ရွှေအကြောင်းသိကောင်းစရာ

ရွှေဆိုင်တွေမှာ အပြင်ရွှေဆို ဘာကြောင့်မဝယ်တာလဲ?

whygoldshopshouldnotbuyscrapgold

ယနေ့ခေတ်အခါ တိုးတက်လာသည်နှင့်အမျှ ရွှေလောကကြီးမှာ ပြောင်းလဲမှုများ ရှိလာပါသည်။ ယခင်ခေတ်အခါက ပြင်ပရွှေများကို ပြန်ရောင်းလျှင် နဝလီအထည်‌ကောက်ဆိုင်မျိုး နှင့် အပေါင်ဆိုင်မျိုးတွင် အ‌ရောင်း ပြုလုပ်ကြပါသည်။ ရွှေဆိုင်ကြီးများကမူ မိမိ၏ ရွှေထည်မှအပ အခြား ပြင်ပ ရွှေထည်ပစ္စည်းများကို ဝယ်ယူခြင်း မပြုကြပေ။ မိမိကိုယ်ပိုင် ဖန်တီးကာ ရွှေထည် အထည်ခက်ထားတာတွေသာ ပြန်လည်ဝယ်ယူတတ်ကြသည်။

ယခုခေတ်အခါတွင်မူ ပြင်ပရွှေများကို တချို့ ရွှေဆိုင်ကြီးများကပါ ဝယ်ယူလာကြသည်။ ထိုသို့ ဝယ်ယူလာကြသောအခါဝယ် အများစု ဖြစ်လေ့ဖြစ်ထရှိသော အခက်အခဲများမှာ ပြင်ပ‌ရွှေဆို ဈေးကောင်းမပေးကြခြင်းပင် ဖြစ်ပါသည်။ အခက်အခဲ တစ်ခုမှာ ဝယ်လိုက်ရသော အထည်များကို ပြန်လည်အရည်ကျိုပြီး အခေါက်ပြန်ချွတ်ရသော စရိတ်သည်များသောကြောင့်ဖြစ်သည်။ ထိုဆိုင်များတွင် မိမိရွှေထည်ပစ္စည်း၏ ဝယ်‌ဈေးထက် ပြင်ပရွှေ၏ ဝယ်ဈေးမှာ အနည်းငယ် ကွာဟမှု ရှိခြင်းမှာ အမှန်ပင် ဖြစ်သည်။ ဒါ့အပြင် မိမိရွှေထည်ပစ္စည်းမဟုတ်ပဲ ပြင်ပရွှေကို ဝယ်ယူရာတွင် ပန်းထိမ်စစ်ဆေးမှုအဆင့် များပြားခြားနားခြင်းကြောင့် အထည်သည် မူလပုံစံထက် အနည်းငယ် ယိုယွင်းပြောင်းလဲခြင်းမျိုးများ ရှိလာနိုင်သည့်အခါ ယခင် ပေးထားသော ဈေးကို ပြန်လည်ပေးခြင်းများမတွေ့ရပေ။

ထို့ပြင် ပြင်ပရွှေကို ဝယ်ယူရာတွင် ဈေးနှိမ်ချင်သောအခါမျိုးတွင် ဆိုင်များမှ ရွှေစစ်ဆေးရာတွင် ရွှေကျိုရသော ငရဲမီးထဲတွင် ကြေးမှုန့်များ ထည့်ထား၍ သော်လည်းကောင်း၊ ပြဒါးများ ထည့်ထား၍ သော်လည်းကောင်း ပြုလုပ်ကာ ရွှေသည် မဲသည်/ ဖြူသည် ဟုဆို၍ ဈေးနိုမ်ဝယ်ယူကြသည်။

ရွှေကို ကျိုလိုက်သောကြောင့်လည်း ရွှေအလေးချိန် လျော့သွားပြန်သည်။ တခါတရံ မသမာသည့်ဝန်ထမ်းများရှိပါက ဖြတ်စထားသော ရွှေစများကိုလည်း ယူတတ်ကြသည်။ ဤသည်မှာ ရောင်းသူဘက်မှ နစ်နာမှုများ နှင့် ပြဿနာအမျိုးမျိုးဖြစ်နေရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။ ထိုသို့ အခက်အခဲ ပြသာနာများကို ယနေ့ခေတ် ရွှေလောကတွင် အဖြစ်များလာသည်ကိုလည်း တွေ့ရပြန်သည်။

နဝလီအထည်ကောက်ဆိုင် ဆိုတာ ဘယ်လိုမျိုးလဲ ?

