ပြည်တွင်းသတင်း

လက်ရှိကားဈေးကွက်နှင့်ရွှေဈေးအခြေအနေ

car and gold market

ဒီအပတ်အတွက်ရွေးချယ်ထားတဲ့ခေါင်းစဉ်လေးကတော့ လက်တလောမှာ စိတ်ဝင်စားမှုများလာခဲ့တဲ့ ဈေးကွက်တစ်ခုဖြစ်တဲ့ ကားဈေးကွက်နဲ့ ရွှေဈေးကွက်အခြေအနေလေးပဲဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာတစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးမှာ တစ်ကြော့ပြန်ရိုက်ခတ်ခဲ့တဲ့ ကိုဗစ်တတိယလှိုင်းကြောင့် နိုင်ငံတကာမှာ Lock Down အစီအစဉ်များ၊ Stay Home ကန့်သတ်ချက်များကြောင့် ကုန်စည်စီးဆင်းမှုများမလွယ်ကူဘဲ ကုန်စည်ဈေးများတက်လာမှုကိုရင်ဆိုင်ခဲ့ကြရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာလည်း နိုင်ငံရေးပြန်လည်မတည်ငြိမ်သေးဘဲ ကိုဗစ်ရဲ့ဆိုးရွားလှတဲ့ဒဏ်ကြောင့် လုပ်ငန်းအများစု ရပ်နားလိုက်ရခြင်း ပိတ်သိမ်းလိုက်ရတဲ့ အခြေအနေများကြောင့်လည်း ကုန်သွယ်ရေးလုပ်ငန်းများမှာ ပို့ကုန် သွင်းကုန် ထိခိုက်မှုနဲ့အတူ ငွေသားတန်ဖိုးကျဆင်းလာပြီး ကုန်ဈေးနှုန်းတက်ခြင်းပြသာနာတွေနဲ့ရင်ဆိုင်နေကြရပါတယ်။

မြန်မာနိုင်ငံမှာတော့ ဗဟိုဘဏ်ရဲ့ ငွေသားထုတ်ယူခွင့် ကန့်သတ်ချက်တွေမဖြေလျော့နိုင်သေးတာကြောင့် ပုဂ္ဂိုလ်ကဘဏ်တွေမှ ပိုက်ဆံထုတ်ယူရမှာအဆင်မပြေမှုများနဲ့အတူ ငွေသားလက်ဝယ်ရှားပါးလာမှုများကြောင့်လည်း ဘဏ်တွင်ငွေသားအပ်နှံမှုနည်းပါးလာပြီး လုပ်ငန်းများမှာလည်း ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ရာ အဆင်မပြေမှုများကြောင့် လူအများစုက မိမိလက်ဝယ်ရှိမြန်မာ့ငွေကြေးထက် နိုင်ငံခြားငွေစုခြင်း ( ဒေါ်လာဝယ်ယူခြင်း )၊ ရွှေဝယ်ခြင်း ( အလျော့တွက်လက်ခသက်သာသောရွေတုံးရွှေခဲဝယ်ယူခြင်း )၊ အိမ်ဝယ်ခြင်း နှင့် ကားဝယ်ခြင်းတို့ကိုသာ ပိုပြီးစိတ်ဝင်စားမှုမြင့်တက်လာတာကိုတွေ့ရပါတယ်။

ဒါကြောင့်လက်ရှိ အပြင်ကားဈေးကွက်မှာတော့ လှုပ်ခက်မှုအနည်းငယ်ဖြင့်ပုံမှန်လည်ပတ်နေပြီး ကား Show Room များမှာတော့ အရောင်းအဝယ်အေးလျှက်ရှိနေပါတယ်။ ကားဈေးကွက်မှာတော့လှုပ်ခက်မှုရှိနေပေမဲ့ ဝယ်လိုအားထက် ရောင်းလိုအားကပိုများလျှက်ရှိတာကြောင့် ကားဈေးကွက်မှာလည်း ထိခိုက်မှုများရှိနေပါတယ်။ ကားဝယ်တဲ့အခါမှာလည်း Banking System ဖြင့် ဝယ်မည်ဆိုတစ်ဈေး၊ ငွေသားဖြင့် အကျေချေမည်ဆိုတစ်ဈေးစသည်ဖြင့် ဈေးနှုန်းမတည်ငြိမ်မှုအပြင် ကားမော်ဒန်အနိမ့်အမြင့် အင်ဂျင်ပါဝါနှင့် လိုင်စင်တည်နေရာပေါ်မူတည်ပြီးလည်း အမျိုးမျိုးကွဲပြားသေးတာမို့ အခုလိုဈေးနှုန်းအနည်းငယ်ကျနေချိန်အတွက် ပိုပြီးအဆင်မဖြစ်စေနိုင်ပါတယ်။

ရွှေဈေးကွက်မှာတော့ ဈေးကွက်အခြေအနေများမှာ ဈေးနှုန်းကျဆင်းမှုမရှိပေမဲ့ ဝယ်လိုအားတော့အေးတဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်နေရပါတယ်။ ယခင်အပတ်က Stay Home ကာလအလုပ်ပိတ်ရက်ကြေညာတဲ့အချိန်မှာ ဘဏ်တွေပါပိတ်ခဲ့တာကြောင့် ငွေစီးဆင်းမှုကြပ်တည်းလာပြီး အရောင်းအဝယ်အေးလာခဲ့တာပဲဖြစ်ပါတယ်။ ဒေါ်လာဈေးကွက်မှာတော့ အတက်ဖက်ကို ဦးတည်နေတာကြောင့် ဈေးကွက်အနည်းငယ်ပြန်အေးလျှက်ရှိနေပါတယ်။ အိမ်ခြံမြေဈေးကွက်မှာတော့ အ‌နည်းငယ်ဈေးကျနေပြီး အာမခံချက်ရှိပြီး ပိုင်ဆိုင်မှုခိုင်လုံတဲ့တဲ့ အိမ်ခြံမြေများဝယ်လိုအားမြင့်တက်လျှက်ရှိနေပါတယ်။ သို့ပေမဲ့ လူအများစုကတော့ ကား Show Room များပိတ်ထားတာကြောင့် ကားသစ်ဈေးကွက်များ အရောင်းရပ်နားထားရခြင်း ပြင်ပကားဈေးကွက်မှဝယ်ယူရာမှာ ဈေးနှုန်းအတက်အကျမငြိမ်ခြင်းတို့ကြောင့် အာမခံချက်အားကောင်းတဲ့ ရွှေဈေးကွက်နဲ့ အိမ်ခြံမြေဝယ်ယူမှုအပေါ် ပိုပြီးမျက်စိကျနေတာပဲဖြစ်ပါတယ်။

ဒီအပတ်အတွက် တင်ပြပေးခဲ့တဲ့ လက်ရှိမှာဖြစ်ပေါ်နေတဲ့ ကားဈေးကွက်နဲ့ ရွှေဈေးအခြေအနေလေးကို သိရှိပြီး အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ နောက်အပတ်တွေမှာ အခြားစိတ်ဝင်စားစရာခေါင်းစဉ်လေးတွေကို တင်ဆက်ပေးမှာမို့ စောင့်မျှော်ပေးဖို့လည်း ဖိတ်ခေါ်ပါတယ်နော်။