ရွှေအကြောင်းသိကောင်းစရာ

ရွှေဝတ်ဆင်ခြင်း၏ အကျိုးကျေးဇူး

Benefit Wear Gold

ရွှေထည်လက်ဝတ်ရတနာများသည် အမြင်အားဖြင့် လှပပြီး တန်ဖိုးကြီးရုံသာမက ရွှေထည်လက်ဝတ်ရတနာများ ဝတ်ဆင်ခြင်းအားဖြင့် အခြားသော အကျိုးကျေးဇူးတွေကိုပါ ရနိုင်ပါသည်။ လွန်ခဲ့သည့် ထောင်စုနှစ်များစွာမှစတင်၍ လူအများအပြား တန်ဖိုးထား ဝတ်ဆင်အသုံးပြုခဲ့ကြသည့် ရွှေထည်ပစ္စည်းများ၏ အကျိုးကျေးဇူးများကို ဗဟုသုတရရှိစေနိုင်ရန် ရည်ရွယ်၍ မျှဝေတင်ဆက်ပေးလိုက်ပါသည်။

အဓိကအားဖြင့် ရွှေဝတ်ဆင်ခြင်းသည် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများ လျော့ကျစေနိုင်သည့် စိတ်ကျန်းမာရေးကို အကျိုးပြုစေသည့် စိတ်ခံစားချက်ကို ရရှိစေနိုင်သည်ဟု သုတေသနပြုချက်တွေအရ လေ့လာတွေ့ရှိရပါသည်။ ဒါ့အပြင် ရွေထည်လက်ဝတ်ရတနာများကို ဝတ်ဆင်ခြင်းအားဖြင့် လူအများအလယ်တွင် လှပတင့်တယ်စေရုံသာမက ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းနိုင်သည့် အမွေအနှစ်တစ်ခုဖြစ်တာကြောင့် ချစ်ခင်ရသူများ၏ အမှတ်တရကောင်း ပြန်လည်သတိ‌ရစေပြီး ပျော်ရွှင်ခြင်းနှင့်အတူ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးပွားလာစေနိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်စေပါသည်။ ရွှေထည်လက်ဝတ်ရတနာများသည် ၎င်းတို့၏ တန်ဖိုးကို နှစ်များစွာ တန်ဖိုးမကျဆင်းစေဘဲ ထိန်းသိမ်းထားနိုင်တာကြောင့် အာမခံချက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်စေသည့် အကျိုးကျေးဇူးတစ်ခုလည်း ရရှိစေနိုင်ပါသည်။

ကျန်းမာရေးရှုထောင့်ဘက်မှ ကြည့်လျှင် ရွှေဝတ်ဆင်ခြင်းသည် ဒဏ်ရာအနာတရများ အကျက်ရစေပြီး သက်သာစေနိုင်သည့် စွမ်းအင်တစ်မျိုးရှိသည်ဟု ရှေးခေတ်သမားတော်ကြီးမှ ယုံကြည်လက်ခံခဲ့ကြသည်။ ရွှေဝတ်ဆင်ခြင်းသည် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးစေနိုင်ပြီး အဆစ်အမြစ်ရောင်ရောဂါများကို သက်သာစေနိုင်သည့် စွမ်းအင်လည်းရှိသည်ဟု ယုံကြည်ကြပါသည်။ ရောဂါပိုးမွှားများကို ကာကွယ်ပေးနိုင်သည့်အပြင် ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်သည်ဟု ဆိုကြသည်။

မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများ ကိုယ်တိုင်သည်လည်း အထူးသဖြင့် နှလုံးရောဂါဝေဒနာရှင်များအတွက် ထုတ်ဝေသည့်ဆေးများတွင် ရွှေကို ထည့်သွင်းဖော်စပ်လျက် ရှိနေမှုသည် သက်သေတစ်ခုပင် ဖြစ်ပါသည်။ အနောက်ပိုင်းဆေးဝါးကုသမှုများတွင်လည်း သွားဘက်ဆိုင်ရာ ဆေးဝါးကုသရာတွင် ရွှေကို အသုံးပြုခဲ့ကြသလို တရုတ်နှင့် အိန္ဒိယဘက်တွင်လည်း ခြေ၊ လက်ထုံကျင်ကိုက်ခဲမှုဝေ‌ဒနာများအတွက် ရွှေကို ကုသရေးတွင်လည်း ထည့်သွင်းအသုံးပြုခဲ့ကြခြင်း ဖြစ်ပါသည်။

ဒါကြောင့် ယခုကဲ့သို့ အကျိုးကျေးဇူးများ များပြားလှသည့် ရွှေထည်လက်ဝတ်ရတနာများကို ခေတ်အဆက်ဆက် တန်ဖိုးထားဝတ်ဆင်ခဲ့ကြသကဲ့သို့ မိမိ၏ မိသားစု၊ ချစ်သူခင်သူ အမြတ်တနိုး တန်ဖိုးထား၍ လွန်ခဲ့သည့် နှစ်ပေါင်းများစွာမှ ယနေ့ခေတ်အချိန်ထိ ဖက်ရှင်ရေစီးကြောင်းတစ်ခုအနေနှင့် တန်ဖိုးကြီးသည့် အသုံးအဆောင်တစ်ခုအနေဖြင့် ရည်ရွယ်ပြီး လက်ဆောင်မွန်ကောင်းတစ်ခုအဖြစ် ပေးလေ့ရှိပါသည်။

မရှိတန်ဆာ၊ ရှိဝမ်းစာ ဆိုသည့် စကားဆိုရိုးအတိုင်း ရွှေထည်ရတနာပစ္စည်းများသည် လူအများအတွက် တန်ဖိုးကြီးသကဲ့သို့ ဆင်ယင်တိုင်းလည်း လှပစေနိုင်သည့် ဂုဏ်သတ္တိများ ပေးစွမ်းနိုင်ပါသည်။