U Htons History

“ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်” သည် ၁၉၅၂ ခုနှစ်မှစတင်၍ ပန်းထိမ်လုပ်ငန်း အဓိကထား လုပ်ကိုင်စေခဲ့ပြီး၊ ၁၉၉၄ ခုနှစ်တွင် ဦးထုံ ပန်းဘဲတန်း ရတနာရွှေဆိုင် အမှတ် ( ၁ ) အား ဖွင့်လှစ်ခဲ့ပြီး ထပ်မံ၍ ၂၀၀၀ ခုနှစ်တွင် လသာမြို့နယ် လမ်းမတော်လမ်းရှိ ဦးထုံ ရတနာရွှေဆိုင်အမှတ် ( ၂ ) အား တိုးချဲ့ဖွင့်လှစ်ခဲ့ရာ နှစ်ပေါင်း ၇၀ ကျော်သည်အထိ အောင်မြင်စွာ ရပ်တည်လျက်ရှိပါသည်။ ယခုကဲ့သို့ “ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်” လုပ်ငန်းများ စတင် ထူထောင်ခဲ့သော ပန်းထိမ်ဆရာ ဖခင်ကြီး ဦးထုံ၏ ဘဝ ဖြတ်သန်းပုံများကို မိဘပြည်သူများ ဖတ်ရှု မှတ်သား သိရှိနိုင်စေရန် ရည်ရွယ်၍ မျှဝေတင်ပြလိုက်ပါသည်။

ရွှေပန်းထိမ်ဆရာကြီး ဦးထုံ၏ ငယ်စဉ်ဘဝ ကြမ်းတမ်းခဲ့ရသော ခရီးလမ်း

ဖခင်ကြီး ရွှေပန်းထိမ်ဆရာ ဦးထုံ (ခ) မောင်သာလှသည် ၁၉၂၃ ခုနှစ် မေလ၁၈ ရက်နေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမများအနက် သားအလတ်ဖြစ်ပါသည်။ မိခင်ဖြစ်သူသည် အငယ်ဆုံး ညီမလေး မွေးဖွားပြီး မကြာခင်တွင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ရပါသည်။ မိခင် ဆုံးပါးသွားချိန်တွင် အသက် (၉) နှစ်ဝန်းကျင်သာ ရှိခဲ့ပါသည်။

ငယ်ရွယ်စဉ်အခါတည်းကပင် လောကဓံ၏ ရိုက်ခတ်မှုကို ခါးသီးစွာ ခံစားခဲ့ရပြီး ကျောင်းပင်မတက်နိုင်သည့်အပြင် ခက်ခဲပင်ပန်းစွာ အလုပ်ဟူသမျှကိုလည်း ရှောင်ရှားခြင်း မပြုလုပ်နိုင်ဘဲ အလုပ်မျိုးစုံလုပ်ကာ ဘဝကိုရပ်တည်နိုင်ရေးအတွက် ခက်ခက်ခဲခဲ ရဲရဲရင့်ရင့် ရင်ဆိုင်ကျော်လွှားခဲ့ရပါသည်။ ဆင်းရဲမှု၏ဒဏ်ကြောင့်လည်း မိသားစုများနှင့် အတူမနေနိုင်ဘဲ အလုပ်ရှိရာတွင်သာ နေထိုင်ခဲ့ရပြီး မုန့်ရောင်းချခြင်းကအစ ကားရေဆေးသည့် အလုပ်များပါ မကျန် လုပ်ကိုင်ခဲ့ရပါသည်။

လုပ်ငန်းပေါင်းစုံတွင် လူပေါင်းမြောက်များစွာနှင့် ခင်မင်ရင်းနှီးခဲ့ရပြီး စီးပွားရေးလုပ်ငန်းများအကြောင်းကိုလည်း ရုန်းကန်လုပ်ကိုင်ရင်း သင်ယူလေ့လာခဲ့ကာ စီးပွားရေးအကြောင်းကိုလည်း အတော်အသင့် သိရှိ နားလည်ခဲ့ရပါသည်။ ရှာဖွေရရှိသမျှ ငွေကြေးများကို အပတ်တကုတ် စုဆောင်းကာ တစ်ချိန်တွင် အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင် ဖြစ်ရမည်ဆိုသည့် အိမ်မက်ကိုမက်ရင်း အကောင်အထည် ဖော်နိုင်ရန် များစွာသော စိတ်ကူးစိတ်သန်းဖြင့် ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်အောင် ကြိုးစားခဲ့ရပါသည်။

