ကျောက်မျက်အကြောင်းသိကောင်းစရာ, ဆောင်းပါး, ပညာရေး

ကျောက်စိမ်းထွက်ရှိရာဒေသများ

Myanmar Jade Mine

ကမ္ဘာ့ အခြားသော ဒေသ အချို့တို့တွင် ထွက်သော နက်ဖရိုက်ကျောက်စိမ်း တို့သည် ကျောက်စိမ်းမည်ကာမျှ သာ ဖြစ်သည်။ တန်ဖိုးမထိုက်၊ လူကြိုက်မများလှပါ။ မြန်မာနိုင်ငံမှ ထွက်သောအရည်ကောင်း၊ အသားကောင်းဂျေဒိုက်ကျောက်စိမ်းမျိုးကား အခြားဒေသတို့တွင် မထွက်ပေ။

ယင်း ဂျေဒိုက်နှင့် နက်ဖရိုက်ကျောက်စိမ်း နှစ်မျိုး တွင် ဂျေဒိုက်သည် ပိုမို၍ ကောင်းမွန်လှပပြီး ပိုရှားသော အမျိုးအစားဖြစ်သည်။ မြန်မာနိုင်ငံ၏ ကျောက်စိမ်းထွက်ရှိရာ ဒေသများမှာ လတ္တီတွဒ် ၂၅-ဒီဂရီ ၂၈-မိနစ်မှ ၂၅-ဒီဂရီ ၅၂-မိနစ် အတွင်းနှင့် လောင်ဂျီတွဒ် ၉၅-ဒီဂရီ ၇-မိနစ်မှ ၉၅-ဒီဂရီ ၂၄-မိနစ်အတွင်းရှိ ဒေသများတွင် လည်းကောင်း၊ လတ္တီတွဒ် ၂၄-ဒီဂရီ ၄၆-မိနစ် ၅၀-စက္ကန့်နှင့် လောင်ဂျီတွဒ် ၉၆-ဒီဂရီ  ၂၂-မိနစ် ၃၀-စက္ကန့် အတွင်းရှိ ဒေသများတွင် လည်းကောင်း၊လတ္တီတွဒ် ၂၆-ဒီဂရီ ၁-မိနစ်မှ ၂၈-ဒီဂရီ ၁ဝ-မိနစ်အတွင်းနှင့် လောင်ဂျီတွဒ် ၉၆-ဒီဂရီ ၅၃-မိနစ်မှ ၉၇-ဒီဂရီ ၄၅-မိနစ်အတွင်းရှိ ဒေသများတွင်လည်း ကျောက်စိမ်းများ တူးဖော်ရရှိကြောင်း သိရသည်။ စစ်ကိုင်းတိုင်း ခန္ဓီးမြို့နယ် နန်းဆီလွန်ဒေသ၊ ငါးလန်ဘန်းဒေသ၊ မိုးကြိုးဒေသနှင့် ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်ဒေသ၊ မိုးမောင်ဒေသ၊ ကုလားမော်ဒေသ၊ ဖားကန့်ကြီးဒေသ၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ဒေသပူတာအိုမြို့နယ်၊ ရှမ်းကောင်ဒေသတို့မှာ ထင်ရှားသောကျောက်စိမ်းကြောများ ဖြစ်ကြသည်။ ကချင်ပြည်နယ်နှင့် စစ်ကိုင်းမြို့တို့မှ ကျောက်စိမ်းထွက်သည့်ဒေသများတွင် အသက်အရင့်ဆုံးကျောက်မှာ ထုံးကျောက်ဖြစ်သည်။ ၄င်း ထုံးကျောက်များသည် ယင်းကျောက်များတွင် ပါဝင်သောကျောက်ဖြစ်ရုပ်ကြွင်းများ၏ အထောက်အထားများအရ ပါမိုကာဗွန်နီဖရတ်သက်တမ်း ( နှစ်သန်းပေါင်း ၂၇ဝ ခန့် ) ရှိကြသည်။

ယင်း ဒေသများတွင် တွေ့ရသော ကျောက်များ၌ ဘူမိဗေဒ သဘောအရ အရေးကြီးသော ကျောက်များမှ အသွင်ပြောင်းကျောက်များ ဖြစ်ကြသည်။ ယင်း ဒေသများတွင် တွေ့ရသော တခြားကျောက်တစ်မျိုးမှာ ပယ်ရီ ဒိုတိုက် (ခေါ်) ဗေလွန် မီးသင့်ကျောက် ဖြစ်သည်။ ၎င်း ကျောက်များသည် တစ်စိတ်တစ်ဒေသ သော်လည်းကောင်း၊ လုံးလုံးလျားလျား သော်လည်းကောင်း ဆာပင်တိုင်းသို့ ပြောင်းလဲနေသည်ကို တွေ့ကြရသည်။ ကျောက်စိမ်းပါသော ကျောက်များသည် ၎င်း ဆာပင်တိုင်း ကျောက်များနှင့် ပေါင်းစပ်ပြီး ယင်းတို့၏ အရောင်မှာ စိမ်းညိုရောင်မှ အစိမ်းရင့်ရောင်ထိ ရှိကြသည်။ ယင်း ဒေသများတွင် တတိယအဆင့် အနည်ကျကျောက် များကိုလည်း တွေ့ကြရသည်။ အဓိကတွေ့ကြရသော ကျောက်များမှာ သဲကျောက်နှင့် စရစ်ဖြုန်းကျောက်များ ဖြစ်သည်။ ယင်းဒေသကို စီးပွားဖြစ်ရှုထောင့်မှ ကြည့်လျှင် ကျောက်စိမ်းတုံးကြီးများပါ ပါလာတတ်သော ဥရုဗိုလဒါစရစ်ဖြုန်းကျောက်များ ရှိခြင်းကြောင့် အဆင်ပြေလှသည်။ အဆိုပါ ကျောက်များပါသော စရစ်ဖြုန်းကျောက်လွှာ၏ အထူသည် ပေ ပေါင်းထောင်ကျော်မျှအထိ ရှိကြသည်။

အချို့နေရာများတွင် ကျောက်ကြော၏ အလျားမှာ လေးမိုင်ကျော်မျှထိ ရှိသည်။ ဥရုဗိုလ်လကျောက် ကို ဥရုမြစ်ထဲတွင် အများအပြားတွေ့ရာမှ စတင်ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံမှ ကျောက်စိမ်းကြောကြီးများမှာ ကာမိုင်းမြို့နယ်မှ ပူတာအိုမြို့နယ်အတွင်းထိ ဆက်သွယ်တည်ရှိနေကြောင်း တွေ့ရှိရသည်။ကျောက်စိမ်းမိုင်းများကို မြစ်ကြီးနားခရိုင်၊ ကာမိုင်းမြို့နယ်၊ ဥရုမြစ်ရိုးတစ်လျှောက်တွင် တူးဖော်လျက်ရှိသည်။