ရာသီဖွားအဆောင်ကျောက်

Cancer (သို့မဟုတ်) ကရကဋ်ရာသီဖွားတွေရဲ့ စိတ်နေသဘောထားနဲ့ တစ်သက်တာအဆောင်ကျောက်

cancer gemstone, u hton goldsmith , myanmar

ဇွန်လ (၂၁) ရက်နေ့မှ ဇူလိုင်လ (၂၂) ရက်နေ့အတွင်း မွေးဖွားသူတို့ကို ကရကဋ်ရာသီဖွား (Cancer) များဟု သတ်မှတ်နိုင်သည်။ ကရကဋ်ရာသီဖွားတို့သည် ဓာတ်ကြီး‌လေးပါးတွင်တစ်ပါးအပါအဝင်ဖြစ်သော အာပေါဓာတ် (ရေဓာတ်)ကြီးစိုးပြီး တနင်္လာနှင့် ကြာသပတေးဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၂) ဂဏန်းနှင့် (၇)ဂဏန်းတို့ စွမ်းအားသက်ရောက်မှုရှိသည်။

ကရကဋ်ရာသီဖွားတွေဟာ စိတ်ဓာတ်ရဲရင့် ပြတ်သားပြီး အရာရာကို စိတ်အားထက်သန်စွာ လေ့လာတတ်ပြီး မျက်နှာအမူအရာ တည်ကြည်ခက်ထန်ပေမဲ့ စိတ်ရင်းစေတနာကောင်းသူတွေ ဖြစ်ကြပါတယ်။ ယှဉ်ပြိုင်ရတာတွေကိုဝါသနာပါသည့်အပြင် ရဲဝံ့ပြီးပြတ်သားကြသူတွေလည်း ဖြစ်ပါတယ်။ ဘယ်နေရာမဆို တက်ကြွစွာပါဝင်လှုပ်ရှားတတ်ပြီး အပေါင်းအသင်းဝင်ဆန့်ကာ ပျော်ပျော်ပါးပါးနေတတ်သူတွေလည်း ဖြစ်ကြပါတယ်။ ချစ်ရတဲ့ မိသားစု အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရတာကိုလည်း နှစ်သက်ကြပါတယ်။ ဒါပေမဲ့ အငြင်းအခုန်ဝါသနာပါသူတွေမို့ ကိုယ်မှန်တယ်ထင်ရင် ပြိုင်ငြင်းလေ့ ရှိကြပါတယ်။ ဆိုးတူကောင်းဖက် သူငယ်ချင်းတွေနဲ့ပတ်သက်ရင် စာနာနားလည်လွယ်ပြီး ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ထိပါးလာရင်လည်း သည်းမခံတတ်ကြပါဘူး။

အခက်အခဲတွေကို ခေါင်းအေးအေးနဲ့ဆုံးဖြတ်တတ်ပေမဲ့ မကောင်းမှန်းသိပေမယ့် ဇွတ်လုပ်တတ်တဲ့ ဉာဉ်လေးတော့ ရှိပါတယ်။ ဘာသာတရားကိုင်းရှိုင်းသူတွေ ဖြစ်ကြပေမဲ့ သူတို့ရဲ့မဟုတ်မခံချင်စိတ်ကြောင့် ဘာသာရေးနဲ့ပတ်သက်ရင် အစွန်းရောက်သူတွေ ဖြစ်ကြပါတယ်။

ကရကဋ်ရာသီဖွားတွေရဲ့ အဓိကအားသာချက်ကတော့ စကားပြောပိုင်နိုင်လွန်းတာကြောင့် လူအများအပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်းကြီးမားပြီး သူမပါရင်ပွဲမစည်ဘူးလို့ထင်ရလောက်အောင် လူမှုဆက်ဆံရေးမှာ အများသူငှာစံထားရလောက်တဲ့သူတွေ ဖြစ်ပါတယ်။ စကားပြောချိုသာတာကြောင့်လည်း လူချစ်လူခင်ပေါများလှပါတယ်။