ရွှေပန်းထိမ်ဆရာ ဖြစ်ရခြင်း၏ ခြေလှမ်းအစ

Goldsmith11

ဘဝကို အလုပ်အကိုင် မျိုးစုံ လုပ်ကိုင် ရုန်းကန်ရင်း အသက် (၂၀) ခန့်အရွယ်တွင် အသိ မိတ်ဆွေ တစ်ယောက်၏ အကူအညီဖြင့် ရွှေပန်းထိမ်လုပ်ငန်းတစ်ခုတွင် ဝင်ရောက် အလုပ်လုပ်ခွင့် ရရှိခဲ့ကာ ပန်းထိမ်ပညာရပ်များအား လေ့လာခွင့်ရရှိပြီး မေးမြန်း သင်ယူကာ စတင် လုပ်ကိုင် ဆောင်ရွက်ခဲ့ရပါသည်။ ယင်းပန်းထိမ်ပညာရပ်ကို သင်ယူသည့်အခါ အခက်အခဲပေါင်းများစွာ ရင်ဆိုင် ကြုံတွေ့ခဲ့ရပြီး တစ်ခါတစ်ရံတွင်လည်း ပန်းထိမ်ပညာ မပြည့်စုံသေးခြင်းကြောင့် ပြုလုပ်လိုသော လက်ဝတ်ရတနာထည်သည် မအောင်မြင်သည့်အခါတွင်လည်းကောင်း၊ တစ်ခါတစ်ရံ ငွေရရှိမှု မရှိသည့်အခါတွင်လည်းကောင်း စိတ်ဓာတ်ကျခြင်းများလည်း ကြုံခဲ့ရပါသည်။ ထိုသို့ စိတ်ဓာတ်ကျခဲ့သည့် အချိန်တိုင်းတွင် ဖခင်၏ နွေးထွေးသော သွန်သင် ဆုံးမ အားပေးမှုများသည် အရာအားလုံးကို ရင်ဆိုင် ကျော်ဖြတ်နိုင်ဖို့ရန် အားသစ်အင်သစ်များ ဖြစ်ပေါ်စေခဲ့ရပြန်ပါသည်။ ထိုသို့ ဖခင်၏ သွန်သင်ဆုံးမမှုနှင့် အားပေးမှုများကြောင့် ရွှေလုပ်ငန်းကို စိတ်ဝင်တစား ပို၍ စူးစူးစိုက်စိုက် လေ့လာစေခဲ့ပြီး ပန်းထိမ်ဆရာ ဖခင်ကြီး ဦးထုံ သည် ရွှေလောကထဲသို့ စတင် ဝင်ရောက်ခဲ့ရာ ယင်းသို့ ရွှေပန်းထိမ် လောက ဝင်ရောက်ချိန်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးပင် မရရှိသေးသည့် အချိန်ကာလလည်း ဖြစ်ပါသည်။

ထိုကဲ့သို့ သာမန် ပန်းထိမ်သမား ဘဝမှ ပန်းထိမ်ဆရာ ဘဝ ရရှိအောင် ကြိုးစားရင်း အိမ်ထောင်ကျခဲ့ပြီး ၁၉၅၂ ခုနှစ်မှစ၍ ရွှေပန်းထိမ်လုပ်ငန်းအား ကိုယ်တိုင်ဦးစီး လုပ်ကိုင်ရာ ဇနီးသည်အားလည်း ပန်းထိမ်ပညာ သင်ပေးပြီး ဇနီးသည်နှင့်အတူ အလုပ်ကို ကြိုးစား လုပ်ကိုင်ပြီး စုဆောင်းတတ်စေမှုများကြောင့် ငွေကြေး အတော်အသင့် ရရှိချိန်တွင် ရွှေဆိုင်တစ်ခု ဖွင့်လှစ်နိုင်ရန် စတင် စိတ်ကူးရင်း နှစ်ယောက်အတူ အလုပ်များ အပတ်တကုတ် ကြိုးစား လုပ်ကိုင် စုဆောင်းခဲ့ရပြန်ပါသည်။ ပန်းထိမ်လုပ်ငန်းများ ဦးစီး လုပ်ကိုင်ချိန်တွင် လုပ်ငန်းလက်အောက်ရှိ ပန်းထိမ်သမားများအား ကိုယ်တိုင်ကိုယ်ကျ ပန်းထိမ်ပညာရပ်များ သင်ကြားပေးခဲ့ရပါသည်။

