ပညာရေး, ရွှေအကြောင်းသိကောင်းစရာ

ရွှေဒင်္ဂါးတွေရဲ့ မူလအစ

Origin of Gold Coin

ရွှေဒင်္ဂါးဆိုတာ အခုခေတ်မှာ သိပ်ကြားရလေ့မရှိတော့တဲ့ အသုံးအနှုန်းတစ်ခု ဖြစ်ပါတယ်။ ရှေးခေတ်အခါမှာတော့ အသုံးပြုမှုတွင်ကျယ်ခဲ့တဲ့ အရာတစ်ခုဖြစ်ပြီး ပစ္စည်းအချင်းချင်း လဲလှယ်တဲ့ ခေတ်ကာလအပြီး ပစ္စည်းတွေကို တန်ဖိုးတစ်ခုသတ်မှတ်ပြီး ဝယ်ယူတဲ့အလေ့အထ ပေါ်လာချိန်မှာ ဒင်္ဂါးတွေ အသုံးပြုမှု တွင်ကျယ်လာခဲ့တာ ဖြစ်ပါတယ်။

ရွှေဒင်္ဂါးဆိုတာ?
ရွှေဒင်္ဂါးတွေဆိုတာ Coin လို့ခေါ်တဲ့ ဒင်္ဂါးတစ်မျိုးသာဖြစ်ပြီး ရွှေဆိုတဲ့ သတ္တုကို အဓိကသုံးပြီး ပြုလုပ်ထားတဲ့ အရာဖြစ်ပါတယ်။ ရွှေဒင်္ဂါးတွေကို ပြုလုပ်ရာမှာ ရွှေပမာဏ ၉၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၂ ကာရတ်အထိ ထည့်သွင်းပြုလုပ်ကြလေ့ရှိပါတယ်။ ကျန်တဲ့ ပမာဏကိုတော့ ငွေ၊ ကြေးနီ ဒါမှမဟုတ် ၂ မျိုးစလုံး ရောနှောပြီး ပြုလုပ်ကြလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ရွှေပါဝင်မှုနည်းပါးတဲ့ ဒင်္ဂါးတွေလည်း ရှိနိုင်ပါတယ်။

ဘယ်အချိန်ကစလဲ?
ရွှေကို ကြေးခေတ်လောက်ကတည်းက စတင်အသုံးပြုခဲ့ကြပေမယ့် ဒင်္ဂါးတွေအဖြစ် ဖန်တီးပြုလုပ်မှုကိုတော့ ဘီစီ ၆ ရာစုလောက်မှာမှ စတင်ခဲ့တာ ဖြစ်ပါတယ်။ Anatolia လို့ခေါ်ကြတဲ့ အာရှဒေသတချို့ကနေ စတင်မြစ်ဖျားခံလာခဲ့တာ ဖြစ်ပြီး တူရကီနိုင်ငံ အနီးတဝိုက်က နယ်ပယ်ဒေသတွေ ဖြစ်ပါတယ်။ ဘီစီ ၅၄၆ မှာတော့ တူရကီဒေသ လင်ဒီယာဘုရင် ခရိုစီးယပ်စ်ထံကနေ ပါရှန်းတွေက ရွှေတွေကို သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။ အဓိကကတော့ ရွှေဒင်္ဂါးပြားတွေ ပြုလုပ်ဖို့အတွက်ဖြစ်ပါတယ်။ ပါရှန်းတွေရဲ့ ဒင်္ဂါးအလုပ်ရုံတွေဟာ တန်ဖိုးအရှိဆုံးအရာတွေထဲက တစ်ခုဖြစ်ခဲ့ပြီး ဘုရင်တွေရဲ့ လက်ဆောင် ပဏ္ဍာအဖြစ် အသုံးပြုရာ ပစ္စည်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အရှေ့အာရှဒေသက တရုတ်နိုင်ငံမှာတော့ ဘီစီ ၅ ရာစု၊ ၆ ရာစုလောက်မှာ ရွှေဒင်္ဂါးတွေ စတင်အသုံးပြုခဲ့ကြတယ်လို့ ဆိုကြပြီး ရင်ယွမ်ရွှေဒင်္ဂါးဟာ ရှေးတရုတ်ပြည်ရဲ့ အစောဆုံး ရွှေဒင်္ဂါးပြားတွေဖြစ်ခဲ့ပါတယ်။

