ကျောက်မျက်အကြောင်းသိကောင်းစရာ, ပညာရေး, မွေးနေ့ကျောက်

July ဇူလိုင်လဖွား မွေးနေ့ရှင်တို့အတွက် Ruby (ပတ္တမြား)

july birthstone, ruby, u hton goldsmith, myanmar

ဒီတစ်ခေါက် ပြောပြပေးဖို့ အလှည့်ကျရောက်လာတဲ့ Birthday Stone လေးကတော့ July လမှာ မွေးဖွားတဲ့ မွေးနေ့ရှင်တို့အတွက် ကံကောင်းစေမယ့် ကံကောင်းခြင်းကျောက်မျက် Ruby (ပတ္တမြား) လေးပဲ ဖြစ်ပါတယ်။ Ruby ဟူသောစကားသည် ချစ်ခြင်းမေတ္တာနှင့် စိတ်အားထက်သန်မှုတို့ကို ကိုယ်စားပြုသော အနီရောင်ဟုဆိုသည့် လက်တင်ဘာသာစကား Ruber မှဆင်းသက်လာသည်။ တစ်နည်းအားဖြင့် Rebeus ဟုလဲခေါ်သည်။

ပတ္တမြားသည် နန်းတွင်းရတနာတစ်ပါးအဖြစ် ထင်ရှားပြီး တော်ဝင်ကျောက်မျက်အဖြစ် သတ်မှတ်ကြသည်။ ထို့ကြောင့် ရှေးအိန္ဒိယ၌ ပတ္တမြားကို “အဖိုးတန်ကျောက်များဘုရင်” ဟုခေါ်ဆိုခဲ့ကြသည်။ ၎င်းသည် အလွန်ရှားပါးပြီး စိန်ပြီးလျှင် မာကျောမှုအများဆုံးကျောက်မျက်လဲဖြစ်သည်။

လွန်ခဲ့သော ရာစုနှစ်များစွာက ပတ္တမြားသည် ပုံမှန်သဘာဝအားဖြင့် နီညိုရင့်ရောင်မှ မှောင်သော အနက်ရောင်ဘက်သို့ အရောင်ပြောင်းလဲတတ်ပြီး ၎င်းအရောင်ပြောင်းလဲမှုက ပိုင်ရှင်အပေါ် ‌ဘေးဥပါဒ် သို့မဟုတ် ဘေးအန္တရာယ်များအတွက် ကြိုတင်သတိထားနိုင်ရန် ပြောင်းလဲခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ ကျန်းမာရေးနှင့် ဉာဏ်ပညာကို ကိုယ်စားပြုသော “Corundum” တွင်းထွက်မျိုးစိတ်မှ ဆင်းသက်လာသည့်အတွက် ပတ္တမြားသည် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးနိုင်သော ကျောက်မျက်ရတနာတစ်မျိုးဖြစ်သည်။ အထူးသဖြင့် ၎င်းသည် ရောင်ရမ်းမှုရောဂါများအတွက် အရောင်ကျစေပြီး အမျက်ဒေါသကိုလည်း လျော့နည်းစေသည်။ အလယ်ခေတ်ဥရောပတိုက်သားများက ပတ္တမြားသည် ကျန်းမာရေးအပြင် ဉာဏ်ပညာ၊ ကြွယ်ဝချမ်းသာမှုနှင့် ချစ်ခြင်းမေတ္တာတို့အတွက်လည်း ထင်ရှားသောကျောက်မျက်ရတနာတစ်မျိုးဖြစ်သည်။ ဒါ့အပြင်မကောင်းသောအကြံအစည်၊ အငြင်းပွားမှုများမှလည်း ကာကွယ်ပေးနိုင်ပြီး မေတ္တာကိုတိုးပွားစေမည့်ကျောက်မျက်ဖြစ်သည်ဟုသတ်မှတ်ကြသည်။

