ရွှေအကြောင်းသိကောင်းစရာ

Kilo Bar ဆိုတာဘာလဲ?

kilo bar, u hton goldsmith, myanmar

ဒီတစ်ခါမှာတော့ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ငွေကြေးအစားထိုးအနေဖြင့်သုံးစွဲမှုမှာ အရေးပါတဲ့အခန်းကဏ္ဌမှာရှိတဲ့ ရွှေဘား (ရွှေချောင်း) Kilo Bar (Gold Bar) လေး အကြောင်းကို စုဆောင်းရှာဖွေတွေ့ရှိချက်တွေထဲက ဗဟုသုတရဖွယ်အချက်လေးတွေကိုစုစည်းတင်ပြပေးပါ့မယ်နော်။
ရွှေဆိုတာဟာ ကမ္ဘာ့တန်ဖိုးအရှိဆုံးဒြပ်စင်တစ်ခုဖြစ်ပြီး လက်ဝတ်ရတနာများမှာအသုံးပြုကြတာများတယ်ဆိုပေမဲ့ ယခုအခါမှာတော့ အဆင်တန်ဆာအပြင်သာမက နိုင်ငံတကာစီးပွားရေးနဲ့ ကုန်သွယ်ရေးတို့မှာလည်း ငွေကြေးအစားထိုးအဖြစ် အသုံးဝင်လျှက်ရှိနေပြီဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။
Gold Bullion (သို့မဟုတ်) Gold Ingot ဟုလည်းလူသိများသော Kilo Bar သည် ထုတ်လုပ်မှုတံဆိပ်ကပ်ခြင်း စသည့်စံချိန်စံညွှန်းနှင့်အညီ ရွှေဘားပုံသဏ္ဍာန်မွန်းမံပြုလုပ်ထားသည်။ အုတ်ချပ်ပုံစံထူသော ရွှေဘားများကို ဥရောပနိုင်ငံရှိရင်းနှီးမြှုပ်နှံသူများကပို၍နှစ်သက်ကြသော်လည်း ဈေးကွက်တွင်းရှိ ရွှေဘားအများစု၏အရွယ်ကိုပါးချပ်ချပ်အနေဖြင့်အတွေ့ရများသည်။
၁ ကီလိုဂရမ်ရွှေဘားသည် ပုံမှန်အားဖြင့် ရွှေတံဆိပ်တစ်ခု၏အရွယ်အစားဖြစ်သည်။ တစ်ကီလိုဂရမ်ရွှေဘားတစ်ခုတွင် ရွှေ ၃၅.၂၇ အောင်စ (သို့မဟုတ်) ရွှေ ၁၀၀၀ ဂရမ်ပါဝင်သည်။ ၎င်းအလေးချိန်အတိုင်းအတာသည် မြန်မာအလေးချိန်အနေဖြင့် ၁၀ ကျပ်သားကိုဆိုလိုသည်။ တစ်ကီလိုဂရမ်ရွှေဘားများသည် လူသုံးအများပြီး အရွယ်အားဖြင့်သယ်ဆောင်ရလွယ်ကူသဖြင့် ၎င်းအရွယ်အစားကိုအများအားဖြင့် ကမ္ဘာတစ်ဝှမ်းတွင် စံထားအသုံးပြုထုတ်လုပ်ကြသည်။ နိုင်ငံတကာတွင် ၁၀၀၀ ဂရမ် ရွှေဘားများသည်အသုံးပြုမှုအားဖြင့်ကျယ်ပြန့်သော်လည်း အာရှတိုက်တွင်မူ ၁၀၀၀ ဂရမ် ရွှေဘားများသာမက ၁၀ ဂရမ် ၁၀၀ ဂရမ် ရွှေဘားငယ်လေးများကိုလည်း အသုံးပြုတတ်ကြသည်။ ရွှေဘားတစ်ခုတွင် သန့်စင်ပြီးရွှေ ၉၉.၅ ရာခိုင်နှုန်းမှ ၉၉.၉ ရာခိုင်နှုန်းအထိပါဝင်ကြသည်။
ရွှေဘားများကို ပုဂ္ဂလိကကုမ္ပဏီများကသာ အများဆုံးထုတ်လုပ်ကြသည်။ သို့သော်တရားဝင်ခိုင်လုံမှုရှိပြီးစစ်မှန်ကြောင်း အထောက်အထား (သို့မဟုတ်) အမှတ်အသားပြုလုပ်ရန် မိမိတို့ထုတ်လုပ်သောရွှေဘားများ၏အပေါ်ဘက်တွင် တံဆိပ်အနေဖြင့် ဘားနံပတ်များရိုက်နှိပ်ထုတ်ဝေကြသည်။ ယင်းဘားတံဆိပ်များကို Kinebars ဟုခေါ်သည်။ Kinegram ဟု လူသိများပြီး Hologram လုံခြုံရေးနည်းပညာကို အသုံးပြုထားသည်။
ရွှေဘားများကို Troy အောင်စဖြင့်ဖော်ပြလေ့လည်းရှိသည်။ သုံးအောင်စအလေးချိန်ရှိသော ရွှေဘားတစ်ခုသည် ၃၁.၁၀၃၄၇၆၈ ဂရမ်နှင့်ညီသည်။ ထို့အပြင်အများအားဖြင့်ကြုံတွေ့ရလေ့ရှိသည့် Avoirdupois weight အောင်စ သည် ဗြိတိန်နိုင်ငံသုံးအလေးနှင့်အတိုင်းအတာများ (သို့မဟုတ်) ယူနိုက်တက်စတိတ်နိုင်ငံသုံးထုံးတမ်းယူနစ်များကို အသုံးပြုလျှက်ရှိသောနိုင်ငံများ၏ အလေးချိန်ဖြစ်သည်။ Avoirdupois weight တစ်အောင်စသည် ၂၈.၃၄၉၃၃၃၂၅ ဂရမ်ဖြစ်သည်။
နိုင်ငံတကာတွင် အသုံးများသော ရွှေဘား အလေးချိန်အတိုင်းအတာ ယူနစ်များကို အောက်တွင်ဖော်ပြထားပါသည်။