နဝလီအထည်ကောက်ဆိုင်ဆိုသည်မှာ လာရောင်းသော ပြင်ပရွှေများကို ဝယ်ယူ‌သော သီးသန့်ဆိုင်တစ်ခုပင် ဖြစ်သည်။ ဦးစွာပထမ လာ‌ရောင်းသော ရွှေထည်ပစ္စည်းများကို ငရဲမီးထဲသို့ ထည့်ကာ ရွှေအရည်အသွေး စစ်ဆေးသည်။ သို့သော် ရွှေပေါက်ဈေး ထက်တော့ မရနိုင်ပေ။ နဝလီဆိုင်သည် လာရောင်းသော ရွှေထည်များကို စု၍ ရွှေတုံးအဖြစ် ပြောင်းလဲကာ ရွှေဈေးကွက်တွင် ၎င်းရွှေတုံးများကို ပြန်လည်ရောင်းချသော လုပ်ငန်းတစ်ခုပင် ဖြစ်သည့်အလျောက် ဝယ်ဈေးများမှာတခါတရံ ပုံမှန်ထက်နည်းနိုင်ပါသည်။

အပေါင်ဆိုင်များမှ ပြင်ပရွှေထည်များကို ဘာကြောင့် အထည်မဖျက်ပဲ အဘယ်ကြောင့် အပေါင်လက်ခံသနည်း ?

အပေါင်ဆိုင်များသည် ‌ပြင်ပရွှေထည်များကို လာပေါင်သည့် အချိန်ထဲကပင် နေ့ပြန်တိုး၊ လပြန်တိုး ဟူ၍ အမျိုးမျိုးယူထားခြင်း၊ ကိုယ်လိုချင်သော ငွေပမဏမပေးပဲ အပေါင်ဆိုင်မှ ပေးသောဈေးသာ ပေးခြင်း နှင့် အပေါင်သက်တမ်းဆုံးဖြစ်ခဲ့လျှင်လည်း အရှုံးမရှိနိုင်သောကြောင့် အပေါင်ဆိုင်များသည် ပြင်ပ‌ရွှေများကို အထည်မဖျက်စီးပဲ မှက်ကျောက်တိုက်ရုံဖြင့်သာ ရွှေထည် စစ်ဆေး၍ လက်ခံကြခြင်း ဖြစ်သည်။

ရွှေဆိုင်ကြီးမှ ပြင်ပရွှေများကို ဝယ်ယူသင့်ပါသလား ?

ရွှေဆိုင်ကြီးများမှ ပြင်ပရွှေထည်များကို ဝယ်ယူခြင်းသည် လုပ်ထုံးလုပ်နည်းတစ်ခု မဟုတ်ပေ။ ရွှေဆိုင်ကြီးများမှ မိမိရွှေထည်ပစ္စည်းအပြင် ပြင်ပရွှေထည်ပစ္စည်းများကို ဝယ်ယူသောအခါ ယခင် ရှေးအစဉ်အဆက်မှလုပ်ကိုင်လာသော ရွှေနဝလီဆိုင်များနှင့် အပေါင်ဆိုင်များ၏ တည်ရှိမှု တဖြေးဖြေး ယိုယွင်းလာခဲ့သည်။ တစ်နည်းအားဖြင့် အလုပ်အကိုင်များ နည်းပါးလာကာ အလုပ်လက်မဲ့ လုပ်ငန်းတည်ဆောက်မှုများ ယိုယွင်းလာခြင်းမျိုး ဖြစ်လာကြသည်။

ထိုကြောင့် မိမိရွှေထည်ပစ္စည်းများကို ပြန်လည်ရောင်းချလိုလျှင် မူလ ဝယ်ယူသောဆိုင်တွင်သာ ပြန်လည် ရောင်းချခြင်းသည် အကောင်းဆုံးသာ ဖြစ်ပြီး ဈေးကောင်းရနိုင်ပါသည်။ ဒါ့အပြင် ဈေးနှိမ်ဝယ်ယူခြင်း ပြသာနာများ နည်းပါးသွားနိုင်ပြီး အချိန်ကုန် လူပင်ပန်း သက်သာစေနိုင်မည် ဖြစ်ပေသည်။