ကရကဋ်ရာသီဖွားအများစုဟာ သူတို့နဲ့မသိတဲ့ နယ်ပယ်နဲ့ပတ်ဝန်းကျင်မှာနေရတာကို မနှစ်သက်ကြပါဘူး။ သူတို့ဟာ စိတ်ခံစားချက်ကိုရှေ့တန်းတင်ပြီး အရာရာကိုဆုံးဖြတ်တတ်ပြီး နောက်နေ့မှာ နောင်တရတတ်သူတွေလည်းဖြစ်တာကြောင့် ဆုံးဖြတ်ချက်ချတော့မယ်ဆို ‌အချိန်ယူသင့်ပါတယ်။ အစွဲအလမ်းကြီးပြီး ဒေါသဖြစ်လွယ်ကြပါတယ်။ သူတစ်ပါးကိုကူညီတတ်ပြီး အရာရာကို အနည်းငယ် သံသယစိုးရိမ်စိတ်ကြီးတတ်သူတွေလည်း ဖြစ်ပါတယ်။ ကိုယ်ကောင်းရင် အဆုံးစွန်ထိကောင်းတတ်ပြီး မုန်းပြီဆိုရင်လည်း လှည့်မကြည့်ချင်တော့လောက်အောင် စိတ်နာတတ်ကြပါတယ်။

ကရကဋ်ရာသီဖွားတွေဟာ အလှအပကိုမြတ်နိုးပြီး ဝတ်စားဆင်ယင်မှုမှာ ဖက်ရှင်ကြသူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အနုပညာမှာပါရမီပါပြီး အသံဩဇာကောင်းသူတွေ ဖြစ်ကြပါတယ်။ ငွေရေးကြေးရေးမှာတော့ စနစ်တကျနဲ့ ထောင့်စိအောင် ချွေတာသုံးစွဲတတ်သူတွေပါ။ သူတို့ဟာ သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးပြီး စိတ်ရှုပ်စိတ်ညစ်တဲ့အခါ တောင်တန်းဒေသတွေကို ခရီးသွားရတာကို နှစ်သက်ကြပါတယ်။

ကရကဋ်ရာသီဖွားတွေဟာ အချစ်ရေးမှာတော့စန်းပွင့်တတ်သူတွေပါ။ သူတို့ဟာ ကိုယ်ချစ်တဲ့အကြောင်းကိုဖွင့်မပြောတတ်ဘဲ ရင်ထဲမှာထားတတ်ပြီး အပြင်ပန်းမှာတော့ အေးတိအေးစက်နိုင်ကြပါတယ်။ ချစ်သူအပေါ်မှာတော့ သဝန်တိုလွယ် သံသယစိတ်ဝင်လွယ်တဲ့ အကျင့်လေးကိုတော့ သတိထားသင့်ပါတယ်။ ကရကဋ်ရာသီဖွားတွေနဲ့ လိုက်ဖက်တဲ့ရာသီခွင်တွေကတော့ မကာရရာသီဖွားနဲ့ ပြိသာရာသီဖွားတွေပဲ ဖြစ်ကြပါတယ်

ကရကဋ်ရာသီဖွားတွေဟာ ငါးမွေးမြူရေးလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ကုန်ရောင်းကုန်ဝယ်လုပ်ငန်း၊ အဝတ်အထည်လုပ်ငန်း၊ စာအုပ်ထုတ်ဝေရေးလုပ်ငန်းနဲ့ သတင်းထောက်လုပ်ငန်းတွေမှာ အကျိုးပေးပါတယ်။ အကျိုးပေးအရောင်ကတော့ အဖြူရောင်ဖြစ်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ ၂၊ ၃၊ ၁၅၊ ၂၀တို့ဖြစ်ပါတယ်။ တစ်သက်တာအတွက် ကံကောင်းစေတဲ့အဆောင်ကျောက်လေးကတော့ Moonstone မြန်မာလို မျောကျောက်ဆိုတဲ့ကျောက်လေးပဲဖြစ်ပါတယ်။

အခုပြောပြပေးခဲ့တာကတော့ ကရကဋ်ရာသီဖွား Cancer လေးတွေရဲ့ စိတ်နေသဘောထားလေးတွေနဲ့အတူ သူရဲ့ကံကောင်းခြင်းလက်ဆောင် အဆောင်ကျောက်လေးအကြောင်းပဲ ဖြစ်ပါတယ်။