အထွေထွေသိမှတ်စရာ

ရွှေဝယ်သူတိုင်းသိထားသင့်တဲ့အလျော့တွက်လက်ခအကြောင်း

waste lat kha

ရွှေချစ်သူ မိဘပြည်သူများအတွက်ရည်ရွယ်၍ အမေးအများဆုံး မေးခွန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ရွှေဝယ်ယူသူတိုင်း မဖြစ်မနေ သိထားသင့်သော အလျော့တွက် လက်ခ အကြောင်းအရာလေးကို အသိပညာများတိုးပွားစေရန်အတွက် မျှဝေတင်ဆက်ပေးလိုက်ပါသည်။

မည်သည့် ပစ္စည်းမဆို ပြုလုပ်သောအခါ လက်ခပေးရသလို ရွှေထည်လက်ဝတ်ရတနာများကို ပြုလုပ်သောအခါတွင်လည်း ပန်းထိမ်ဆရာကို ပေးရသော လက်ခရှိပါသည်။ လက်ခ ဆိုသည်မှာ ပစ္စည်းအမျိုးအစား၊ လုပ်ရသော အချိန်ကာလ ကြာမြင့်မှု၊ အားစိုက်ဖန်တီးရသော အကြောင်းအရာများပေါ် မူတည်၍ လက်ခ အမျိုးမျိုးရှိသလို ရွှေထည်လက်ဝတ်ရတနာများကို ပြုလုပ်ရသောအခါတွင်လည်း မိမိလုပ်ချင်သော ဒီဇိုင်းများသည် မိမိ၏ ရွေးချယ်မှုပေါ်မူတည်၍ ပန်းထိမ်ဆရာများကို ပေးရသော လက်ခ အမျိုးမျိုးရှိပါသည်။

အလျော့တွက်လက်ခ ဆိုသည်မှာ ရွှေထည်လက်ဝတ်ရတနာများကို ဝယ်ယူသောအခါ ကျသင့်သော အလျော့တွက်ကို ဝယ်ယူသူဘက်မှ ပေးချေရပါသည်။ ရွှေတုံးမှ လက်ဝတ်ရတနာ ဒီဇိုင်းများပြုလုပ်သောအခါ ရွှေပန်းထိမ်ပညာသည်များဖြစ်သော ပန်းထိမ်ဆရာများကို ရွှေးပေးပြီး ရွှေထည်ပြုလုပ်သော လုပ်ငန်းစဉ်အလျောက် တွေ့ကြုံရသော ရွှေအလေအလွင့်အတွက် အလျော့တွက်အဖြစ်သတ်မှတ်ပြီး ပေးချေရပါသည်။ အလျော့တွက် လက်ခသည် အလကားသက်သက်ပေးရခြင်းမဟုတ်ဘဲ ပန်းထိမ်သမားတို့၏ ချွေးနဲစာဖြစ်ကာ ပန်းထိမ်ပညာကို လေးစားပြီး ပညာရှင်ကြေးအဖြစ် ပေးရခြင်း ဖြစ်ပါသည်။

ရွှေထည် လက်ဝတ်ရတနာတစ်ခုတွင် ရွှေရည် အလေးချိန်၊ အလျော့တွက်နှင့် လက်ခဟူ၍ ပါဝင်ကာ ထိုရွှေထည် လက်ဝတ်ရတနာ ကိုပြန်ရောင်းသောအခါတွင် ရွှေဆိုင်များသည် ရွှေထည်၏ တန်ဖိုး အလျော့တွက်နှင့် လက်ခ ကိုပြန်မပါဘဲ ရွှေရည်အလေးချိန်ကိုသာ ပြန်ဝယ်ကြပါသည်။ထို့ကြောင့် ရွှေဝယ်သောအခါတွင် အလျော့တွက်လက်ခ သက်သာစေရန်အတွက် ဒီဇိုင်းကို အရမ်းဆန်းပြားအောင် ဖန်တီးထားသော ဒီဇိုင်း၊ လက်ဝင်သော ဒီဇိုင်းမျိုးကို ရွေးချယ်ဝယ်ယူခြင်းထက် ရိုးရှင်းပြီး အလျော့တွက် လက်ခသက်သာသော ဒီဇိုင်းမျိုးကို ရွေးချယ် ဝယ်ယူသင့်ပါသည်။ ထို့အပြင် ရွှေမဝယ်ခင်တွင် မိမိဝယ်ယူမည့် ရွှေထည် ဒီဇိုင်း၏ အလျော့တွက်လက်ခကို သိအောင်လုပ်ထားလျှင် ပို၍ ကောင်းမည်ဖြစ်ပြီး မိမိစိတ်ကြိုက် ကိုယ်ပိုင်ဒီဇိုင်းအပ်မည် ဆိုလျှင် အလျော့တွက်လက်ခ ခန့်မှန်းပမာဏကို ဦးစွာမေးသင့်ပါသည်။

အကယ်၍ မိမိသည် အလျော့တွက်လက်ခ မပေးဘဲ ရွှေသီးသန့်စုဆောင်းချင်လျှင် အလျော့တွက်လက်ခ မရှိသော ရွှေတုံး၊ ရွှေပြားများကို ရွေးချယ်စုဆောင်းနိုင်သလို အလျော့တွက်လက်ခသက်သာသော ရွှေထည်လက်ဝတ်ရတနာများဖြစ်သည့် မောင်းကွင်း ဒီဇိုင်းကဲ့သို့ ရိုးရှင်းသော လက်မဝင်သည့် အထည်မျိုးကို ရွေးချယ်ဝယ်ယူသင့်ပါသည်။

ယခုဖော်ပြပေးခဲ့သော အကြောင်းအရာလေးသည် ရွှေချစ်သူများအတွက် အကျိူးရှိစေမည့် မဖြစ်မနေသိထားသင့်သည့် အလျော့တွက် လက်ခအကြောင်းအရာလေးဖြစ်ပြီး ဗဟုသုတ ရရှိစေရန် မျှော်လင့်မိပါသည်။