Lifestyle, ဆောင်းပါး

Social Media အသုံးပြုခြင်း၏ ကောင်းကျိုး ဆိုးကျိုးများ

ခေတ်မှီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ Social Media Platform များ အများအပြားပေါ်လာသည်နှင့်အတူ ပုံမှန်ထက်ပိုပြီး Social Media အသုံးပြုနေကြခြင်းနှင့် ပတ်သက်ပြီး ကောင်းကျိုး ဆိုးကျိုးလေးတွေနှင့် ဆောင်ရန် ရှောင်ရန် အချက်လေးများကို အားလုံးအတွက် မျှဝေပေးလိုက်ပါသည်။ မည်သည့်အရာမဆို အရာရာသည် ကောင်းခြင်းနှင့် ဆိုးခြင်း ဒွန်တွဲနေတတ်သောကြောင့် အလွန်အကျွံ အသုံးပြုခြင်းကို ဆင်ခြင်ပြီး သုံးတတ်လျှင် ကောင်းကျိုးရနိုင်သလို မသုံးတတ်လျှင်လည်း ဘေးဖြစ်နိုင်ပါသည်။

၁၉၉၀ ဝန်းကျင်ခန့်က မြန်မာနိုင်ငံသည် internet အသုံးပြုဖို့ မလွယ်ကူခြင်းနှင့် ယခုအခါလောက် တွင်တွင်ကျယ်ကျယ် အသုံးမပြုကြခြင်းကြောင့် လူအများစုသည် အပန်းဖြေခြင်းနှင့် သတင်းအချက်အလက်များအတွက် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာနှင့် ဂျာနယ်များကိုသာ အသုံးပြုခဲ့ကြရပါသည်။ ဒါ့အပြင် အားလပ်ချိန်များတွင်လည်း လူငယ်များအနေဖြင့်ကြည့်လျှင် ကျန်းမာရေးလိုက်စားမှုအနေနှင့် လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းအနေနှင့် ကိုယ့်ကာယလေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်း၊ အချို့သောယောက်ျားလေး၊ မိန်းကလေးအများစုအနေနှင့်လည်း အားကစားလုပ်သည့်အနေဖြင့် ဘောလုံးကန်ခြင်း၊ ကြက်တောင်ရိုက်ခြင်း စသည်ဖြင့် အပန်းဖြေက‌စားလေ့ရှိကြပါသည်။

၂၀ ရာစု အကျော်နောက်ပိုင်းတွင် တစ်ကမ္ဘာလုံး၏ နည်းပညာရေစီးကြောင်း မြင့်တက်လာပြီး internet အားအလွယ်တကူ သုံးစွဲခွင့်ရလာကြပြီး သတင်းစီးဆင်းမှုအနေနှင့်လည်း ကမ္ဘာကြီးသည် ရွာကြီးတစ်ခုသဖွယ်ဖြစ်လာခဲ့ပြီး သတင်းစာဂျာနယ်၊ ရေဒီယို၊ ရုပ်မြင်သံကြားများကို စောင့်ကြည့်ရသည်ထက် ပိုမိုမြန်ဆန်သော သတင်းအချက်အလက်များကို အချိန်တိုအတွင်း internet ကိုအသုံးပြု၍ ရလာနိုင်သလို ပိုမိုလေ့လာနိုင်သော တစ်ခြားနယ်ပယ်အမြောက်အများကိုလည်း အလွယ်တကူလေ့လာနိုင်ပါသည်။ ထို့အတူ လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင်လည်း ပိုမိုမြန်ဆန်စွာဖြင့် နိုင်ငံတကာနှင့်အတူတူ ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်လာနိုင်ပါသည်။ မိမိ၏ စိတ်ဝင်စားမှုများနှင့် ဝါသနာပါရာများကိုလည်း အလွယ်တကူ online မှလေ့လာနိုင်သောကြောင့် Social Media အသုံးပြုခြင်းသည် ကောင်းကျိုးမြောက်များစွာရှိပါသည်။

သို့သော် အရေးကြီးဆုံးအရာသည် အရာရာကိုအစွန်းမရောက်စေဘဲ အသုံးချမည်ဆိုလျှင် ပိုမိုအကျိုးရှိနိုင်သောကြောင့် သတိထားရန်လိုအပ်ပါသည်။ ယနေ့ ၂၁ ရာစုအကျော်တွင် လူအများစုသည် Social Media အလွန်အကျွံ စွဲလမ်းစွာ အသုံးပြုခြင်းကြောင့် ဆိုးကျိုးများနှင့် ရင်ဆိုင်နေရပြီး ကလေးသူငယ်များပါ သုံးစွဲလာကြသည်ကို တွေ့ရပါသည်။ လက်ရှိအချိန်တွင် အများစုသည် မိမိအတွက် အကျိုးရှိစေသော အရာများကို လေ့လာခြင်းထက်စာလျှင် Social Media Platform များဖြစ်သော Facebook, Instagram, TikTok အစရှိသော အရာများကို သုံးစွဲမှုမြင့်တက်လာပြီး အချိန်ကြာမြင့်စွာ အထိုင်များခြင်းကြောင့် အာရုံကြောဆိုင်ရာပြသာနာများဖြစ်သော အမြင်အာရုံအားနည်းခြင်း၊ ကျီးပေါင်းနှင့် ခါးနာခြင်း ပြဿနာများကို ရင်ဆိုင်နေကြရပါသည်။

ထိုကဲ့သို့သော Social Media အသုံးပြုခြင်း၏ ဆိုးကျိုးများ၊ ပြဿနာများကို ကိုယ်တိုင်လည်းကြုံတွေ့နေရလျှင် အခုဖော်ပြပေးသော အကြံပြုချက်များကို အသုံးပြုနိုင်ပါသည်။ ပထမအချက်အနေဖြင့် မိမိအတွက် Social Media အသုံးပြုမည့် အချိန်တစ်ခုခုကို တိတိကျကျသတ်မှတ်ထားရန် လိုအပ်ပါသည်။ ဒုတိယအချက်အနေဖြင့် တစ်နေ့တာလုံးတွင် ၁၅ မိနစ်ခန့် အနည်းဆုံး ကိုယ်လက်လှုပ်ရှားမှု တစ်ခုရှိအောင် လုပ်ဆောင်ရန်ဖြစ်ပါသည်။ တတိယအချက်အနေဖြင့် အသက်နှစ်နှစ်အောက်ကလေးငယ်လေးများကို ဖုန်းနှင့်ကွန်ပျူတာ အသုံးပြုစေခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။ နောက်ဆုံးတစ်ချက်အနေဖြင့် စာဖတ်မည့် အချိန်တစ်ခုထားရန်နှင့် မိသားစုများ၊ သူငယ်ချင်းမိတ်ဆွေများနှင့်အတူ အချိန်ကုန်ဆုံးစေခြင်းဖြင့် မိမိတို့ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများကို ဖြေရှင်းနိုင်ကြောင်း အကြံပေးတင်ပြရင်း Social Media အသုံးပြုခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးလေးများကို မျှဝေပေးလိုက်ပါသည်။