ရွှေအကြောင်းသိကောင်းစရာ

မြန်မာ့ရိုးရာ ပန်းထိမ်ပညာ

myanmatraditionalpanhtain

ဒီအပတ်မှာတော့ ရွှေငွေကျောက်မျက် ရတနာချစ်သူတွေအတွက် စိတ်ဝင်စားစရာကောင်းပြီး မြန်မာတို့ရဲ့သမိုင်းဝင် ရှေးနှစ်ပေါင်းများစွာထဲက ကျော်ကြားလှတဲ့ မြန်မာ့ရိုးရာ ပန်း ၁၀ မျိုးထဲမှာ တစ်မျိုးအပါအဝင်ဖြစ်တဲ့ ပန်းထိမ်ပညာအကြောင်း အားလုံးအတွက် ဗဟုသုတရရှိစေဖို့ ရည်ရွယ်ပြီး မျှဝေပေးလိုက်ရပါတယ်…

ပန်းဆယ်မျိုး ဆိုတာကတော့ မြန်မာ့သုခုမ အနုပညာရပ်များဖြစ်သည့်

1. ပန်းပဲ
2. ပန်းထိမ်
3. ပန်းပု
4. ပန်းချီ
5. ပန်းယွန်း
6. ပန်းပွတ်
7. ပန်းတော့
8. ပန်းတမော့
9. ပန်းရန်
10. ပန်းတဉ်းတို့ကိုဆိုလိုသည်။

ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ဆယ်ပွင့်ပန်း (သို့) ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ပန်းဆယ်မျိုး ဟုလည်း ခေါ်စမှတ်ပြုကြသလို       ရာဇောဝါဒကျမ်းတွင် ပဲ၊ ထိမ်၊ တဉ်း၊ တော့၊ ရန်၊ ပု၊ မော့၊ မှတ်လော့ ပွတ်ချီယွန်း ဟူ၍ ဖွဲ့ဆိုထားသည်။

  • ပဲ         =      ပန်းပဲ ( သံထည်ထုလုပ်ခြင်း အတတ်ပညာ )
  • ထိမ်     =      ပန်းထိမ် ( ရွှေငွေ စသည့်လက်ဝတ်တန်ဆာမှစ၍ အသုံးအဆောင်ပစ္စည်းအမျိုးမျိးကို သွန်းထု ခတ်လုပ်သည့်ပညာ )
  • တဉ်း    =     ပန်းတဉ်း ( ကြေးထည် ပုံစံအမျိုးမျိုး သွန်းလုပ်သည့်ပညာ )
  • တော့   =     ပန်းတော့ ( အင်္ဂတေ၊ သရွတ်ဖြင့် ရုပ်လုံး ရုပ်ကြွ အမွှမ်းတင်တန်ဆာ ပြုလုပ်သောပညာ )
  • ရန်       =     ပန်းရန် ( အုတ်၊ အင်္ဂတေတို့ဖြင့် အဆောက်အဦ တည်လုပ်သည့်ပညာ )
  • ပု         =     ပန်းပု ( သစ်သား၊ ဆင်စွယ်၊ ဖယောင်း စသောဝတ္တုပစ္စည်းများကို ရုပ်လုံးရုပ်ကြွ ထွင်းထုသည့်ပညာ )
  • မော့     =     ပန်းတမော့ ( ကျောက်သားကို ထုဆစ်သည့်ပညာ )
  • ပွတ်     =     ပန်းပွတ် ( သစ်သား၊ ဆင်စွယ် ပစ္စည်းများကို လိုရာပုံစံအတိုင်း ချောမွတ်အောင် ပွတ်ခံပြုလုပ်သည့်ပညာ )
  • ချီ         =     ပန်းချီ ( ဆေးရေး၊ ခဲရေး ရုပ်ပုံ ရေးခြယ်သည့်ပညာ )
  • ယွန်း    =      ပန်းယွန်း ( သရိုးဖြင့် ပန်းနှင့် ရုပ်ကြွတင်၍ ပြုလုပ်သည့်ပညာ။ ယွန်းထည်ပညာ၊ ပန်းထိုးယွန်း ဟုလည်းခေါ်သည်။ )

