ပြည်တွင်းသတင်း

Covid 19 ကူးစက်ခံရပြီးနောက်ရေရှည်အကျိုးသက်ရောက်မှုတွေက ဘာတွေလဲ?

whatarethelong termeffectsofcovid19infection

ဒီအပတ်အတွက် မျှဝေပေးဖို့ ရွေးချယ်ထားတဲ့ အကြောင်းအရာလေးကတော့ Covid 19 ကူးစက်ခံရပြီးနောက်မှာ ရေရှည်ကြုံတွေ့ရနိုင်တဲ့နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေအကြောင်းပဲဖြစ်ပါတယ်။ Coronavirus Covid 19 ဖြစ်ပွားသူအများစုသည် 2 ပတ်မှ 6 ပတ်အတွင်း ပြန်လည်သက်သာကောင်းမွန်လာကြသော်လည်း အချို့မှာ အချိန်ကြာမြင့်စွာ ရောဂါလက္ခဏာများခံစားနေရမှုနှင့် နောက်ဆက်တွဲ ကျန်းမာရေးပြသာနာများကြုံတွေ့ရတတ်ပါတယ်။

Covid 19 ကူးစက်ခံရမှုမှ သက်သာလာသူအများစုဟာ

  • အလွန်အမင်းပင်ပန်းလွယ်ခြင်း
  • ကြွက်သားအားနည်းခြင်း
  • အဖျားငွေ့ငွေ့ရှိခြင်း
  • အာရုံစူးစိုက်မှုအားနည်းခြင်း
  • မှတ်ဉာဏ်အားနည်းခြင်း
  • စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲများဖြစ်ပေါ်လွယ်ခြင်း
  • အိပ်မပျော်ခြင်း
  • မကြာခဏခေါင်းကိုက်ခြင်း
  • ဝမ်းပျက်ခြင်း
  • အန်ခြင်း
  • အနံ့အရသာပြန်မရခြင်း
  • လည်ချောင်းနာခြင်း
  • အစာစားရာတွင်ခက်ခဲခြင်း
  • အရေပြားနီခြင်း
  • အသက်ရှူကြပ်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • နှလုံးခုန်မြန်ခြင်း
  • ဆီးချို သွေးချို နှင့် သွေးတိုးရောဂါဖြစ်ပွားလွယ်ခြင်း

စသည့် နောက်ဆက်တွဲ  ရောဂါလက္ခဏာတစ်ခုမဟုတ်တစ်ခု ကြုံတွေ့ရတတ်ပါသည်။

Covid 19 ကြောင့်အပြင်ပိုင်းရုပ်ပိုင်းဆိုင်ရာမှာထိခိုက်ရမှုတွေကြုံတွေ့ရနိုင်သလို အထူးသဖြင့်ကတော့ သူတို့ရဲ့ စိတ်ကျန်းမာရေးအတွက် အပြောင်းအလဲများစွာလည်းဖြစ်စေနိုင်တာကို သတိပြုဖို့လိုအပ်ပါတယ်။ 2020 ခုနှစ်ကလေ့လာတွေ့ရှိခဲ့သော သုတေသနတစ်ခုအရ Covid 19 ရောဂါမှာသက်သာလာသူ 30 ရာခိုင်နှုန်းခန့်သည် ရေရှည်တွင်အဆုတ်မူမမှန်မှုဖြစ်နိုင်ချေရှိပြီး နာတာရှည် ပင်ပန်းနွမ်းနယ်လွယ်ခြင်းကိုခံစားရနိုင်‌သည်ဟုဆိုသည်။

အခု 2021 ခုနှစ်မှာတော့ ဆေးဘက်ဆိုင်ရာလေ့လာမှုတွေနဲ့ နည်းပညာတိုးတတ်လာမှုတွေကြောင့် ကာကွယ်ဆေးနဲ့ ကုသဆေးအသစ်များပေါ်ထွက်လာမှုတွေကြောင့် ပြန်လည်နလန်ထူခါစမှာ ယခင်အခြေအနေတွေထက် ကောင်းမွန်လာပေမဲ့ နောက်ဆက်တွဲရောဂါလက္ခဏာတွေကတော့ အနည်းနဲ့အများ အချိန်တစ်ခုထိ ရင်ဆိုင်နေကြရမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် Covid 19 ကူးစက်ခံရပြီး ပြန်လည်သက်သာလာစသူတွေအနေနဲ့ ပုံမှန်အတိုင်း ပြင်းပြင်းထန်ထန်အလုပ်လုပ်ခြင်းမျိုးမပြုလုပ်ဘဲ 3 လလောက်တော့ အားယူဖို့လိုအပ်ပါတယ်။ အတတ်နိုင်ဆုံး အိပ်စက်ချိန်မှန်ဖို့ဂရုပြုပြီး အစားကို အာဟာရပြည့်အောင် စားပေးဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကို လှုပ်ရှားမှုမပြုဘဲ နေခြင်းမျိုးကိုတော့ရှောင်ကြဉ်ပြီး လမ်းလျှောက်ပေးခြင်း၊ အကြောလျော့ပေးခြင်းနဲ့ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ပေးပါ။ ဥပမာ အဆုတ်အားကောင်းစေမယ့် အစားအစာတွေ စားပေးခြင်း၊ အဆုတ်ကျန်းမာရေးအတွက် အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ပေးခြင်း၊ လှုပ်ရှားမှုမရှိခြင်းက နောက်ဆက်တွဲ နာတာရှည်ရောဂါတွေထိ ဖြစ်စေနိုင်တာကြောင့် သတိထားပြီးဆင်ခြင်ဖို့လိုအပ်ပါတယ်။

ဒါကြောင့် Covid 19 ကူးစက်ခံရပြီးနောက်မှာ ရေရှည်အကျိုးသက်ရောက်မှုတွေကဘာလဲဆိုတာသိသွားပြီဆိုတော့ အဓိကကတော့ စိတ်ပိုင်းဆိုင်ရာအရ အားတင်းထားဖို့ အရေးကြီးပါတယ်။ နောက်ဆက်တွဲဖြစ်နိုင်ချေရှိတဲ့ ရောဂါလက္ခဏာတွေကို စိတ်ဓာတ်ကျဖို့မဟုတ်ဖို့ ရင်ဆိုင်တွန်းလှန်နိုင်ဖို့ လိုအပ်ပါတယ်။ နောက်ဆက်တွဲရောဂါလက္ခဏာတွေက ရောဂါဖြစ်ပြီးတဲ့လူတိုင်း ရင်ဆိုင်ရမယ်လို့မဆိုလိုပါဘူး။ ဖြစ်နိုင်ချေရှိတဲ့တွေ့ရှိချက်လေးတွေကို မျှဝေပေးတာဖြစ်တာကြောင့် မိမိကိုယ်မိမိဂရုစိုက်ပြီး စိတ်အားမငယ်ဘဲ ရင်ဆိုင်နိုင်ဖို့မျှော်လင့်ပါတယ်။