ကျောက်မျက်အကြောင်းသိကောင်းစရာ

သန္တာကျောက်အကြောင်းသိကောင်းစရာ

aboutknowledgeofcoral

နဝရတ်ကိုးပါးဆိုသည်မှာ နဝရတဟူသော ပါဠိဘာသာမှ ဆင်းသက်လာ၍ ရတနာကိုးပါးဟုလည်း အဓိပ္ပာယ်ရသည်။ တစ်နည်းအားဖြင့် ကျောက်မျက်ရတနာကိုးမျိုးဟုလည်း ခေါ်ဆိုကြပါသည်။ ထိုနဝရတ်ကိုးပါးကျောက်များကို လူတို့သည် လက်စွပ်၊ နားကပ်၊ ဆွဲကြိုး၊ လက်ကောက်များ ပြုလုပ်ကာ အမြတ်တနိုး တန်ဖိုးထားဝတ်ဆင်လေ့ရှိကြပါသည်။

ရှေးခေတ်အဆက်ဆက်ဘုရင်များသည်လည်း ဘုန်းတန်ခိုး အောင်မြင်ကျော်ကြားစေရန်အတွက်လည်း နဝရတ်ကိုးပါးဖြင့် စီခြယ်ပြုလုပ်ထားသည့် အဆင်တန်ဆာများကိုသာ ဝတ်ဆင်လေ့ရှိကြသည်။ နဝရတ်ကိုးပါးဆိုသည်မှာ ပတ္တမြား၊ မြ၊ နီလာ၊ ဂေါ်မုတ်၊ ဥဿဖယား၊ သန္တာ၊ ကြောင်၊ ပုလဲ တို့ဖြစ်ပါသည်။ နဝရတ်တွင် တစ်ခုအပါအဝင်ဖြစ်သော Coral ဟုခေါ်သော သန္တာကျောက်သည် သေးငယ်ရိုးစင်းပြီး ကျောရိုးမဲ့ ပင်လယ်သတ္တဝါကလေးများမှ ဖြစ်ပေါ်လာသော ကျောက်ဖြစ်သည်။

သန္တာကောင်များမှ ပေါက်ပွားထွက်လာသော ထုံးကျောက်အစိုင်အခဲများသည် တစ်နှစ်ပြီးတစ်နှစ် တဖြည်းဖြည်းပွား၍ လာခဲ့ရာမှ အစိုင်အခဲကြီးတစ်ခုဖြစ်အောင် ဆက်မိသွားလေတော့သည်။ ရာစုနှစ်ပေါင်းများစွာ ကြာလာသောအခါ သန္တာအသေကောင်များစွာ ပါဝင်သော သန္တာကျောက်တန်းဟူ၍ ဖြစ်ပေါ်လာသည်။ သန္တာကျောက်တန်းများ သေသွားသောအခါ ခိုင်မာသည့်အရိုးစုတည်ရှိပြီး ဤပစ္စည်းများကို ကျောက်မျက်ရတနာများ အဖြစ် အသုံးပြုကြသည်။ သန္တာအများစုသည် အဖြူရောင်များဖြစ်ကြသည်။

သို့သော် သဘာဝသည် လူကြိုက်များသော လိမ္မော်ရောင်မှ အနီရောင်ပုံစံများ အပါအဝင် အခြားအရောင်များဖြင့် သန္တာကို ဖန်တီးနိုင်သည်။ များသောအားဖြင့် လူသိများလေ့ရှိသော (Red Coral) အနီရောင် သန္တာကျောက်သည် အသုံးအများဆုံး ကျောက်မျက်ရတနာပုံစံဖြစ်သည်။ စင်စစ်အားဖြင့် လူသိများသော အနီရောင်ကျောက်သည် ပန်းရောင်၊ လိမ္မော်ရောင်များမှ ဆင်းသက်လာသည်။

ထို့ပြင် သန္တာကျောက်ကို ဝတ်ဆင်ထားလျှင် အကြီးအကဲဖြစ်ခြင်း၊ ခေါင်းဆောင်ဖြစ်ခြင်း၊ သူတစ်ပါးအကျိုးကို ဆောင်ရွက်နိုင်ခြင်း၊ ရန်သူကိုအောင်နိုင်ခြင်း စသည်များကို စွမ်းနိုင်သည်ဟု သတ်မှတ်ထားပေသည်။