ပန်းဆယ်မျိုးသည် မြန်မာ့ယဉ်ကျေးမှုအနုပညာတွင် အဓိကအကျုံးဝင်သော ပညာရပ်များဖြစ်သည်။ ပန်းဆယ်မျိုးမှာ အနုပညာ၏ လေးနက်သိမ်မွေ့ပြီး ခက်ခဲနက်နဲသော သဘောကို ဆောင်သည်။

ပန်းဆယ်မျိုး ပေါ်ပေါက်လာခဲ့သော အချိန်ကာလကို အချို့ပညာရှိများ ခန့်မှန်းခဲ့ကြသည်မှာ ပုဂံပြည် ကျန်စစ်မင်းကြီး လက်ထက်တွင် ဖြစ်မည်ဟု ဆိုသည်။ မြန်မာရာဇဝင်နှင့် ကျောက်စာဟောင်းများအရ   အနော်ရထာမင်းစောသာလျှင် မြန်မာရာဇဝင်တွင် ဘုန်းအကြီးဆုံးဘုရင်ဖြစ်၍ အနော်ရထာမင်းလက်ထက်ကပင် ပညာသည်များ စုံလင်စွာ ရှိခဲ့သည်ဟုဆိုသည်။

တနည်းအားဖြင့် ဆင်ခြင်သုံးသပ်ကြည့်လျှင် အနော်ရထာမင်းလက်ထက်တွင် – ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော စေတီပုထိုးများကိုသာ အများအပြားတည်ဆောက်ခဲ့သည်။ ကျန်စစ်သားလက်ထက် ရောက်လာသောအခါ၌လည်း ဂူ၊ ကျောင်း၊ တန်ဆောင်း၊ ပြာသာဒ် အဆောက်အဦး များကို ဆက်လက်ဆောက်လုပ်၍ အနုပညာလုပ်ငန်းများကို အားပေးချီးမြှောက်လာခဲ့ကြောင်း တွေ့ရသည်။ သထုံပြည်မှ မနူဟာမင်းနှင့် အတူပါခဲ့သော မွန်အနုပညာသည်များ၊ အိန္ဒိယမှ လာသောအနုပညာရှင်များနှင့် ရှေးဟောင်း ပျူအဆက်အနွယ် အနုပညာရှင်တို့ စုံစုံလင်လင် ထပ်ဆင့် စုပေါင်း တီထွင်ခဲ့ကြရာ ပန်းဆယ်မျိုး ဟု ခေါ်သော အနုပညာလုပ်ငန်းများသည် ထိုခေတ် ထိုအချိန်မှစပြီး အပြိုင်အဆိုင် တိုးတက်ပေါက်ပွားလာခဲ့သည်ဟု ယူဆရသည်။ 

ထို ပန်းဆယ်မျိုး ထဲအနက် တခု ဖြစ်သော ပန်းထိမ်ပညာ သည် ရွှေ၊ ငွေစသည့် ပျော့ပျောင်းသော သတ္တုပစ္စည်းများကို အရည်ကျိုကာ ပုံသွင်းသည့် အတတ်ပညာ တစ်ခု ဖြစ်သည်။ လက်ဝတ်ရတနာ အသုံးအဆောင် အမျိုးမျိုးတို့ကို သီးသန့်ပြုလုပ်ခြင်း၊ ကျောက်မျက်မျိုးစုံတို့ဖြင့် တွဲဖက်၍ ပြုလုပ်သော အတတ်ပညာဖြစ်သည်။ အရောင်တင်ခြင်းသည် ရွှေပန်းထိမ်လုပ်ငန်းတွင် အရေးပါသော အခန်းကဏ္ဍတစ်ရပ်ဖြစ်သည်။