သို့သော် ရွှေဆိုင်လုပ်ငန်းရှင် တစ်ချို့၏ ယှဉ်ပြိုင်မှုကြောင့် ပန်းထိမ်ဆရာ ဦးထုံသည်လည်း တစ်ခါတစ်ရံ လုပ်ငန်းရှင်များအကြား လုပ်ရကိုင်ရ ခက်ခဲခြင်းနှင့် အရွေ့အပြောင်းများ ရှိစေခြင်း ဖြစ်ရပ်များကိုလည်း ကြုံတွေ့ခဲ့ရပါသည်။ နှစ်အတော်ကြာမျှ ရွှေပန်းထိမ်လုပ်ငန်း၌ ကျင်လည်စေခဲ့သောကြောင့်လည်း ရွှေလောကသားများစွာနှင့် ရင်းနှီး ကျွမ်းဝင်ခဲ့ရပြီး မိမိ၏ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ၊ အသိပေးသော ဆရာများဖြစ်သော ကျေးဇူးရှင်ဆရာများစွာလည်း တွေ့ရှိခဲ့ရပါသည်။ ရွှေပန်းထိမ်ဆရာ ဖခင်ကြီး ဦးထုံနှင့်အတူ ဇနီးသည် နှစ်ဦးစလုံး၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ငွေအတော်အတန် စုဆောင်းခဲ့မိချိန်တွင် စိတ်ကူးထားသည့် ရွှေဆိုင် ဖွင့်မည့်လုပ်ငန်းအား စတင် တည်ထောင်ရန် ကြိုးစားခဲ့ရပြန်တော့သည်။ မိမိနေထိုင်ရာ အိမ်တွင် ရွှေပန်းထိမ်ဖို ထားရှိပြီး ရွှေဆိုင်များအား ရွှေထည်လက်ဝတ်ရတနာများ လုပ်ပေးရင်းဖြင့် မိတ်ဆွေများ၊ အသိများ ပေးအပ်သော အော်ဒါထည်များကိုလည်း ကိုယ်တိုင်ကိုယ်ကျ လက်ခံကာ ဆောင်ရွက်ပေးပြီး အမည်ကောင်းရရှိရန် ရွှေရည်ပြည့်ဖြင့် လက်ရာကောင်းနှင့် စေတနာရှေ့ထား ရင်ဝယ်ပိုက်ပြီး လုပ်ငန်းများ လုပ်ကိုင်ခဲ့ပါသည်။

ရည်မှန်းထားသော ရွှေဆိုင်လုပ်ငန်းသို့ လှမ်းတက်ခြင်း

UHton11

ရွှေပန်းထိမ်လုပ်ငန်းအား ပန်းထိမ်ဆရာနှင့် ပန်းထိမ်သမားဝန်ထမ်းများ တိုးချဲ့၍ ၁၉၉၁ ခုနှစ်တွင် ရွှေဆိုင်ဖွင့်လှစ်ရန် တိုက်ခန်းဝယ်ယူပြီး အရင်းအနှီး ဆက်လက် စုဆောင်းကာ ရည်မှန်းထားသော ရွှေဆိုင်လုပ်ငန်းအား ၁၉၉၄ ခုနှစ် ပန်းဘဲတန်းမြို့နယ်တွင် မိတ်ဆွေကောင်းများစွာ၏ အကူအညီများနှင့်အတူ “ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်လုပ်ငန်း” ဖွင့်လှစ်ကာ ရွှေဆိုင်လုပ်ငန်း အိမ်မက်တစ်ခုကို အကောင်အထည်ဖော် စတင် ဆောင်ရွက်ခဲ့ပြန်ပါတော့သည်။ ထိုစဉ်အခါက မိမိ အလုပ်လုပ်ပေးသော ရွှေဆိုင်များသည် လသာမြို့နယ်တွင်ရှိပြီး ပန်းဘဲတန်းမြို့နယ်တွင် ရွှေဈေးကွက်သာရှိ၍ နာမည်ကြီးရွှေဆိုင် မရှိသေးသော ကာလလည်း ဖြစ်ပါသည်။

