ကျောက်မျက်အကြောင်းသိကောင်းစရာ, ပညာရေး

ကျောက်စိမ်း၏ အပြစ်အနာအဆာများ

Jade Mining

အစိမ်းရောင်ရှိသောကျောက်ဖြစ်သောကြောင့် မြန်မာတို့က ကျောက်စိမ်းဟုခေါ်ဆိုကြသော ကျောက်မျက်ရတနာကို အင်္ဂလိပ်ဘာသာစကား၌ “ဂျိတ်”(Jade)ဟု ခေါ်ဆိုကြသည်။ အစိမ်းရောင်ထွက်သည့် ဓာတုဖွဲ့စည်းမှု အမျိုးမျိုးကွဲပြားသော ကျောက်မျက်အားလုံးကို ခြုံငုံ၍ သုံးနှုန်းထားခြင်းဖြစ်သည်။ သို့သော် ကျောက်စိမ်းဟု သတ်မှတ်ထားသောကျောက်များတွင် အစိမ်းရောင်အပြင် အခြားအရောင်ကျောက်များလည်း ရှိနေသေးကြောင်း တွေ့ရှိရသည်။ ထိုသို့အရောင်ပြောင်းသွားရခြင်းမှာ ကျောက်စိမ်းအပြစ်အနာများကြောင့်လည်း ပါဝင်ပါသည်။ ကျောက်စိမ်း၌ အပြစ်အနာအဆာ (၅)မျိုးရှိသည်။

၁။ ကျောက်စိမ်း၏ ဆန်ကွဲအပြစ်
၂။ ကျောက်စိမ်း၏ ဆန်နှစ်အပြစ်
၃။ ကျောက်စိမ်း၏ အအက်အကွဲအပြစ်
၄။ ကျောက်စိမ်း၏ အတွင်းအမြုပ်အပြစ်
၅။ ကျောက်စိမ်း၏ အရည်ကြားသော အပြစ်တို့ ဖြစ်ပါသည်။

၁။ ကျောက်စိမ်း၏ ဆန်ကွဲအပြစ်
ထမင်းချက်စားသောဆန်မှ ဆန်ကွဲ ကဲ့သို့သော အဖြူစကလေးများ ကျောက်စိမ်း၏ အတွင်းသား၌ တည်ရှိနေခြင်းကို ကျောက်မျက်ပညာရှင်တို့က ဆန်ကွဲအပြစ်ဟု သတ်မှတ်ခေါ်ဝေါ်ကြသည်။ ဆန်ကွဲအပြစ်ပါသော ကျောက်စိမ်းသည် အပြစ်လုံးဝကင်းစင်သော ကျောက်ကဲ့သို့ တန်ဖိုးမရှိချေ။

၂။ ကျောက်စိမ်း၏ ဆန်နှစ်အပြစ်
ကျောက်စိမ်း၏ အသားထဲ၌ ဆန်နှစ်ကဲ့သို့ ဖြူယောင်ယောင် ဖြူကျဲကျဲ အရောင်အဆင်းများကို တွေ့ရသောအခါ ဆန်နှစ်အပြစ်ဟု ခေါ်ကြသည်။ ကျောက်၏ အသားအရောင်ကို ဖျက်ဆီးပစ်သော ဆန်နှစ်အရောင်ဖြစ်၏။ ဆန်ဆေးရည်ကို အနည်ထိုင်အောင် ထားပြီးနောက် အပေါ်မှ ရေအကြည်ကို သွန်ပစ်လိုက်သောအခါ တွေ့ရသော ဆန်နှစ်မျိူးကို ဆိုလိုပါသည်။

၃။ ကျောက်စိမ်း၏ အကွဲအအက်အပြစ်
ကျောက်စိမ်းကျောက်တို့၌ နဂိုမူလမြေသားထဲတွင် ရှိစဉ်ကတည်းက အကွဲအအက်များ ပါလာတတ်ကြသည်။ မြေသားပက်ကြားအက်သကဲ့သို့ အက်ကွဲကြောင်းများ တွေ့ရတတ်သည်။ အချို့အက်ကြောင်းများသည် အလွယ်တကူပင် သာမန်မျက်စိနှင့် ကြည့်မြင်နိုင်ကြသော်လည်း အချို့အက်ကြောင်းများကိုမူ အားကောင်းသော မှန်ဘီလူးများဖြင့် ကြည့်မှသာ မြင်နိုင်ကြသည်။

၄။ ကျောက်စိမ်း၏ အတွင်းအမြှုပ်အပြစ်
ရေပူစီဖောင်းကလေးများကဲ့သို့ ကျောက်စိမ်း၏ အသားထဲတွင် အပေါက်ကလေးများ ဖြစ်နေသည်ကို အတွင်းအမြှုပ်အပြစ်ဟု ခေါ်ကြသည်။ ဆိုဒါပုလင်းကို ဖွင့်လိုက်သောအခါ အမြှုပ်ကလေးများ တက်လာသည်ကို တွေ့ရသကဲ့သို့ ကျောက်စိမ်းအသားထဲ၌ အမြှုပ်ကလေးများ တက်လာသည်ကို တွေ့ရသည့်အတိုင်း ကျောက်စိမ်းအသားထဲ၌ အပေါက်ငယ် အမြှုပ်ငယ်ကလေးများ ရှိနေတတ်ကြသည်။ အချို့သော အမြှုပ်များကို သာမာန်မျက်စိဖြင့် ကြည့်မြင်နိုင်ကြသော်လည်း အချို့သေးငယ်လွန်းသော အမြှုပ်ကလေးများကိုမူ အားကောင်းသော မှန်ဘီလူးနှင့် ကြည့်မှသာ မြင်နိုင်ကြသည်။

၅။ ကျောက်စိမ်း၏ အရည်ကြားသော အပြစ်
ကျောက်စိမ်းအရည်ကြားခြင်းဆိုသည်မှာ ကျောက်စိမ်းအသား၌ ကျောက်ရည်ညီညွတ်မှုမရှိဘဲ ဟိုတစ်ကွက် ဒီတစ်ကွက် ဟိုတစ်စသည် တစ်စ တစ်နေရာစီ ကွက်ကြားနေခြင်းကိုဆိုလိုပါသည်။ သဘာဝအလျောက် မြေတွင်းထဲ၌ ရှိစဉ်ကပင် ကွက်ကြားလာခဲ့သောအပြစ်များ ဖြစ်ပါသည်။ ကျောက်ရည်ကွက်ကြားနေသော ကျောက်စိမ်းသည် တန်ဖိုးနည်းကျောက်စာရင်း ဝင်သည်၊၊