ရွှေရည်ကောင်းသည့် လက်စွပ်၊ ဆွဲကြိုး၊ ဆွဲသီး၊ နားဆွဲနှင့် ဟန်းချိန်းကဲ့သို့သော ရွှေထည် လက်ဝတ်လက်စားများကို ပြုလုပ်ပြီးစ တွင်ဖြစ်စေ၊ ဝတ်ဆင်ခြင်းအကြိမ်များ၍ ညစ်ပေလာလျှင်ဖြစ်စေ ၊အရောင်စိုပြည်လှပစေရန် အရောင်တင်ကြပါသည်။ လက်ဖြင့်အရောင်တင်ခြင်းနှင့် စက်ဖြင့်အရောင်တင်ခြင်းဟူ၍ ရွှေထည်အရောင်တင်နည်း နှစ်မျိုးရှိသည်။

လက်ဖြင့်အရောင်တင်ရန် ပထမဦးစွာ ရွှေထည်ကို အနီရောင်ဖြစ်လာသည်အထိ မီးပေး၊ မီးဖုတ်ပြီးလျှင် ဇာဂနာဖြင့် ရွှေထည်ကိုညှပ်ယူကာ သွပ်စားငရဲမီး ထည့်ထားသောခွက်၌ ဆွတ်ရသည်။ မီးဖုတ်ခြင်းဖြင့် ရွှေတွင်ကပ်နေသော အညစ်အကြေးများ မီးစားကုန်ပြီး ရွှေ၏မူလအရောင်အသွေးကို ရရှိစေသည်။ ငရဲမီးဆွတ်မှုကြောင့် ရွှေထည်ပေါ် တင်ကျန်နေသည့် မကောင်းသော အနံ့အသက်များ ကင်းစင်သွားပြီး သတံကြိတ်ရ လွယ်ကူစေပါသည်။ သွပ်စားငရဲမီးထဲ ဆွတ်ပြီးလျှင် ရေထည့်ထားသည့် ကြွေခွက်ထဲသို့ ရွှေထည်ကို နစ်ထည့်၊ ပြန်ထုတ်ပြီးနောက် သတံခေါ် စတီးလ် သို့မဟုတ် ဖန်ဖြင့်ပြုလုပ်ထားသော အရာဖြင့် ရွှေထည်မျက်နှာပြင်ကို ချောမွတ်ပြောင်လက်အောင် တိုက်၊ကြိတ်ပေးရသည်။
ပြီးလျှင် ဆပ်ပြာသီးခေါ် ကင်ပွန်းသီးအလုံးအချို့ကို မီးမြိုက်၊ ချေမွပြီး ရေစိမ်ထားသော ရေအင်တုံထဲသို့ ရွှေထည်ကိုနစ်ပြီးလျှင် ပြန်ဆယ်ယူကာ ကြေးဘရပ်ခတ်လိုက် ပြန်နစ်လိုက်လုပ်ခြင်းဖြင့် သန့်စင်အောင်ပြုရသည်။

ထို့နောက် ဒုတ္ထာ ရွေးစေ့ခန့်ကို စကျင်ကျောက်ဆုံတွင် ရေပါသည်ဆိုရုံ ထည့်ကြိတ်ချေပြီးလျှင်၊

  • ဆား ထမင်းစားဇွန်းနှစ်ဇွန်းနှင့်
  • ယမ်းစိမ်း ထမင်းစားဇွန်း လေးဇွန်းခန့်ကို ကြေညှက်အောင်ထောင်းပြီး ရေထည့်ကာ ခပ်ပျစ်ပျစ်ဖြစ်အောင် ပြုထားသော အရောအနှော၌ ရွှေထည်ကို နစ်ပြီးလျှင် ပြန်ဆယ်ခြင်းဖြင့်မီးအပူပေးထားသည့် ဒယ်ထဲသို့ထည့်၍ မြေချဉ်ပစ်ရသည်။

