ဆောင်းပါး, ရွှေအကြောင်းသိကောင်းစရာ

ရွှေရည်အမျိုးမျိုးတို့ရဲ့ ကွာခြားချက်များ အကျဉ်းချုပ်

group 3 1

ရွှေချစ်သူအပေါင်းကို စာရေးသူက ဗဟုသုတလေးအဖြစ် ရွှေရည်တစ်ခုချင်းစီရဲ့  အားသာချက်၊ အားနည်းချက်တွေကို ပြောပြပေးချင်ပါတယ်။ ပထမဆုံးအနေနဲ့ ၁၆ ပဲရည် ( အခေါက်ရွှေ ) အကြောင်းလေးပြောပြမယ်နော်။ ခန္ဓာကိုယ်မှာ ဝတ်ဆင်ဖို့ထက် ရွှေစုချင်သူများအတွက်ကတော့ ၁၆ ပဲရည်ဟာ လက်ခလေးပေးပြီး  ဝယ်စုထားရင် အရှုံးလည်းသက်သာမယ် ရွှေဈေးတက်ရင် အမြတ်တောင် ရနိုင်ပါသေးတယ်နော်။ ဒါကတော့ ၁၆ ပဲရည်ရဲ့ အားသာချက်ပါပဲ။ ၁၆ ပဲရည်ရဲ့ အားနည်းချက်ကတော့ ရွှေအရမ်းပျော့တာပါပဲ။ ၁၆ ပဲရည်ဟာ တခြားသတ္တုပစ္စည်းတွေနဲ့ ရောစပ်ထားခြင်းလည်း မရှိတာကြောင့် ရွှေအရမ်းပျော့ပြီး ဆန်းသစ်တဲ့ ဒီဇိုင်းလှလှလေးတွေပြုလုပ်ဖို့အတွက် မလွယ်ကူပါဘူး။ အရိုးရှင်းဆုံးလေးတွေသာ ပြုလုပ်ဝတ်ဆင်လို့ ရပါမယ်။ ဒါကတော့ ၁၆ ပဲရည်ရဲ့ အားနည်းချက်ပေါ့နော်။ တကယ်တော့ ၁၆ ပဲရည်ဟာ ဝတ်ဆင်ဖို့ထက် ရွှေစုဖို့ ပိုသင့်တော်တဲ့ ရွှေရည်မျိုးပဲ ဖြစ်ပါတယ်။

ရွှေကို ဝတ်ဆင်ရတာ ကြိုက်တဲ့သူတွေအတွက်ကတော့ ၁၅ ပဲရည်က ပိုသင့်တော်ပါတယ်။ ၁၆ ပဲကို ကြေး ၁ ပဲသာ စပ်ပြီး အသုံးပြုပေးထားတာကြောင့် ရွှေမာကြောမှု အသင့်အတင့်ရှိပါတယ်။ ၁၆ ပဲကို ကြေး ၁ ပဲစပ်ထားလို့ ရွှေရည် မကောင်းဘူး လို့တော့ မထင်လိုက်ပါနဲ့။ ရွှေထဲမှာ သတ္တုပါဝင်မှု နည်းတာကြောင့် ဝတ်ဆင်လို့ ကြာရင် အရောင်ကျမှာလဲ မစိုးရိမ်ရပါဘူး။ ရွှေစုဖို့ထက် ဒီဇိုင်းဆန်းဆန်း လှလှလေးတွေ ဝတ်ဆင်ရတာ ကြိုက်နှစ်သက်တဲ့ သူတွေအတွက်တော့ ၁၅ ပဲရည်က အသင့်တော်ဆုံးပါပဲ။

ခေတ်ပေါ် ဖန်စီ ကျောက်ဒီဇိုင်းလှလှလေးတွေကို ပိုနှစ်သက်ကြတဲ့ ကိုကိုတွေ မမတွေ အတွက်ကတော့ ၁၄ ပဲ ၂ ပြားရည်က ပိုမိုသင့်တော်ပါတယ်။ ကျောက်သားအထည်လေးတွေကို ၁၅ ပဲရည်နဲ့ လုပ်ပေးလို့တော့ရပါတယ်။ ဒါပေမယ့် ၁၅ ပဲရည်က ရွှေရည်ပျော့လို့ စွန်ကုတ်တွေမခိုင်ပဲ ကျောက်သားတွေ ပြုတ်မှာကိုတော့ စိုးရိမ်ရပါတယ်…. နောက်ဆုံးတစ်ခုဖြစ်တဲ့ ၁၄ ပဲ ၂ ပြားကတော့ ပိုမာပြီး ဒီဇိုင်းတွေ ပိုလှအောင် ကျောက်တွေ ထည့်တဲ့အခါမှာလည်း စွန်ကုတ်တွေ ဖိမိပြီး ပိုမိုခိုင်ခံ့စေပါတယ်။ ဒါ့ကြောင့် ကျောက်သားထည်လေးတွေ ဝတ်ဆင်ရတာ သဘောကျတဲ့ သူတွေအတွက်ကတော့ ၁၄ ပဲ ၂ ပြားရည်က အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။ အခုဆိုရင် ရွှေရည် တစ်ခုချင်းစီရဲ့ ကွာခြားပုံလေးတွေကို သိကြပြီဟုတ်။ အားလုံးပဲ ရွှေထည်များ ဆပွားတိုးနိုင်ကြပါစေ။