ဆောင်းပါး, ရွှေအကြောင်းသိကောင်းစရာ

အဖိုးတန် ရွှေ

Gold The most Valuable Metal

ကမ္ဘာ့သမိုင်းကြောင်းကို ပြောပါဆိုလျှင် ရွှေ၏ သမိုင်းကြောင်းကို ချန်ထားခဲ့လို့ မဖြစ်ပေ။ လူ့‌ယဉ်ကျေးမှုသမိုင်းကို ပြောပါဆိုလျှင်လည်း ရွှေ၏သမိုင်းကြောင်းကို မေ့ထားလို့လည်း မရနိုင်ပါ။ လွန်ခဲ့သော 6000 BC လောက်ကတည်းက ရွှေနှင့်လူသားတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက် ရှိကြသည်။ ရွှေသည် လူသားတို့အပေါ်တွင် များစွာအကျိုးသက်ရောက်ခဲ့သည်မှာ ယနေ့အထိပင်ဖြစ်သည် ဆိုတာကို ငြင်းပယ်လို့ မရနိုင်ပေ။ ရွှေကို သဘာဝအလျောက် ဖြစ်ပွားနေသော အခြေအနေတွင် တွေ့ရပြီး လူသားတို့သိရှိပြီးသော အဖိုးထိုက်တန်သည့် ပထမဆုံးသတ္တုများထဲမှ တစ်ခုဖြစ်သည်။

လူသားတို့သည် ရွှေကို နှစ်ပေါင်းထောင်ချီကတည်းက ကုန်သွယ်မှုနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုကို လွယ်ကူချောမွေ့စေရန်အတွက် ငွေကြေးအဖြစ် အသုံးပြုခဲ့ကြသည်။ ရွှေသည် ယုံကြည်စိတ်ချရသော ငွေကြေးအမျိုးအစားဖြစ်ပြီး အချိန်နှင့်အမျှ ဝယ်ယူနိုင်စွမ်းကိုပါ ထိန်းသိမ်းပေးနိုင်သော ငွေကြေးအဖြစ် လက်ခံထားကြသည်။ အစောပိုင်း ယဉ်ကျေးမှုများတွင်လည်း ရွှေကို ၎င်း၏အဖိုးတန် အရည်အသွေးများကြောင့် တန်ဖိုးထားခဲ့ကြသည်။ အရင်က ရွှေကို များများစားစား ရှာဖွေမတွေ့ရှိခဲ့သောကြောင့် ရှားပါးပြီး အဖိုးထိုက်တန်သော အရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။

ရွှေသည် ၎င်း၏ထူးခြားသော တောက်ပမှုနှင့် သင်္ကေတအရောင်များကြောင့် အစောပိုင်းလူ့အဖွဲအစည်းများနှင့် ဘာသာတရားများ၏ အဓိကနေရာတွင် ပါဝင်ပတ်သက်ခဲ့သည်။ ထို့အပြင် ရှေးခေတ် လူ့အဖွဲအစည်းများအတွက်လည်း လက်ဝတ်ရတနာများနှင့် ဘာသာရေးအဆင်တန်ဆာများ ပြုလုပ်ရန်အတွက် ရွှေကိုရွေးချယ် အသုံးပြုခဲ့ကြသေးသည်။

လူ့ယဉ်ကျေးမှု ပြောင်းလဲလာသည်နှင့်အမျှ ရွှေကို အသုံးချမှုမှာလည်း ပြောင်းလဲလာသည်။ ရွှေ၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများကြောင့် ရွှေကိုငွေကြေးနှင့် စည်းစိမ်ကို ထိန်းသိမ်းရာတွင် အကောင်းဆုံးနှင့် အသင့်တော်ဆုံး သတ္တုအနည်းငယ်ထဲမှ တစ်ခုအဖြစ် သိမြင်လာကြသည်။ ထို့နောက် ရွှေကို ပုံစံအမျိုးမျိုး ပြုလုပ်ပြီး အသုံးပြုခဲ့ကြသည်။ အီဂျစ်တွင်လည်း နိုင်ငံအတွက်အရေးပါသော သူများသေဆုံးသည့်အခါတွင် ရွှေဖြင့် အခေါင်းများ ပြုလုပ်၍ မြေမြှုပ်ခဲ့ကြသည်။ ဤအရာကို ကြည့်ခြင်းဖြင့်ရွှေသည် လူသားများ အပေါ်တွင် မည်မျှဆွဲဆောင်နိုင်ခဲ့သလဲကို သိမြင်နိုင်သည်။ ရောမ၊ ဂရိ ၊ အင်္ဂလန် စသည့်နိုင်ငံများတွင်လည်း ရွှေကို အသုံးအဆောင်များအပြင် နိုင်ငံ၏ငွေကြေး (ရွှေဒဂါး) အဖြစ် အသုံးပြုခဲ့ကြသေးသည်။ နိုင်ငံအလိုက် ရွှေကို ပုံစံအမျိုးမျိုး ပြုလုပ်ပြီး ငွေကြေးများအဖြစ် အသုံးပြုခဲ့ကြသည်။ ရွှေသည် လူသားမျိုးနွယ်အတွက် မရှိမဖြစ် အရာတစ်ခုဖြစ်လာခဲ့သည်။

ရွှေသည် ယနေ့ခေတ်တွင်လည်း နိုင်ငံတစ်နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုကို ဖော်ပြပေးနိုင်သော နောက်ကွယ်က မင်းသားလေးတစ်ပါးအဖြစ် ရှိနေပါသေးသည်။ နိုင်ငံ၏အသက်သွေးကြောဖြစ်သော ငွေကြေးတန်ဖိုးကို ဖော်ပြရန်အတွက် ရွှေကိုသာ အဓိက အသုံးပြုနေရသေးသည်။ ရွှေကိုနေရာမရွေး အချိန်မရွေး အသုံးပြုလို့ရသည့်အတွက်ကြောင့် ရွှေကို ဝယ်ယူစုဆောင်းသည့်သူများကို ယနေ့ထိတိုင် တွေ့မြင်နေရသေးသည်ကို ကြည့်ခြင်းဖြင့် ရွှေသည် ယနေ့ထိ အသုံးဝင်နေသေးသည်ကို တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့်ရွှေကို လူ့ယဉ်ကျေးမှု သမိုင်းတစ်လျှောက်လုံးတွင် အဆုံးစွန်သော ငွေကြေးများအဖြစ် သတ်မှတ်ခဲ့ပြီး ငွေကြေးလဲလှယ်ခြင်းနှင့် တန်ဖိုးကိုသိုလှောင်ခြင်းအတွက် အရေးပါအရာရောက်သော အရာတစ်ခုအဖြစ် လက်ခံယုံကြည်ထားဆဲပင် ဖြစ်ပါသည်။