Lifestyle, ဆောင်းပါး

ရွှေဘာကြောင့် ဝယ်စုသင့်တာလဲ?

ရွှေဘာကြောင့်ဝယ်စုသင့်သလဲ?

ရွှေဆိုတာ မြန်မာတို့ အမြတ်တနိုးထားကြတဲ့ အဆင်တန်ဆာတစ်ခုဖြစ်ပါတယ်။ ရွှေကို အဓိကအားဖြင့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ရှမ်းတဲ၊ ဂဲတောင်၊ ကမ်းပါးနီ၊ စဉ့်ကူးမြို့နယ်မှာရှိတဲ့ နွယ်ရုံ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးမှာ ရှိတဲ့ မန်စီ၊ ရှမ်းပြည်နယ် ကလောမြို့နယ်မှာ ရှိတဲ့ ရွှေမင်းဘုံ၊ ပျဉ်းမနားမှာရှိတဲ့ ကျည်တောင်ခေါမ၊ ဆင်ဖြူတောင်ဒေသတို့မှာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ရှေးအခါမှာတော့ ရွှေကို နန်းမှုနန်းရာ အသုံးအဆောင်တွေ ပြုလုပ်ရာမှာ လည်းကောင်း၊ ဆံပင်ထုံးဖွဲ့မှု ပစ္စည်းတွေမှာလည်းကောင်း အသုံးပြုလေ့ရှိပြီး ဘုရားဆင်းတုတော်တွေ၊ စေတီပုထိုးတွေမှာလည်း ရွှေသင်္ကန်း ကပ်လှူပူဇော်တာမျိုးတွေ ပြုလုပ်ကြလေ့ ရှိပါတယ်။ ဒီလိုမျိုး အမြတ်တနိုးတန်ဖိုးထားရတဲ့ ရွှေဟာ ဒီနေ့ခေတ်ကာလမှာတော့ အမြတ်တနိုးဝတ်ဆင်ကြတဲ့ အဆင်တန်ဆာ အဖြစ်သာမက ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ ဝယ်ယူစုဆောင်းကြတဲ့ အရာတစ်ခုအဖြစ်ပါ တည်ရှိလာခဲ့ပါတယ်။ ရွှေကို ဘာကြောင့် ဝယ်ယူစုဆောင်းသင့်တာလဲ? ဒီအကြောင်း ပြောပြပေးပါမယ်။

၁။ တန်ဖိုးခိုင်မာခြင်း
ရွှေဟာ စမတ်ဖုန်း၊ တီဗီ၊ မော်တော်ကား အစရှိတဲ့ ဇိမ်ခံပစ္စည်းတွေလိုမျိုး ဝယ်ပြီးတာနဲ့ အနုတ်ပြတတ်တဲ့ ပစ္စည်းမဟုတ်ပါဘူး။ ရွှေဟာ သဘာဝသယံဇာတပစ္စည်းတစ်ခု ဖြစ်တဲ့အပြင် တစ်ကမ္ဘာလုံးကလည်း လက်ဝတ်အဆင်တန်ဆာအဖြစ် အမြတ်တနိုး တန်ဖိုးထားကြတဲ့အတွက် တန်ဖိုးရှိတဲ့ပစ္စည်းအဖြစ် ယခုတိုင် တည်ရှိနေတာဖြစ်ပါတယ်။ ရွှေရဲ့ တန်ဖိုးဟာ အနုတ်ထက် အပေါင်းဘက်ကိုသာ ဦးတည်နေတာကြောင့် ငွေပိုငွေလျှံရှိပြီ ဆိုတာနဲ့ ရွှေဝယ်စုဖို့ အတွေးပေါ်ကြတာဖြစ်ပါတယ်။
၂။ မီးမလောင်နိုင်ခြင်း
ရွှေဟာ သတ္တုဖြစ်တဲ့အတွက် မီးဘေးအန္တရာယ်အတွင်း မီးလောင်ပြာဖြစ်သွားတဲ့ ပစ္စည်းတွေထဲမှာ မပါပါဘူး။ ငွေစက္ကူတွေ စုဆောင်းသိမ်းဆည်းထားရင် မီးဘေးအတွင်း အလွယ်တကူ ပြာဖြစ်သွားနိုင်ပေမယ့် ရွှေကတော့အဲဒီလို မဆုံးရှုံးနိုင်ပါဘူး။ ဒါကြောင့် ရွှေ စုဆောင်းသိမ်းဆည်းခြင်းက ဇိမ်ခံပစ္စည်းတွေ၊ ငွေစက္ကူတွေ သိမ်းဆည်းစုဆောင်းခြင်းထက် ပိုပြီး အကျိုးရှိစေတယ်လို့ ဆိုကြပြီး မြန်မာလူမျိုးတော်တော်များများက ရွှေဝယ်ယူစုဆောင်းတာမျိုး ပြုလုပ်ကြလေ့ရှိပါတယ်။
၃။ သယ်ဆောင်ရလွယ်ကူခြင်း
ရှေးအခါတည်းက ရွှေတွေကို အဝတ်တွေနဲ့ ထုပ်ပြီး ယူဆောင်သွားကြတာမျိုးကို ကြားဖူးကြမှာပါနော်။ စင်စစ်အားဖြင့် ရွှေတွေဟာ ဝန်ကျစ်ကျစ်နဲ့ တန်ဖိုးများများ သယ်ဆောင်ရနိုင်တဲ့ ပစ္စည်းပါပဲ။ ရွှေတစ်ထုပ်နဲ့ တန်ဖိုးတူ ငွေစက္ကူကို ယူဆောင်သွားရင် ထမ်းပိုးရတဲ့အထိ ဖြစ်နိုင်ပေမယ့် ရွှေတွေကိုတော့ သာသာယာယာနဲ့ ကိုယ့်ရဲ့ လက်ဆွဲအိတ်ထဲ ထည့်ပြီး ယူဆောင်သွားနိုင်ပါတယ်။ ဒီလိုမျိုး အကျိုးရှိတဲ့ အတွက်ကြောင့်လည်း ငွေပိုငွေလျှံရှိလာရင် ရွှေဝယ်စုရမယ်ဆိုတဲ့ အတွေးပေါ်မိကြတာပေါ့။