ပန်းဘဲတန်းမြို့နယ်ရှိ “ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်” အမှတ် ( ၁ ) စတင် တည်ထောင်ချိန်တွင် မိမိအား အလုပ်ပေးအပ်သော ရွှေဆိုင်များ၏ ပန်းထိမ် ဝန်ဆောင်မှုနှင့် အပ်နှံ့ခြင်း လုပ်ငန်းဆောင်တာများ ရုတ်တရက် လျော့ချလိုက်သဖြင့် ရွှေပန်းထိမ်ဖို၏ မူလ လုပ်ငန်း လည်ပတ်မှုကို များစွာ ထိခိုက်မှု ကြုံခဲ့ရပါသည်။ ရွှေပန်းထိမ်နှင့် ရတနာဆိုင် လုပ်ငန်းအား စတင် ဖွင့်လှစ် ဆောင်ရွက်နေပြီဖြစ်သောကြောင့် လုပ်ငန်းအတွင်း မမျှော်လင့်သော အခက်အခဲပေါင်းများစွာ ရင်ဆိုင်ခဲ့ရပြီး လုပ်ငန်းကို ရိုးသား ကြိုးစားစွာဖြင့် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများနှင့်အတူ ခေတ်မှီ လက်ရာ ဒီဇိုင်းများ ပေးစွမ်းနိုင်စေရန် ယခင်ထက် ပိုမို၍ အားသွန်ခွန်စိုက် ကြိုးပန်းလုပ်ကိုင်ခဲ့ရသည့် အချိန်ကာလတွင် “ဦးထုံရွှေပန်းထိမ် ရွှေဆိုင်နှင့် ရတနာလုပ်ငန်း” သည် အများ၏ ယုံကြည်အားကိုးမှုကို များစွာ ရရှိခဲ့ရပါသည်။

"ရွှေဆိုလျှင် ဦးထုံကို အထူးယုံလိုက်ပါ" ဟူသော ဆောင်ပုဒ် ဖြစ်ပေါ်လာပုံ

လွန်ခဲ့သော နှစ်ပေါင်းများစွာက ပန်းဘဲတန်းမြို့နယ်ဆိုလျှင် ရွှေရည် ညံ့များသာ ရောင်းချသည့် မြို့နယ်နေရာ ဟု လူအများကြား ပြောစမှတ် တွင်ခဲ့သည်။ သို့သော် “ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်”သည် ဝယ်ယူသူ Customer များအား ရွှေရည်ပြည့်နှင့် ရတနာ အစစ်မှန်များကို အကောင်းမွန်ဆုံးသော လက်ရာများဖြင့် ဖန်တီးပြီး ဝတ်ဆင်စေလိုသော စေတနာ မေတ္တာမွန်များကြောင့်လည်း “ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်” အမှတ် ( ၁ ) ဖွင့်လှစ်အပြီး များမကြာမှီတွင် “ဦးထုံ ရွှေက ကောင်းသည်” ဟု လူအများကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့ရပါသည်။ ရွှေရည်ကို ၁၅ ပဲရည် အပြည့်အဝ သုံး၍ လက်ရာဒီဇိုင်းများ ဆန်းသစ် ဖန်တီး ပြုလုပ်လေ့ရှိသောကြောင့် ဝယ်သူများ၏ စိတ်ကျေနပ်မှု များစွာကို ရရှိ ပိုင်ဆိုင်ခဲ့ပြီး အမြို့မြို့ အနယ်နယ်သို့ “ဦးထုံရွှေဆိုင်က ရွှေသားကောင်းတယ်” ဟူ၍ နာမည်ကောင်းလည်း အထူးရရှိခဲ့ရပါသည်။

“ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်” တွင် ဝယ်ယူသူများက အပေါင်ဆိုင်သို့ သွားပေါင်လျှင်တောင် တခြားရွှေဆိုင်၏ ရွှေထည်ပစ္စည်းများထက် ဈေးပိုရရှိသည်ဟု Customer များထံမှ သိရှိ၍လည်း ဝမ်းသာပီတိ ဖြစ်ရပါသည်။ ဦးထုံရွှေဆိုင်သည် ထိုကဲ့သို့ ရွှေရည် ပြည့်ဝမှုများကိုသာ သုံးပေးသည့်အတွက် အချိန်တို အတွင်းမှာပင် လူအများကြား အပြောများလာသည့် စကားက “ရွှေဆိုလျှင် ဦးထုံကို အထူး ယုံလိုက်ပါနော်” ဆို၍ ပြောစမှတ်တွင်လောက်အောင် ရွှေဆိုင် ဖွင့်လှစ်အပြီး လပိုင်းအတွင်း ယခုကဲ့သို့ အောင်မြင် ကျော်ကြားလာခဲ့သည်။ Customer များ၏ ယုံကြည်မှုများအကြား ယခုကဲ့သို့ ကျယ်ပြန့်လာခဲ့သောကြောင့် လူတိုင်း ပါးစပ်ဖျားတွင် ပြောနေသော “ရွှေဆိုလျှင် ဦးထုံကို အထူးယုံလိုက်ပါ” ဟူသော ဆောင်ပုဒ်ကို အမြဲ လက်စွဲ ကိုင်ဆောင်ရင်း လုပ်ငန်းများကို ပိုမို၍ ဂရုစိုက် လုပ်ကိုင်လာတာ ယနေ့တိုင် ဖြစ်ပါသည်။ နောင်လည်း ယင်းဆောင်ပုဒ်နှင့် အညီ ရွှေရည်ကောင်းနှင့် လက်ရာကောင်းဖြင့် ဆက်လက်၍ ဝန်ဆောင်မှုများ ပေးစွမ်းသွားမည် ဖြစ်ပါသည်။

UHton Lanmadaw

“ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်” အား အစဉ်အမြဲ ကောင်းသထက် ကောင်းအောင် ကြိုးစား ဆောင်ရွက်နေသည့်အလျောက် ဝယ်သူများ၏ ယုံကြည်မှုများနှင့်အတူ အားပေးမှုများသည်လည်း တစ်နေ့ထက် တစ်နေ့ ပိုမို များပြားလာပြီး ကိုယ်ပိုင် ရွှေပန်းထိမ်ဖြင့် ပြုလုပ်ခြင်းကြောင့်လည်း လက်ရာ သေသပ် လှပ ဆန်းသစ်သည့် ဒီဇီုင်းလက်ရာများကို ဝယ်ယူသူများ စိတ်တိုင်းကျ ဖြစ်စေအောင် ဖန်တီး ပြုလုပ် ဆောင်ရွက်ပေးရင်း လူသိများလာသည့် ရွှေဆိုင်တစ်ဆိုင်အဖြစ် မားမားမတ်မတ် ရပ်တည်နိုင်ခဲ့သည်။ ဆိုင်ခွဲ ထပ်မံ ဖွင့်လှစ်ခဲ့ခြင်းနှင့် ကိုယ်ပိုင် ပန်းထိမ်အဖြစ် ဆက်လက် တည်ရှိနေမှုကြောင့် ဝယ်ယူသူများ အဆင်ပြေ ချောမွေ့စေရန်နှင့် ဒီဇိုင်းလက်ရာဆန်းများ ပိုမို ကြည့်ရှုနိုင်စေရန် ရည်ရွယ်၍ လသာမြို့နယ် လမ်းမတော်လမ်းရှိ “ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်” အမှတ် ( ၂ ) အား ၂၀၀၀ ပြည့်နှစ်တွင် ထပ်မံ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

