အတွက် ကောင်းမွန်သည့် သက်ရောက်မှုရှိစေသည့် ကျောက်မျက်များဖြစ်သောကြောင့် ချစ်သူစုံတွဲများအတွက် အမှတ်တရ လက်ဆောင်အနေနှင့်သော်လည်းကောင်း၊ စေ့စပ်လက်စွပ်အနေနှင့်သော်လည်းကောင်း၊ လက်ထပ်လက်စွပ်အနေနှင့်သော်လည်းကောင်း အသုံးပြုမှုများသည် ကျောက်မျက်ရတနာများဖြစ်ပါသည်။