ရာသီဖွားအဆောင်ကျောက်

Aries (သို့မဟုတ်) မိဿရာသီဖွား တွေရဲ့စိတ်နေသဘောထားနဲ့ တစ်သက်တာ အဆောင်ကျောက်

aries gemstone, u hton goldsmith , myanmar

မတ်လ ၂၁ ရက်မှ ဧပြီလ ၁၉ ရက်အတွင်း မွေးဖွားသူများကို မိဿရာသီဖွား (Aries)များလို့ သတ်မှတ်နိုင်ပါတယ်။ Aries လေးတွေဟာ ၁၂ လရာသီခွင်တွေအနက် ပထမဆုံးရာသီခွင် ဖြစ်ပါတယ်။ ဂြိုလ်အားဖြင့် အင်္ဂါဂြိုလ်စိုးမိုးပြီး တေဇောဓာတ် (မီးဓာတ်)ကြီးစိုးတဲ့ ရာသီခွင်ဖြစ်တာကြောင့် ဒေါသထွက်လွယ်ပြီး ကိုယ်မှန်တယ်ထင်ရင် ဇွတ်လုပ်တတ်တဲ့အကျင့်ရှိပြီး အလွန်လည်း ခေါင်းမာကြပါတယ်။ စိတ်မြန်လက်မြန်ရှိပြီး တဇွတ်ထိုးလည်းလုပ်တတ်ကြတဲ့သူတွေဖြစ်ပါတယ်။ ကိုယ်တိုင်လည်း လိမ်ညာခြင်းကို ရွံမုန်းပြီး အမှန်တိုင်းပြောတတ်ဆိုတတ်လုပ်ကိုင်တတ်ကြသည့်နည်းတူ ကိုယ့်ကိုလိမ်ညာသူများကိုလည်း ခွင့်မလွှတ်တတ်ကြပါဘူး။ ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းပြီးမှ အောင်မြင်မှုတွေ ရတတ်တဲ့ ရာသီခွင်လည်း ဖြစ်ပါတယ်။ သူတစ်ပါးကို အားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးပြီးရတဲ့ အောင်မြင်မှုကို တန်ဖိုးထားတဲ့သူတွေလည်း ဖြစ်ကြပါတယ်။ မိသားစု၊ အပေါင်းအသင်းမိတ်ဆွေများမှာ အခက်အခဲတွေ ရင်ဆိုင်ရင်လည်း ကိုယ်တိုင်ခေါင်းခံပြီး ဖြေရှင်းပေးတတ်ကြပါတယ်။ မိသားစုကို အလွန်ချစ်ပြီး မိဘအားကိုးရတဲ့သားသမီးတွေ ဖြစ်ကြပါတယ်။

အစစအရာရာဦးဆောင်ရတာကို နှစ်သက်ပြီး လွတ်လပ်မှုကို အလွန်မြတ်နိုးကြပါတယ်။ သူတစ်ပါးရဲ့ဩဇာလွှမ်းမိုးမှုကို မကြိုက်ပေမယ့် မိခင်ရဲ့ ဩဇာလွှမ်းမိုးမှုအောက်မှာ ရှင်သန်ရလေ့ရှိပါတယ်။ မိဿရာသီဖွားတွေရဲ့ ဆွဲဆောင်မှုအရှိဆုံးမှာ စူးရှတောက်ပသည့် မျက်ဝန်းနှင့် အပြုံးပဲ ဖြစ်ပါတယ်။ အချစ်ရေးမှာ အလွန်စန်းပွင့်ပြီး စိတ်အပြောင်းအလဲမြန်တတ်တာကြောင့် ဆုံးဖြတ်ချက်အမှားတွေ ချမှတ်တတ်ပါတယ်။ ကိုယ်တိုင် အေးတိအေးစက်နေတတ်တာကြောင့်လည်း အချစ်ရေးမှာ အဆင်မပြေဖြစ်တတ်ပါတယ်။ မိဿရာသီဖွားတွေဟာ ကိုယ့်ကို ဝမ်းသာခြင်း ဝမ်းနည်းခြင်း စတဲ့ စိတ်ခံစားမှုအသစ်သစ်တွေ ပေးနိုင်တဲ့သူတွေကို တမ်းတမ်းစွဲချစ်တတ်ပြီး စိတ်လှုပ်ရှားမှုကို နှစ်သက်ကြပါတယ်။ ဒါ့အပြင် အရမ်းသနားတတ်တာကြောင့် ဦးနှောက်ထက် နှလုံးသားကို ဦးစားပေးရွေးချယ်တတ်ကြပါတယ်။ မိဿရာသီဖွားများဟာ အသီးအရွက်ပိုမိုနှစ်သက်သဖြင့် ကျန်းမာရေးကောင်းမွန်ကြပြီး အသက်ရှည်ရှည်နေရမယ့် ရာသီခွင်တွေ ဖြစ်ကြပါတယ်။

မိဿရာသီဖွားတွေဟာ စက်ပစ္စည်းလုပ်ငန်း၊ ဆေးဝါးဆိုင်ရာလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ ာအကျိုးပေးပြီး အင်္ဂါနံအလုပ်အကိုင်များ လုပ်ကိုင်ပါက အောင်မြင်မည့် ရာသီဖွားများ ဖြစ်သည်။ သတိပြုရန်မှာ အရက်သေစာသောက်စားခြင်းကို ရှောင်ကြဉ်သင့်ပြီး အမျိုးသားများ မိန်းမအဖျက်ကြုံရတတ်ပါတယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ဓာတ်စာအနေနဲ့စားသင့်ပြီး ငရုတ်ကောင်းကိုလည်း စားပေးသင့်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ (၃၊ ၆၊ ၉) စသည်တို့ ဖြစ်ပါတယ်။ Lucky Color ကတော့ အနီရောင်ဖြစ်ပြီး တစ်သက်တာဆောင်သွားသင့်တဲ့ ကျောက်မျက်ကတော့ စိန် Diamond ပဲဖြစ်ပါတယ်။ အကျိုးပေး ရာသီခွင်တွေကတော့ တူရာသီနဲ့ သိဟ်ရာသီဖြစ်ပါတယ်။

အခုပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့ မိဿရာသီဖွား Aries လေးတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ စိတ်နေသဘောထားလေးတွေနဲ့အတူ ကံကောင်းခြင်းလက်ဆောင် အဆောင်ကျောက်လေးအကြောင်းပဲ ဖြစ်ပါတယ်။