မြန်မာနိုင်ငံ၏ “မိုးကုတ်ဒေသထွက် ‌ပတ္တမြား” မှာ နာမည်အကြီးဆုံး ရှေးအကျဆုံးနှင့် တန်ဖိုးအကြီးဆုံး ပတ္တမြားများထွက်ရာဒေသတစ်ခုအဖြစ် ကမ္ဘာတွင် ထင်ရှားကျော်ကြားသည်။ အရှေ့တောင်အာရှတွင် ပတ္တမြားထွက်ရာ ထင်ရှားသောဒေသတစ်ခုမှာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းရှိ Luc Yen ဒေသဖြစ်သည်။ ဒါ့အပြင် အာဖရိကနိုင်ငံရှိ မွန်တီပူဇ်သတ္တုတွင်းများတွင်လည်းတွေ့ရှိရလေ့ရှိသည်။ ၁၉၀၀ ပြည့်နှစ်များတွင် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီယားနိုင်ငံအကြားရှိ ပတ္တမြားသိုက်များသည် ဈေးကွက်တွင် အဓိကပတ္တမြားများအဖြစ် စာရင်းဝင်လာကြသည်။ အခြားထင်ရှားသော ပတ္တမြားတွေ့ရှိရာ နိုင်ငံများမှာ အာဖဂန်နစ္စတန်၊ တာဂျစ်ကစ္စတန် ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ကင်ညာ၊ တန်ဇန်းနီးယား နှင့် မာဒါဂက်စကာ တို့ဖြစ်သည်။

ပတ္တမြားကိုတူးဖော်တွေ့ရှိပြီးနောက် ပို၍အရောင်ထွက်လှပစေရန် အပူဖြင့် သန့်စင်ခြင်းလုပ်ငန်းကို လုပ်ကိုင်ခြင်းအားဖြင့် သန့်ရှင်းကြည်လင်သော အနီရောင်ကို ထွက်စေသည်။ လက်ဝတ်ရတနာအဖြစ် တန်ဆာဆင်ထားသော ပတ္တမြားကိုသန့်စင်ရန်အတွက်မူ ဆပ်ပြာပျော့နှင့် နွေးသောရေထဲတွင် နူးညံစွာပွတ်၍ဆေးကြောခြင်းအားဖြင့် သန့်ရှင်းအောင် လုပ်ပေးနိုင်သည်။ ၎င်း၏ ထူးခြားစွာ ဆွဲဆောင်မှုရှိသော အနီရောင်သည် မည်သည့်ဝတ်စားဆင်ယင်မှုမျိုးတွင်မဆို ကိုက်ညီမှုရှိစွာ လိုက်ဖက်တင့်တယ်မှုကို ပေါ်လွင်စေသည်။ ၎င်းသည် ရဲရင့်ခြင်းအင်အားကိုပေး၍ ချစ်ခြင်းမေတ္တာနှင့် စိတ်အားထက်သန်မှုတို့ကို ထင်ဟပ်စေသော သင်္ကေတတစ်ခုအဖြစ် ယနေ့ခေတ်တွင် ပို၍ထင်ရှားလာသည်။

Ruby ကျောက်မျက်လေးဟာ July လဖွားမွေးနေ့ရှင်တို့အတွက် အဓိပ္ပါယ်ပြည့်ဝသော Lucky Stone လေး ဖြစ်ရုံသာမကဘဲ ၎င်းအား ဝတ်ဆင်သူတိုင်းကို ကောင်းကျိုးအဖြာဖြာ ပြည့်ဝစေမှုနှင့်အတူ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာတွေကို ပုံဖော်ပေးနိုင်မယ့် ကျောက်မျက်ရတနာလေးတစ်မျိုးဆိုရင်လည်း မှားမယ်မထင်ပါဘူးနော်။ အခုတင်ပြပေးခဲ့တာကတော့ Ruby ကျောက်လေးနဲ့ပတ်သက်ပြီး July လဖွား မွေးနေ့ရှင်တို့အတွက် သာမက ပတ္တမြားချစ်သူတို့အတွက် ဗဟုသုတရဖွယ် အချက်အလက်များကို စုစည်းပြီး မျှဝေပေးလိုက်ပါတယ်နော်။ ကျောက်မျက်ရတနာအားလုံးမှာ ကိုယ်ပိုင်စွမ်းအင်သတ္တိအမျိုးမျိုးရှိကြတာမို့ ကျောက်မျက်ရတနာလေးတွေကို အလှဆင်စရာ အဆင်တန်ဆာတစ်ခုထက်ပိုတဲ့ မိမိတို့ကံကောင်းမှုအတွက် အထောက်အပံ့ကောင်းတစ်ခုအဖြစ် သတ်မှတ်ပြီး ကိုယ့်အတွက်သာမက မိမိချစ်ရတဲ့သူများအတွက်လဲ လက်ဆောင်မွန်တစ်ခုအဖြစ်ရွေးချယ်ပေးနိုင်ဖို့ ဆန္ဒပြုလိုက်ပါတယ်နော်…။