  • တစ်တန် = ၁၀၀၀ ကီလိုဂရမ် = ၃၂,၁၅၀.၇၄၆ Troy အောင်စ။
  • တစ်ကီလိုဂရမ် = ၁၀၀၀ ဂရမ် = ၃၂.၁၅၀၇၄၆ Troy အောင်စ။
  • ၁ Tola = ၁၁.၆၆၃၈၀၃၈ ဂရမ် = ၀.၃၇၅ Troy အောင်စ။
  • ၁ Tael = ၃၇.၇ ဂရမ်။

Tola သည် ရွှေအလေးချိန်တွင်အစဉ်အလာရှိသော အိန္ဒိယနိုင်ငံ၏ အတိုင်းအတာ ဖြစ်ပြီးယနေ့တိုင်အသုံးပြုဆဲဖြစ်သည်။အိန္ဒိယနိုင်ငံတွင်များသောအားဖြင့် ရွှေဘားများကို ၉၉.၉၆ ရာခိုင်နှုန်းသန့်စင်သော ရွှေဖြင့်သာ Tola bars များအနေဖြင့် သတ်မှတ်ထုတ်လုပ်ကြသည်။
ကမ္ဘာ့အကြီးဆုံးရွှေဘားသည် ၂၅၀ ကီလိုဂရမ် (၅၅၁ ပေါင်)ရှိပြီး အလျား × အနံ အားဖြင့် ၄၅၅ မီလီမီတာ × ၂၂၂ မီလီမီတာ (၁၇.၉ လက်မ၊ ၈.၉ လက်မ) နှင့် ၁၇၀ မီလီမီတာ (၆.၇လက်မ) အထူရှိသည်။ ၎င်းကို Mitsubishi ၏ လက်အောက်ခံ Mitsubishi Materials Cooperation မှထုတ်လုပ်ပြီး ၎င်းကို ၂၀၀၅ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် Toi Gold ပြတိုက်၌ ပြသခဲ့သည်။ ယင်းရွှေဘားတွင် ရွှေပါဝင်မှုကိုတွက်ချက်၍ တန်ကြေးအနေဖြင့် ၂၀၀၅ ခုနှစ်တွင် ယန်းသန်း ၄၀၀ (ထိုအချိန်က အမေရိကန်ဒေါ်လာ ၃.၆သန်းကျော်) တန်ဖိုးရှိသည်ဟုသတ်မှတ်ခဲ့ပြီး ၂၀၁၉ မေလ ၆ ရက်တွင် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၁၀သန်းဝန်းကျင် တန်ဖိုးရှိသည်ဟုသတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းရွှေဘားသည် ကမ္ဘာ့တန်ဖိုးအကြီးဆုံးနှင့် အရွယ်အစားအကြီးမားဆုံး ရွှေဘားတစ်ခုအဖြစ် မှတ်တမ်းတင်ထားသည်။
အခုပြောပြပေးခဲ့တဲ့ အကြောင်းအရာလေးတွေကတော့ နိုင်ငံတကာတွင်သာမက မြန်မာနိုင်ငံတွင်ပါ စီးပွားရေးအရ ကုန်သွယ်မှုဆိုင်ရာတွေမှာအသုံးပြုလျှက်ရှိနေတဲ့ ရွှေဘား (Kilo Bar) လေးနဲ့ ပတ်သတ်တဲ့ ဗဟုသုတရဖွယ် သိသင့်တဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်ရှင့်။