မြေချဉ်ပစ်ပြီးလျှင် ရေထည့်ထားသော ကြွေခွက်ထဲသို့ ရွှေထည်အား ထည့်ပြီး အအေးခံပါသည်။ နောက်ဆုံးအဆင့်မှာ မြေအိုး သို့မဟုတ် ကြွေရည်သုတ် သံဇလုံထဲ ဆေးဦးရည်ဖြည့်ကာ ပွတ်ပွတ်ဆူအောင် မီးဖိုပေါ်တည်ထားလျှက် သန့်စင်ထားသည့် ကြေးနီချောင်း ထည့်သွင်းထားသည့် အိုးထဲ၌ ရွှေထည်ကို နစ်ထည့်ကာ ပြန်ထုတ်ခြင်းဖြင့် လိုချင်သောအရောင်ရသည်အထိ ပြုလုပ်ပါသည်။

ဆေးဦးရည်ဆိုသည်မှာ ထန်းရည်ခံသည့် မြူအိုးအရွယ်ရှိ အိုးထဲသို့

  • ဆား လက်ဖက်စားဇွန်း တစ်ဇွန်း၊
  • ကန့်မှုန့် လက်ဖက်စားဇွန်း ထက်ဝက်ခန့်နှင့်
  • ကလေးလက်သီးဆုပ်ပမာဏရှိ မန်ကျည်းသီးမှည့်လက်တဆုပ်ကို ရေဖျော်ထားသည့် အရည်အား အိုးပခုံးစောင်းအထိဖြည့်ပြီး ဖျော်စပ်ထားသော အရည်ကို ခေါ်ခြင်းဖြစ်သည်။ မန်ကျည်းသီးမှည့်ကို ရေမဖျော်ပဲ အဝတ်စ ပါးပါးဖြင့် ထုပ်ပြီး ထည့်လျှင်လည်း ဖြစ်ပါသည်။

ကြေးနီချောင်းအတွက် လျှပ်စစ်ဝါယာကြိုးအဟောင်းကို မီးရှို့ပြီး ထုတ်ယူထားသည့် ကြေးနီကြိုးကို ဖြတ်ကာ ကော်ပတ်ဖြင့် သန့်စင်လျှက် ခွေထည့်၍ သော်လည်းကောင်း၊ သင့်တော်ရာ ကြေးနီချောင်းကို သန့်စင်ပြီးသော်လည်းကောင်း ပြုလုပ်ကြသည်။ အချို့က မြေအိုး သို့မဟုတ် ကြွေရည်သုတ် ဇလုံအစား ကြေးအိုးကို သန့်စင်ပြီး ဆေးဦးရည် ထည့်ကာအရောင်တင်ကြသည်။ ထိုအတွက် ကြေးနီထည့်ပေးရန် မလိုတော့ပါ။

အချို့မှာ မြေချဉ်မပစ်မီ ရွှေထည်ကို ပြုတ်ရည်ဖြင့် ပြုတ်ပြီးမှ ကြေးဘရတ်ခတ်ကာ ဆေးကြောခြင်း။ 

  • ယမ်းစိမ်း ၁ိ ( ၁ကျပ်သား )၊
  • ကျောက်ချဉ် ၈ဲ ( ၈ပဲ )၊
  • ဆား ၄ဲ ( ၄ပဲ )၊
  • ဒုတ္ထာ ၁ဲ ( ၁ပဲ )  စသည့်အချိုးဖြင့် ရေဖြည့်ထားသည့် အိုးထဲထည့်၍ ဖော်စပ်ထားသော အရည်ကို ပြုတ်ရည်ဟု ခေါ်ခြင်းဖြစ်သည်။

ရွှေပန်းထိမ်သည် ရွှေနှင့် အခြားတန်ဖိုးကြီး သတ္တုများဖြင့် လူ့အသုံးအဆောင်များ ပြုလုပ်သည့် ပန်းထိမ်အတတ် ဖြစ်သည်။ ယနေ့ခေတ်တွင် ကျောက်မျက်ရတနာ လက်ဝတ်လက်စား ပြုလုပ်ခြင်းကို အထူးအလေးပေးကြသော်လည်း သမိုင်းကြောင်းအရမူ ရွှေပန်းထိမ်သမားများက ငွေထည်ပစ္စည်း၊ ပန်းကန်များ၊ ခွက်များ၊ အလှဆင်မှုဆိုင်ရာနှင့် ဝန်ဆောင်မှုပေးနိုင်သော အသုံးအဆောင်ပစ္စည်းများ၊ ပွဲတော်များ သို့မဟုတ် ဘာသာရေးအခမ်းအနားနှင့်ဆိုင်သည့် ပစ္စည်းများကိုလည်း ပြုလုပ်ခဲ့ကြသည်။

