ကျောက်မျက်အကြောင်းသိကောင်းစရာ

ပန်းနုရောင် Rose Quartz ကျောက်လေးရဲ့လျှို့ဝှက်ချက်

Rose Quartz 1

Rose Quartz ကျောက်သည် အလင်းရောင် ထိုးဖောက်နိုင်လောက်အောင် ကြည်လဲ့နေလေ့ရှိပြီး၊ တောက်ပကြည်လင်သော ပန်းဖျော့ဖျော့အရောင် ရှိပါသည်။ ပန်းနုရောင်လေးကြောင့် နူးညံ့သော အသွင်ဆောင်သဖြင့် မိန်းကလေးများ၏ အာရုံကို ဖမ်းစားလေ့ ရှိပါသည်။ Rose Quartz ကို ချစ်ခြင်းနှင့် ကြင်နာမှု ဖော်ဆောင်သော ကျောက်ဟုပင် အဓိပ္ပါယ်ရပါသည်။ ဒါ့အပြင် ချစ်ခြင်းများ၊ ကောင်းမွန်သော စိတ်ခွန်အားများကို ပေးစွမ်းနိုင်သော “Universal love”ဟုလည်း နာမည်ကျော်ကြားပြန်ပါသည်။

Rose Quartz ကျောက်ကို လွန်ခဲ့သော ဘီစိ ၈၀၀တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ စတင် တူးယူရှာတွေ့ခဲ့သူမှ အမည်ပေးခဲ့သော ဂရိစကားလုံး “Hyalos”မှ ဆင်းသက်လာခြင်းဖြစ်ပါသည်။ ကြည်လင်သော အရောင် ရှိသောကြောင့် အင်္ဂလိပ်စကားလုံးအရ ‘’Glass (ဖန်)’’ဟုပင် အဓိပ္ပါယ်ရပါသည်။ ရှေးအခါက Rose Quartz ကျောက်ကို အသုံးပြု၍ ဂရိနှင့် ငြိမ်းချမ်းမှု ရယူခဲ့ပြီး၊ အီဂျစ်လူမျိုးများသည် အိုမင်းရင့်ရော်မှုနှင့် အသက်အန္တရာယ် ကာကွယ်သည့် အနေဖြင့်လည်း အသုံးပြုခဲ့ကြသည်။ ထို့အပြင် ရောမခေတ်တွင်လည်း Rose Quartz ကျောက်ကို ပစ္စည်း အဖိုးအခအနေဖြင့်လည်း အကျယ်တဝန်း သုံးစွဲခဲ့ကြသည်။ ယခုအခါ ဘရာဇီးနိုင်ငံ၊ ဥရုဂွေးနိုင်ငံမှတဆင့် ဂျာမနီ သို့လည်းကောင်း၊ အိန္ဒိယ၊ တောင်အာဖရိကတို့မှ တဆင့် Rose Quartz ကျောက်များ တင်ပို့ ရောင်းဝယ်လာကြပါသည်။

ထိုကျောက်လေးသည် Taurus, Libra ရာသီ မွေးဖွားသူများအတွက် အဆောင်ကျောက်လေး ဖြစ်ပါသည်။ ထို့အပြင် ဝတ်ဆင်သူ၏ ကျန်းမာရေး၊ စိတ်စွမ်းအားများကိုလည်း အထောက်အကူ ပြုပြန်ပါသည်။ ကျန်းမာရေးအနေဖြင့် နှလုံးရောဂါ၊ နှလုံး သွေးကြောပိတ်ခြင်း နှင့် ကိုယ်ဝန်ဆောင်သည် မိခင်များအတွက်လည်း ဘေးအန္တာရယ် ကင်းရှင်းစေရန်၊ မွေးဖွားရ လွယ်ကူစေရန် စသည့်တို့ကို ကာကွယ်ပေးပါသည်။ စိတ်စွမ်းအားအနေဖြင့်လည်း Negative အတွေးများ၊ စိတ်ရှုပ်ထွေးမှုများမှ ဖယ်ရှားပေးနိုင်သည့်အပြင် အကောင်းမြင်စိတ်၊ ချစ်ခြင်းမေတ္တာများ တိုးပွားစေရန်အတွက်လည်း ဆောင်ရွက်ပေးပါသည်။

ပျော်ရွှင်မှုများ ပေးစွမ်းနိုင်ခြင်း၊ ရောဂါဘယ ကာကွယ်ကုသပေးနိုင်ခြင်း၊ ချမ်းသာကြွယ်ဝခြင်းနှင့် အသက်ရှည် ကျန်းမာစေခြင်း အစရှိသည့် အကောင်းဆုံးသော ဂုဏ်သတ္တိများပါဝင်သော ရတနာကျောက်ပင်ဖြစ်ပါသည်။ ရတနာချစ်သူများ လေ့လာ ဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတလေးများ မျှဝေလိုက်ပါသည်။