” ရှိတန်ဆာ မရှိဝမ်းစာ “ဟူသော စကားသည် ဆိုရိုးစကားပုံ သက်သက်ထက် ပို၍ အဓိပ္ပါယ်လေးနက်မှု ရှိသည်။ လူတို့သည် နေ့စဉ် စားဝတ်၊ နေရေး ဟူသော လူသားတို့၏ တာဝန်ဝတ္တရားများအတိုင်း လှုပ်ရှားရုန်းကန်နေကြရသည်။ အခက်အခဲတွေကို အဖော်ပြုပြီး အတားအဆီးတွေ ကြားထဲမှာ ခက်ခဲစွာ အသက်ရှင်သန်ဖို့ရန် အတွက် ရုန်းကန်လှုပ်ရှားနေထိုင်နေကြတဲ့ မရှိဆင်းရဲသားဘဝတွေက သီးသန့်အလွှာတစ်ခုအနေနဲ့ ရပ်တည်လျှက် ရှိပါသည်။အသင့်အတင့် ငွေကြေး၊ ရာထူးလေးတွေနဲ့ ဘဝကို ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းတွေနဲ့ အတူ ဖြတ်သန်းနေရတဲ့ သာမန်လူတန်းစားတို့အတွက် အလွှာတစ်ခုရှိသလို ချမ်းသာကြွယ်ဝစွာနဲ့ ဘဝကို အေးချမ်းသာယာစွာ နေထိုင်နိုင်ပြီး မိမိတို့ ပစ္စုပ္ပန်ဘဝအတွက်သာမက မိမိတို့ နောင်ဘဝအတွက် နိဗ္ဗာန်အကျိုးမျှော်ကိုးပြီး အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနိုင်တဲ့ လူချမ်းသာတို့အတွက်လည်း အလွှာတစ်ခုအနေနဲ့ ရှိသည်။
ကမ္ဘာကြီးက လူသားတွေကို အလွှာ ( ၃ ) လွှာဖြင့် ဖန်ဆင်းထားလေသလားဟုပင် ထင်ရသည်။ထိုအလွှာ(၃)လွှာထဲမှ နေ့စားလက်လုပ်လက်စား ဆင်းရဲသားတို့အတွက်တော့ ရွှေဆိုတာ စိတ်ကူးထဲက အိမ်မက်တစ်ခုအနေနဲ့ အလွန်အလှမ်းဝေးလှပါသည်။ မိသားစုအခြေအနေအရ မိဘအမွေအနှစ် လက်ငုတ်လက်ရင်း ရွှေတိုရွှေစလေးများ ကျန်ခဲ့သည်ဖြစ်စေ၊ နားကပ်တစ်ရံ လက်စွပ်တစ်ကွင်းမှအဆုံး ရွှေသည် မိမိတို့အတွက် ဝမ်းရေးပြဿနာ၊ ကျန်းမာရေး ပြဿနာတို့အတွက် ဖြေရှင်းပေးနိုင်သည့် တန်ဖိုးရှိသည့် အဆင်တန်ဆာတစ်ခု ဖြစ်သည်။ တန်ဖိုးထား မက်မောသော်လည်း အဖေက မနက်အစောနေ မမြင်ခင်ထဲက အိမ်ကထွက်ပြီး ပန်းရံ၊ လက်သမား၊ အလုပ်ကြမ်း
စသည့် ကြုံရာ အလုပ်လုပ်ပြီး အိမ်မှာ ကျန်ခဲ့တဲ့မိန်းမက အရွယ်မရောက်သေးတဲ့ ကလေးကို ပိုက်ပြီး အဝတ်လျှော်၊ ဈေးရောင်းရသော ဘဝတွေသည် စာတွေထဲမှာသာ ရှိနေသော ဘဝတွေမဟုတ် လက်တွေ့ တွေ့ကြုံနေရသော ဖြစ်ရပ်မှန်များ ဖြစ်သည့်အတွက် ညနေမိုးချုပ် နေအလင်းရောင်ပျောက်ခါမှ ညစာအတွက် ဆန်၊ ဆီ၊ ဆား၊ ဟင်းသီးဟင်းရွက်လေးတွေ ဝယ်လာပြီး ကြယ်တွေ စုံမှ အာဟာရ ဖြည့်ရတဲ့ ဘဝတွေအတွက် အဆင်တန်ဆာတစ်ခုဆိုတာထက် ပိုတဲ့ ဝမ်းရေးပြဿနာ ဖြေရှင်းစရာတစ်ခုအဖြစ် ရွှေကို မက်မောစွာ တန်ဖိုးထား လိုအပ်ကြသည်။
အလယ်အလတ်တန်းစား မိသားစုတွေအတွက်တော့ မိမိတို့ မိသားစုဘဝတွေအတွက် လှုပ်ရှားရုန်းကန်ရင်း ရွှေဆိုတာ မိမိကိုယ်ကို အလှဆင်ဖို့ လူအများကြားမှာ ဝင်ဆန့်ဖို့ အဆင်တန်ဆာတစ်ခုအနေနဲ့တွင် သာမကဘဲ ကျန်းမာရေး၊ လူမှုရေး၊ တစ်နိုင်တစ်ပိုင်စီးပွားရေး ငွေကြေးလည်ပတ်ဖို့ရန်အတွက် ဖြေရှင်းစရာ အကောင်းဆုံးပစ္စည်းတစ်ခုအနေနဲ့ ရွှေကိုတန်ဖိုးထားပြီး မိမိတို့ရဲ့ ငွေပိုငွေစလေးများကို အဆင်တန်ဆာတစ်ခု စုဆောင်းမှုတစ်ခုအဖြစ် ဝယ်ယူကြသည်။ ချမ်းသာကြွယ်ဝစွာနဲ့ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသော လူချမ်းသာအလွှာတို့အတွက်တွင်လည်း ရွှေသည် ထိရောက်သောအခန်းကဏ္ဍမှ အရေးပါစွာ တည်ရှိသည်။ ရွှေသည် လူချမ်းသာတို့အတွက် အဆင်တန်ဆာတစ်ခု ဝမ်းရေးပြဿနာ ဖြေရှင်းနည်း တစ်ခုထက် ပိုသည်။ မိမိတို့၏ ငွေကြေးများကို စီးပွားရေးလုပ်ငန်းအဖြစ် ရင်းနှီးမြှုပ်နှံမှုတစ်ခု ပြုလုပ်ရုံသာမက ရွှေကိုလည်း ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးတစ်ခုအဖြစ် လုပ်ကိုင်လာကြပါသည်။ ရွှေများကို အဆင်တန်ဆာအဖြစ် လက်ဝတ်ရတနာပုံစံဒီဇိုင်းများစွာဖြင့် ကိုယ်တွင် ဝတ်စားဆင်ယင်ရုံသာမက ရွှေတုံး၊ ရွှေစများ၊ ဒင်္ဂါးများ အဖြစ် စုဆောင်းကြသည်။ ရွှေတုံး၊ ရွှေစ၊ ရွှေဒင်္ဂါးများ စုဆောင်းခြင်းသည် အလျော့တွက်၊ လက်ခ ကုန်ကျစရိတ်လည်း မရှိသည့်အတွက် မိမိတို့ကုန်ကျခဲ့သည့် ငွေကြေးတန်ဖိုးအတိုင်း ရွှေကို ပြန်၍ အပြည့်အဝရရှိနိုင် မည်ဖြစ်သည်။ ထို့ကြောင့်ငွေကြေးစုဆောင်းသည်ထက်ပို၍ စီးပွားရေးလုပ်ငန်းရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ရွေတုံး၊ ရွှေစ၊ရွှေဒင်္ဂါးများကို ဝယ်ယူခြင်းသည် မိမိတို့၏ နောင်ရေးအတွက် စိတ်အချရဆုံး စီးပွားရေးတစ်ခုအဖြစ် သတ်မှတ်လျှင် မှားမည်မထင်ချေ။
ရွှေသည် လူတန်းစားအလွှာအသီးသီးတို့ အတွက် အဖိုးတန်သော အဆင်တန်ဆာတစ်ခုအဖြစ် လွန်ခဲ့သောနှစ်ပေါင်းထောင်ကျော်ကပင် တန်ဖိုးထား၍ အသုံးပြုခဲ့ကြသည်။ ငွေကြေး မသုံးစွဲမှီကာလကပင် ရွှေတုံး၊ ရွှေစများဖြင့်ကုန်ခြင်း ဖလှယ်ခဲ့ကြသည်။ ရွှေကို တန်ဖိုးထား စုဆောင်းကြသည်။ ၁၉၄၄ ခုနှစ်တွင် ကမ္ဘာ့ခေါင်းဆောင်ကြီးများ အတူတကွ ပူးပေါင်းပြီး ရွှေဈေးနှုန်းကို အမေရိကန်ဒေါ်လာနှင့်အညီ တန်ဖိုးသတ်မှတ်လိုက်သောကြောင့် ဒေါ်လာဈေး အတက်အကျပေါ် မူတည်၍ ရွှေဈေးအပြောင်းအလဲ ဖြစ်လေ့ရှိသည်။ ထို့ကြောင့် ဒေါ်လာဈေးကျချိန်တွင် ရွှေများကို ဝယ်ယူစုဆောင်းပြီး ဒေါ်လာဈေးတက်ချိန်တွင် ရွှေများကို ပြန်လည်ရောင်းချခြင်းအားဖြင့်လည်း မိမိတို့၏ စီးပွားရေး ပိုမိုတိုးတက်စေသော လုပ်ငန်းတစ်ခု အနေဖြင့် လုပ်ကိုင်လာကြသည်။
မည်သို့ပင်ဖြစ်စေ လူတန်းစာအလွှာအသီးသီးတို့အတွက် တန်ဖိုးရှိလှသော ရွှေကို မည်သည့်ရည်ရွယ်ချက်မျိုးနဲ့ဖြစ်စေ ဝယ်ယူခြင်းသည် ဘယ်တော့မှ မှားမည်မဟုတ်သော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်မှာ ဧကန်အမှန်ပင်ဖြစ်ပါလိမ့်မည်။ ” ရှိတန်ဆာ မရှိဝမ်းစာ “ဟူသောစကားကို လက်ကိုင်ထားရင်း မိမိတို့ နောင်ရေးအတွက် အာမခံချက်ရှိသော ရင်းနှီးမြှုပ်နှံမှုမျိုး ပြုလုပ်နိုင်ကြဖို့ ဆန္ဒပြု တင်ပြလိုက်ပါသည်။