ရွှေပန်းထိမ်သမားများသည် သတ္တုစပ်ခြင်း၊ ဂဟေဆော်ခြင်း၊ ဖြတ်တောက်ခြင်း၊ ထုရိုက်ပုံဖော်ခြင်း၊ ပုံသွင်းလောင်းခြင်းနှင့် တိုက်ချွတ်ခြင်းတို့၌ ကျွမ်းကျင်တတ်မြောက်ရသည်။ ငွေထည်ပြုလုပ်ခြင်း စွမ်းရည်များအပြင် လက်ဝတ်ရတနာပြုလုပ်သော စွမ်းရည်များကိုပါ တတ်ကျွမ်းရသည်။ အစဉ်အဆက်အားဖြင့် ပညာသင်နေစဉ်ကာလပတ်လုံး ကျွမ်းကျင်မှုရှိရန် လေ့ကျင့်လုပ်ဆောင်ကျော်ဖြတ်လာခဲ့ကြသော်လည်း ရွှေပန်းထိမ်အတတ်ကို အထူးပြုသင်ကြားပေးသည့် အနုပညာသင်တန်းကျောင်းများက လက်ဝတ်ရတနာ ထီးခက်ဖြာအောက် ကျရောက်သော ဘာသာရပ်တို့၌ပါ တတ်မြောက်ကျွမ်းကျင်အောင် လေ့ကျင့်သင်ကြားပေးသည်။ များစွာသော တက္ကသိုလ်များနှင့် သက်တမ်းရှည်ကောလိပ်ကျောင်းများက ရွှေပန်းထိမ်၊ ငွေပန်းထိမ်နှင့် သတ္တုဖြင့်အနုပညာဖန်တီးပုံဖော်မှုအတတ်ကို ၎င်းတို့၏ သင်ရိုးညွှန်းတမ်းတစ်ခုအဖြစ် ထည့်သွင်းသင်ကြားပေးသည်။

ရွှေပန်းထိမ်သမားတစ်ဦးသည် လက်ဝတ်လက်စားအထည်စုံ ပြုလုပ်ခြင်းအစွမ်း နှင့် ၎င်းတို့အား ရောင်းထုတ်ခြင်းအသိပညာကိုပါ သိထားရသည်။ သတ္တုအားလုံးထဲ၌ ပုံသွင်းရအလွယ်ကူဆုံးဖြစ်သည့် ရွှေမှာ လုပ်သားများအား တမူထူးသော အခွင့်အလမ်းများကို ပေးစွမ်းသည်။ ယနေ့ကမ္ဘာတွင် အခြားသော သတ္တုအမျိုးအစားများ၊ အထူးသဖြင့် ပလက်တီနမ်သတ္တုစပ်များကိုလည်း မကြာခဏ အသုံးပြုကြ၏။

