ဩဂုတ်လ (၂၃) ရက်နေ့မှ စက်တင်ဘာလ (၂၂) ရက်နေ့အတွင်း မွေးဖွားသူတို့ကို ကန်ရာသီဖွား (Virgo) များဟု သတ်မှတ်နိုင်သည်။ ကန်ရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော တေဇောဓာတ် (မီးဓာတ်)ကြီးစိုးပြီး ဗုဒ္ဓဟူးဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၁)ဂဏန်း စွမ်းအားသက်ရောက်မှုရှိသည်။
ကန်ရာသီဖွားတွေဟာ ရာသီခွင် (၁၂) ခုထဲမှ ဉာဏ်ရည်အမြင့်ဆုံးရာသီခွင်တွေလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ကိုယ့်ကိုယ်ကို အမြဲလေ့လာဆန်းစစ်နေတတ်ပြီး အားမလိုအားမရဖြစ်နေတတ်သူတွေလည်း ဖြစ်ပါတယ်။
ကန်ရာသီဖွားတွေဟာ စိတ်ခံစားချက်ပြင်းထန်သူတွေ ဖြစ်ပါတယ်။ ဒေါသဖြစ်လွယ်ပေမယ့် စိတ်သဘောထားကတော့ နူးညံသိမ်မွေ့သူတွေပါ။ သူတို့ဟာကြိုးစားအားထုတ်မှုတော့ ထိပ်ဆုံးမှာရှိနေပြီး အမြဲလေ့လာနေတတ်သူတွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ ပေါင်းသင်းဆက်ဆံရေးမှာ စကားပြောကောင်းတာကြောင့် လူချစ်လူခင်ပေါများသူတွေ ဖြစ်ပါတယ်။ ဒ့ါအပြင် ကိုယ်သိထားတဲ့အကြောင်းအရာတွေကို အခြားသူတွေအပေါ် မျှဝေပေးရတာကိုလည်းနှစ်သက်ကြပါတယ်။
ကန်ရာသီဖွားတွေဟာ စာဖတ်ခြင်းကို အထူးနှစ်သက်ပြီး ဖြတ်ထိုးဉာဏ်ကောင်းသူတွေ ဖြစ်ပါတယ်။ စူးစမ်းလေ့လာမှုတွေအပြင် ဗဟုသုတကြွယ်ဝခြင်းတွေကြောင့်လည်း အများရဲ့စံထားခြင်းကို ခံရသူတွေ ဖြစ်ကြပါတယ်။ ပညာရေးဘက်မှ ထူးချွန်သလို အရာရာကို ဝေဖန်ဆုံးဖြတ်နိုင်စွမ်းတွေကလည်း ကန်ရာသီဖွားတွေရဲ့အားသာချက် ဖြစ်ပါတယ်။
ကန်ရာသီဖွားတွေဟာ မိတ်ဆွေအပေါင်းအသင်းတွေကို ကူညီရတာဝါသနာပါပြီး ပရဟိတလုပ်ငန်းတွေမှာလည်း အားတက်သရော ပါဝင်တတ်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ တာဝန်ယူစိတ်နဲ့ နူးညံ့တဲ့စိတ်ခံစားချက်ရှိကြပြီး သူတစ်ပါးအပေါ်စိတ်ရှည်တဲ့သူတွေ ဖြစ်ကြပါတယ်။ ပြဿနာကြုံရင် ရှောင်ပြေးတာမျိုးကို လက်မခံဘဲ ရင်ဆိုင်ဖြေရှင်းတတ်ပြီး တစ်ဖက်သားအပေါ် ရိုင်းစိုင်းစွာပြောဆိုခြင်းမျိုးကိုလည်း မနှစ်သက်သူတွေ ဖြစ်ကြပါတယ်။ ဒ့ါအပြင် စကားပြောစွမ်းရည်နဲ့ အတွေးအခေါ်မြင့်မားတာကြောင့်လည်း သိပ္ပံပညာရှင်၊ ကထိက၊ စာရေးဆရာနဲ့ စာနယ်ဇင်းနယ်ပယ်တွေမှာ အောင်မြင်ကျော်ကြားသူတွေ ဖြစ်တတ်ကြပါတယ်။
ကန်ရာသီဖွားတွေဟာ သစ္စာရှိသူတွေဖြစ်ပြီး အချစ်ရေးမှာ ကံကောင်းသူတွေ ဖြစ်ကြပါတယ်။ ချစ်သူနဲ့ဘဝမှာ အေးဆေးစွာ ဖြတ်သန်းလိုပြီး ချစ်သူမချစ်တော့မှာ အမြဲစိုးရိမ်စိတ်ရှိသူတွေ ဖြစ်ကြပါတယ်။ သူတို့ကို စိတ်လုံခြုံမှုပေးပြီး အရာရာနားလည်ပေးနိုင်တဲ့ ချစ်သူမျိုးကို လိုချင်ကြပါတယ်။ သူတို့နဲ့ အကျိုးပေးတဲ့ ရာသီခွင်တွေကတော့ မိန်ရာသီဖွားနဲ့ ကရကဋ်ရာသီဖွားတွေ ဖြစ်ကြပါတယ်။ ရွှေအိုရောင်၊ သနပ်ခါးရောင်နဲ့ မီးခိုးရောင်တွေက ကန်ရာသီဖွားတွေအတွက် အထူးအကျိုးပေးတဲ့ အရောင်တွေဖြစ်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ ၅၊ ၁၄၊ ၁၅၊ ၂၃၊ ၃၂ တို့ဖြစ်ပါတယ်။ တစ်သက်အတွက် ကံကောင်းစေမယ့် အဆောင်ကျောက်မျက်လေးကတော့ နီလာ (Blue Sapphire) ကျောက်လေးပဲ ဖြစ်ပါတယ်။
အခုပြောပြပေးခဲ့တာကတော့ ကန်ရာသီဖွား Virgo လေးတွေရဲ့ စိတ်နေသဘောထားလေးတွေနဲ့အတူ သူရဲ့ကံကောင်းခြင်းလက်ဆောင် အဆောင်ကျောက်လေးအကြောင်းပဲ ဖြစ်ပါတယ်။