မြန်မာမှာရောဘယ်ကစ?
မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကစပြီး ဒင်္ဂါးတွေကို စတင်အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ မြန်မာတို့ဟာ ဒင်္ဂါးဆိုတဲ့ ဝေါဟာရကို ပါဠိစကားလုံး “ဠင်္က”ကနေ ရယူသုံးစွဲခဲ့တယ်လို့လည်း အဆိုရှိပါတယ်။ အဓိပ္ပါယ်ကတော့ “ဘုရင့်တံဆိပ်လက်ရာရှိတဲ့ ငွေကြေး” ဖြစ်ပါတယ်။ မြန်မာ သက္ကရာဇ် ၉၁၂ ခုနှစ်၊ ဆင်ဖြူရှင်မင်းလက်ထက် ရှင်ကုမာရရေးသားတဲ့ ဓမ္မရာသီပျို့မှာလည်း “ဆန်းကြယ်တင့်တယ် တံဆိပ်ခတ်သား ကျပ် – မတ် – မူး – ပဲ သုံးစွဲဖွယ်မူ ဒင်္ဂါးပြ၍ အကုဋေမျှ ရာမကသား” လို့ စပ်ဆိုထားတာကို တွေ့ရပါတယ်။ မြန်မာ့အဘိဓာန်အကျဉ်းချုပ်မှာတော့ ဒင်္ဂါးဆိုတာ တံဆိပ်ခတ်နှိပ်ပြီး အလေးချိန်နဲ့ တန်ဖိုးသတ်မှတ်ကာ သွန်းလုပ်ထားတဲ့ ရွှေ၊ ငွေစတဲ့ သတ္တုပြား တွေ ဖြစ်တယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

ဘယ်လိုအသုံးပြုခဲ့ကြလဲ?
၁၉၃၀ ခုနှစ်ဝန်းကျင်ကာလမှာတော့ ရွှေဒင်္ဂါးတွေကို ငွေကြေးလည်ပတ်မှုစနစ်အတွင်း ထည့်သွင်း အသုံးပြုခဲ့ကြပါတယ်။ ရင်းနှီးမြှုပ်နှံမှုအဖြစ်လည်းကောင်း၊ စုဆောင်းထားမှုအဖြစ်လည်းကောင်း စတာတွေမှာလည်း အသုံးပြုကြလေ့ရှိပါတယ်။ ရွှေဒင်္ဂါးတွေကို ကမ္ဘာ့ဗဟိုဘဏ်မှာ အပေါင်တင်တဲ့ ပစ္စည်းအဖြစ်လည်း အသုံးပြုကြလေ့ရှိပါတယ်။ ရွှေချောင်းတွေကို အဓိကအသုံးပြုလေ့ ရှိပေမယ့် တစ်ခါတစ်ရံမှာ ရွှေဒင်္ဂါးတွေကို အသုံးပြုလေ့ရှိပါတယ်။ ရွှေဒင်္ဂါးကို ငွေစက္ကူတွေနေရာမှာ ထည့်သွင်းအသုံးပြုမှုဟာ ဈေးနှုန်းတွေအကြား ကွာဟမှုကို နည်းပါးစေတယ်လို့ ဆိုပါတယ်။ လွယ်လွယ်ကူကူ သယ်ဆောင်သွားနိုင်ပြီး ငွေထက်စာရင် တန်ဖိုးပိုရှိတဲ့အတွက်လည်း ပိုအသုံးဝင်တယ်လို့ ဆိုကြပါတယ်။ ဒါအပြင် ဘယ်လိုပဲ ဖျက်ဆီးဆီး မပျက်စီးနိုင်တဲ့အတွက်လည်း ရှေးခေတ်အသုံးပြုမှုတွေမှာ ရွှေဒင်္ဂါးတွေက အရေးပါနေရတာ ဖြစ်ပါတယ်။ ဒီကနေ့ကာလမှာတော့ ဒင်္ဂါးတွေနေရာမှာ ငွေစက္ကူတွေကိုသာ အဓိကအစားထိုး အသုံးပြုလာကြပြီး နိုင်ငံတချို့မှာသာ ကြေးဒင်္ဂါးတွေကိုအသုံးပြုနေကြတာ ဖြစ်ပါတယ်။