ပြည်တွင်းသတင်း

ကုန်ဈေးနှုန်းနှင့်အတူ မတည်ငြိမ်လာသော ဈေးကွက်အခြေအနေများ

unstable market

2021 ကာလအစောပိုင်းတွင် နိုင်ငံတွင်း ကြုံတွေ့ခဲ့ကြရသည့် မြန်မာနိုင်ငံ၏ အခြေအနေများကြောင့် ဘဏ်လုပ်ငန်းများနှင့် ဒေါ်လာဈေးကွက် မတည်ငြိမ်မှုများအပြင် မြန်မာ့ငွေကြေး တန်ဖိုးကျဆင်းလာခြင်းနှင့်အတူ ကုန်ဈေးနှုန်း မြှင့်တက်မှုများနှင့် ကုန်ပစ္စည်း ပြတ်လက်မှုများ စသည်တို့ ကြုံတွေ့ခဲ့ကြရပါသည်။ ဒါ့အပြင် နိုင်ငံအတွင်း Covid 19 တတိယလှိုင်းဒဏ်သည် အခြား နိုင်ငံများနှင့်တန်းတူ ရင်ဆိုင်ခဲ့ကြရခြင်းကြောင့် ပိုမို ခက်ခဲလာစေပြီး ငွေသားရှားပါးလာမှု အခြေအနေများနှင့်အတူ ကုန်ဈေးနှုန်း မတည်ငြိမ်ခြင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှခြင်း စသည့် အခြေအနေများ ရင်ဆိုင်ခဲ့ကြရပါသည်။

အထူးသဖြင့် ဒေါ်လာဈေး အဆမတန် မြင့်မားလာမှုကြောင့် ပြင်ပ သွင်းကုန်ပစ္စည်းများ ဈေးမြင့်တက်လာပြီး ဒေါ်လာဈေးတက်မှုကြောင့် မြန်မာနိုင်ငံ၏ ရွှေဈေးကွက်တွင်လည်း စံချိန်တင် မြင့်တက်မှုများ ရှိခဲ့ခြင်း ဖြစ်ပါသည်။ အိမ်ခြံမြေဈေးကွက်တွင်လည်း ဝယ်လိုအားထက် ရောင်းလိုအား များပြားခဲ့ပြီး အများစုမှာ ကိုယ်ပိုင်ငွေကြေးများကို ဘဏ်တွင် မထည့်သွင်းဘဲ ပိုမို ခိုင်မာမှုရှိမည်ဟုထင်သော အိမ်ခြံမြေဈေးကွက်အပေါ် ရင်းနှီးမြှုပ်နှံလာမှုကြောင့် ဈေးနှုန်း မြင့်တက်လာခြင်းတို့ကြောင့် ဝယ်လိုအား ရောင်းလိုအား မမျှတသည့် အခြေအနေများ ဖြစ်ပေါ်လာခဲ့ခြင်းတို့ပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဘဏ်စနစ် ဆောင်ရွက်မှုများ ချို့ယွင်းလာခြင်းကြောင့် အပ်ငွေများကို ပြန်လည်ထုတ်ယူရန် အခက်အခဲရှိခြင်းတို့အပြင် Online payment တွင်လည်း အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး သတ်မှတ်ထားသော ပမာဏထက် ပိုသည့် ငွေပိုလွှဲပေးရခြင်းများ ဖြစ်ပေါ်လာခဲ့ပါသည်။ လူအများစုမှာ ဘဏ်လုပ်ငန်းအပေါ် ယုံကြည်မှု အားနည်းလာခဲ့ပြီး စုငွေများကို အခြားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွင် ပြန်လည် စုဆောင်းမှုများ ရှိလာခြင်းကြောင့် ကုန်ဈေးနှုန်း မတည်ငြိမ်မှုနှင့်အတူ ဈေးကွက်အခြေအနေ အတက်အကျမြန်ခြင်းတို့ ကြုံတွေ့ခဲ့ကြရပါသည်။

လူအများစုမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အာမခံချက် ပိုရှိသည်ဟု ထင်မြင် ယုံကြည်ကြသည့် ဈေးကွက်များသည် ဒေါ်လာဈေးကွက်၊ ရွှေဈေးကွက်နှင့် အိမ်ခြံမြေဈေးကွက်တို့ပင် ဖြစ်ပါသည်။ ‌ယခင် ဈေးနှုန်းများထက် ပိုမို မြင့်တက်လာသော်လည်း ၎င်းတို့ကို ဝယ်ယူမှုသည် မြင့်တက်လျှက် ရှိနေခဲ့ခြင်းတို့ကြောင့် ဖြစ်ပါသည်။ ဒါ့အပြင် အ‌ခြားနိုင်ငံများမှ တင်သွင်းသော ကုန်ပစ္စည်းများမှာ
မြန်မာနိုင်ငံ၏ ဒေါ်လာဈေး ပေါက်ဈေး မြင့်တက်လာမှုကြောင့် မတည်မငြိမ် ဖြစ်ခဲ့ရပါသည်။ အထူးသဖြင့် စက်သုံးဆီ ဓာတ်ဆီ ဒီဇယ်တို့အပြင် ဈေးနှုန်းမြင့်တက်လာခြင်းကြောင့်လည်း နိုင်ငံတွင်း ထုတ်ကုန်အများစုမှာ ပြည်တွင်းထုတ်ကုန်များ ဖြစ်သော်လည်း Transportation charges များ မြင့်တက်လာခြင်းကြောင့် ဈေးနှုန်းမြင့်တက်မှုများ ရှိလာသည်ပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ကုန်ဈေးနှုန်း အ‌ဆမတန် မြင့်တက်လာခြင်းကြောင့် လုပ်ငန်းအများစုသည် ဆက်လက်ရပ်တည်နိုင်စေရန် ခက်ခဲလာခြင်းကြောင့် ရပ်ပစ်လိုက်ရခြင်း၊ အလုပ်သမားလျော့ချရခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အလုပ်လက်မဲ့ လူဦးရေမြင့်တက်လာခဲ့ပါသည်။ ဒါ့အပြင် ငွေကြေးရှားပါးမှုဒဏ်နှင့် အလုပ်အကိုင် ရှားပါးမှုများ အနည်းနှင့် အများ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါသည်။

ထို့ကြောင့် ယခုချိန်တွင် ဘဏ်လုပ်ငန်းများ ပြန်လည်ကောင်းမွန်စွာ လည်ပတ်နိုင်စေရန် မဖြစ်မနေ လိုအပ်လျက် ရှိနေပြီး ဒေါ်လာဈေးကွက် ထိန်းချုပ်နိုင်ရန်လည်း အထူးပင် လိုအပ်လှပါပေသည်။