“ဦးထုံ ရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်” သည် လွန်ခဲ့သော နှစ်ပေါင်းများစွာ မှစ၍ ကိုယ်ပိုင် ရွှေပန်းထိမ် လုပ်ငန်းဖြင့် ရပ်တည် ဆောင်ရွက်၍ ဝန်ဆောင်မှုများ ပြုလုပ်ပေးသောကြောင့် ဆိုင်အမည်တွင် “ရွှေပန်းထိမ်” အထူး ထားရှိပြီး Customer များ စိတ်တိုင်းကျ ဒီဇိုင်းဆန်းများကို အသေးစိတ် လက်ရာ သေသပ် လှပစွာ မှာယူ ရရှိနိုင်သောဆိုင်လည်း ဖြစ်ပါသည်။ ဒါ့အပြင် ကိုယ်ပိုင် ဖန်တီးမှု ဒီဇိုင်းပုံစံများကိုလည်း စိတ်တိုင်းကျ လက်ရာဒီဇိုင်းများ ရေးဆွဲ၍ အပ်ထည်များကိုလည်း အရောက် ပေးပို့ ဆောင်ရွက်နိုင်သည့်အပြင် ရွှေရည် အပြည့်အဝ အသုံးပြုပေးထားပြီး ရွှေသား အရည်အသွေး ကောင်းမွန် မှန်ကန်သည့်အတွက် ဝယ်ယူသူများ စိတ်တိုင်းကျ ဖြစ်အောင် ပြုလုပ် ဆောင်ရွက်နိုင်သည့်အပြင် ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်၏ ပန်းထိမ်ပညာရှင်များ၏ လှပ ဆန်းသစ်ပြီး လက်ရာ သေသပ်သည့် လူကြိုက်များစေသော ရွှေထည် လက်ဝတ်ရတနာ ဒီဇိုင်းမျိုးစုံများကို အမြဲ စဉ်ဆက်မပြတ် ထုတ်လုပ် ဖန်တီး၍ ဝန်ဆောင်မှုကောင်းများ ပေးလျက် ရှိပါသည်။

ရွှေပန်းထိမ်ဆရာ ဖခင်ကြီး ဦးထုံ ( ခ ) မောင်သာလှ၏ ဘဝဖြစ်ကြောင်း ဖြစ်စဉ်များကို မိဘပြည်သူများအား တင်ပြ မျှဝေရင်း ယခု ကြိုးစား ရပ်တည်၍ တည်ထောင်ခဲ့ရသော “ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်” သည် နှစ်ပေါင်း ၈၀ ကျော်တိုင် တည်ရှိနေခဲ့ပြီ ဖြစ်ပေသည်။ လက်ရာ ဆန်းသစ် လှပသည့် ရွှေထည် လက်ဝတ်ရတနာများကို ၁၆ ပဲရည်၊ ၁၅ ပဲရည်၊ တွင်းထွက်ကျောက်ပါသော လက်ဝတ်ရတနာထည်များကို ၁၄ ပဲ ၂ ပြားရည်နှင့် စိန်ထည်လက်ဝတ်ရတနာထည်များကိုတော့ 18K ရွှေရည်များဖြင့်သာ အသုံးပြုလျက် ရှိပြီး နောက်ဆုံးပေါ် ခေတ်မှီ လက်ရာဒီဇိုင်းများကို ကိုယ်ပိုင် ပန်းထိမ်ဖြင့် အနုစိတ် ဖန်တီး ဆောင်ရွက်ပေးနေသော လူအများကြား ပြောစမှတ် တွင်သည့် “ရွှေဆိုလျှင် ဦးထုံကို အထူးယုံလိုက်ပါ” ဟူသော ဆောင်ပုဒ်လေးအတိုင်း ယခုတိုင် ကျေးဇူးရှင် မိဘပြည်သူများအား ဝန်ဆောင်မှု အပြည့်ဖြင့် ဆောင်ရွက်ပေးနေသော ရွှေဆိုင်လည်း ဖြစ်ပါသည်။

“ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်” တွင် အစဉ်ဆက်မပြတ် ဝယ်ယူအားပေးကြသည့် Customer များ အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်း ကြပါစေ၊ ရွှေ၊ ငွေ၊ ဥစ္စာ ရတနာများလည်း ဒီရေအလား တိုးပွားကြပါစေ၊ မိဘပြည်သူများ လိုအင်ဆန္ဒပြည့်ဝ၍ လုပ်ငန်းကိုင်ငန်းများ တိုးတက်ကာ ဝင်ငွေများလည်း တိုးတက် ရရှိပြီး အသက်ရှည် ကျန်းမာပြီး ဒါနကုသိုလ်အစုစု များများ ပြုလုပ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ရင်း ရွှေပန်းထိမ်ဆရာ ဖခင်ကြီး ဦးထုံ ( ခ ) မောင်သာလှ “ဦးထုံရွှေပန်းထိမ် နှင့် ရတနာရွှေဆိုင်” တည်ထောင်သူ၏ သမိုင်းကြောင်းလေးကို မျှဝေ တင်ပြအပ်ပါသည်။