၂၄ ကာရက်ရွှေသည် သန့်စင်သောရွှေဖြစ်ပြီး သမိုင်းကြောင်းအရ ဇမ္ဗူရာဇ်ရွှေ၊ အခေါက်ရွှေဟု ခေါ်သည်။ ပျော့ပျောင်းခြင်းကြောင့် ၂၄ ကာရက်ရွှေကို ကျောက်ထည်၌ အသုံးပြုခြင်းသည် နည်းသည်။ ပိုမိုကြံ့ခိုင်ရန်နှင့် အမျိုးမျိုးသော အရောင်အသွေးများဖန်တီးရန် အများအားဖြင့် သတ္တုစပ်ခြင်းပြုရသည်။ သတ္တုစပ်ပြုလုပ်ရာတွင် သုံးသောသတ္တုအပေါ်မူတည်၍ အရောင်ပြောင်းနိုင်သည်။ ထို့နောက် သတ္တုစပ်ထားသော ရွှေကို ရောင်းတမ်းအတွက် သတ္တုစပ်၌ ရွှေပါဝင်မှုအချိုးအစားအား ကိုယ်စားပြုရန် ၇၂၅ အမှတ်အသားဖြင့် တံဆိပ်ရိုက်ရသည်။ ကျောက်မျက်ရတနာအထည်ဈေး ပိုသက်သာစေရန် အနည်းစုက ရွှေပါဝင်မှုနည်းသော သတ္တုစပ်များကိုသုံးပြီး ကျောက်ထည်အများစုမှာ ၇၂၅ အမှတ်အသား သတ္တုစပ်ဖြင့် ပြုလုပ်ထားသည်။ နောက်ပိုင်းအဆင့်တွင် ရွှေပန်းထိမ်သမားက သတ္တုကို ပြုလုပ်လိုသည့်ပုံစံရရန် ကြိတ်စက်၊ နန်းပြင်၊ မိုတုံး၊ ရိုက်မြောင်း နှင့် အချိုင့်ပုံ၊ ကြယ်ပုံ၊ ဘဲဥချိုင့်ပုံ၊ သစ်ခက်ပုံ စသည်တို့အား လိုအပ်သလို စီမံထွင်းထုထားသောပစ္စည်း၊ အခြားပုံဖော်ကိရိယာအပါအဝင် စက်ကိရိယာအမျိုးစုံကို သုံးရပါသည်။

ထို့နောက် အစိတ်အပိုင်းများအား ဂဟေဆက်တပ်ဆင်ခြင်းလုပ်ငန်းအဆင့်ဆင့်ကို လုပ်ကိုင်ဖန်တီးရသည်။ ရွှေပန်းထိမ်ဆရာကောင်းတစ်ယောက်သည် အသေးစိတ်တိကျလှသော စက်ကိရိယာကို အားမကိုးပဲ သူ၏မျက်လုံးအမြင်နှင့် လက်စွဲတော်ကိရိယာများကိုသာ အထူးပိုမိုအားထားပြီး အလုပ်လုပ်နိုင်စွမ်းရှိသည်။ ရွှေပန်းထိမ်အလုပ်တွင် ကျောက်မျက်ရတနာလုပ်ငန်းဖြစ်သည့် ကျောက်မျက်ရတနာတပ်ဆင်ရသည့် အလုပ်လည်း မကြာခဏ ပါဝင်တတ်သည်။

သို့ရာတွင် ကျောက်မျက်ရတနာလုပ်ငန်းလုပ်သူ ဆိုသည်မှာ ကျောက်မျက်ရတနာ လက်ဝတ်လက်စား အရောင်းအဝယ်လုပ်သူကို အများဆုံး ဆိုလိုခြင်းကြောင့် ရွှေပန်းထိမ်၊ ငွေပန်းထိမ်၊ ကျောက်မျက်ကျွမ်းကျင်သူ၊ စိန်သွေးသူ၊ စိန်တပ်ဆင်သူများနှင့် ပန်းထိမ်ပညာရှင်များသည်မတူပါ။

အထက်မှာမျှဝေပေးခဲ့တဲ့ အကြောင်းအရာလေးကတော့ မြန်မာ့ရိုးရာ ပန်းဆယ်မျိုး စာရင်းဝင် ပန်းထိမ်ပညာအကြောင်းနှင့် အခြားစိတ်ဝင်စားဖွယ် ဗဟုသုတရဖွယ် အချက်အလက်လေးတွေကိုပါ ရှာဖွေတင်ဆက်ပေးလိုက်တာဖြစ်လို့ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်ကို ချစ်မြတ်နိုးတဲ့ Customers တွေ အားလုံး ကျေနပ်ကြမယ်လို့ မျှော်လင့်ရင်းဖြင့် နောက်အပတ်တွေမှာ ပြန်လည်ဆုံတွေ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်…