သယံဇာတ ပေါကြွယ်ဝလွန်းလှသော ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် တန်ဖိုးကြီးမားပြီးအရည်အသွေးအလွန်ကောင်းမွန်လှသည့် စိန်၊ ရွှေ၊ ပုလဲ၊ နီလာ၊ ကျောက်စိမ်း၊ ပတ္တမြား စသည့်ကျောက်မျက်ရတနာမျိုးစုံ ပေါကြွယ်ဝစွာ ထွက်ရှိပါတယ်။ တန်ဖိုးကြီးမားလှသော ကျောက်မျက် ရတနာများကို ရှေးမြန်မာမင်းများလက်ထက်ကပင် နန်းစဉ်ရတနာများ အဖြစ်ဂုဏ်ယူဝင့်ကြွားစွာ အသုံးပြုခဲ့ကြပါတယ်။ ထိုကဲ့သို့သော ရှေးမြန်မာမင်းများအသုံးပြုခဲ့သော နန်းစဉ်ရတနာများထဲတွင် ပတ္တမြားငမောက် အမည်တွင်သော နန်းစဉ်ပတ္တမြားကြီးမှာ လူသိများအထူးကျော်ကြားလှပါတယ်။ ချင်းတွင်းနယ် သားငမောက်သည် မိုးကုတ်မြို့တွင် လာရောက်၍ လယ်ယာစိုက်ပျိုးနေထိုင်ရင်း ပတ္တမြားကြီးအားရှာဖွေတွေ့ရှိခဲ့သောကြောင့် ပတ္တမြားငမောက် ဟုအမည်တွင်ရခြင်းဖြစ်ပါတယ်။ ငမောက်သည် သူရှာဖွေတွေ့ရှိထားသော ပတ္တမြားကြီးအား နှစ်ပိုင်းခွဲကာ တစ်ပိုင်းကို တရုတ်ပြည်သို့ရောင်းချစေ၍ ကျန်တစ်ပိုင်းအား ပင်းတလဲဘုရင်ထံသို့ဆက်သခဲ့ပါတယ်။ ဘုရင်မင်းမြတ်လည်း လွန်စွာနှစ်ခြိုက်တော်မူ၍ ငမောက်အား ဆုတော်လာဘ်တော်များ ပေးသနားတော်မူခဲ့ပါတယ်။
တရုတ်ပြည်သို့ ရောက်ရှိသွားသော ကျောက်တစ်ပိုင်းကတော့ ထိုစဉ် အချိန်အခါက တရုတ်ပြည်တွင်း၌ တိုင်းရေးပြည်ရေး မငြိမ်မသက်ဖြစ်၍ မြန်မာပြည်ဘက် ထွက်ပြေးတိမ်းရှောင်လာသော တရုတ်ကုန်သည်တစ်ဦးနှင့်အတူ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ထိုတရုတ်လူမျိုးကုန်သည်ကြီးသည် သူ့ထံတွင်ရှိသောပတ္တမြားတစ်ပိုင်းကို ဘုရင်ထံသို့ ဆက်သခဲ့လေရာ ဘုရင်လည်း တရုတ်ကုန်သည် ကြီးအား ဆုတော်လာဘ်တော်များပေးသနားပြီး ပတ္တမြားနှစ်ပိုင်းအား ဆက်ကြည့်စေခဲ့ပါတယ်။ ပတ္တမြားနှစ်ပိုင်းအား ဆက်လိုက်ရာတွင် လွန်စွာအရည်အသွေးကောင်းမွန်လှသော ပတ္တမြားကြီးတစ်လုံးကို ရရှိလာပါတော့တယ်။ ထိုအခါတွင် ဘုရင်မင်းမြတ်လည်း ပတ္တမြားတစ်လုံးလုံးအား မဆက်သလေရ ကောင်းလားဟု ငမောက်အား အမျက်တော်ပွားလေပြီး ငမောက်နှင့်တကွ သူ၏ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်အား ကွပ်မျက်စေခဲ့ပါတယ်။ ငမောက်နှင့် ဆွေမျိုးများအား ကွပ်မျက်ခဲ့သောနေရာကို လောင်းစင်ရွာဟု လည်းကောင်း ရေနဲ့ ဝေးသော နေရာဖြစ်သောကြောင့် ရေဝေးရွာဟုလည်းကောင်းခေါ်တွင်စေပြီး ကာလဒေသပြောင်းလဲလာသော် ရေဝေရွာ ဟူ၍ ယခုထက်တိုင်တည်ရှိနေဆဲဖြစ်ပါတယ်။
ပတ္တမြားငမောက်သည် အရောင်အသွေးအလွန်လှပပြီး ရတီ ၉၀ ကျော် အလေးချိန်ရှိပါသည်။ ပတ္တမြားကြီးအား လက်မနှင့် လက်ညိုးကြား ဖိကိုင်ထားပါက အရည်လည်ပြီး ပေါက်ကွဲယိုစီးမလားတောင် ထင်မှတ်ရလောက်အောင်လှပပါသည်။ ပတ္တမြားကြီးကို နွားနို့ သို့မဟုတ် ဝါဂွမ်းအဖြူကြားထဲ ထည့်ထားပါက နွားနို့နှင့်ဝါဂွမ်းများပင် အနီရောင်အဖြစ်သို့ ပြောင်းလဲသွားတတ်သည်ဟု ဆိုစမှတ်ပြုခဲ့ကြပါသည်။ အမှောင်ထဲတွင် ထားပါက အနီရောင်တွေ တလျှမ်းလျှမ်းထွက်ပေါ်နေတက်ပြီး ကြာကြာကိုင်ထားပါက အေးမြခြင်းကို ခံစားရပါသည်။ပတ္တမြားကြီးအား ရေနှင့်စိမ်သောက်ပါက လည်ချောင်းနာခြင်း၊ ရင်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်လေးခြင်း၊ မူးခြင်း၊ မောပန်းခြင်းတို့မှပျောက်ကင်းပြီး အားအင်များ တိုးလာနိုင်သည်ဟု သိရပါသည်။ ပတ္တမြားငမောက်နှင့် အသားအရေကိုပွတ်တိုက်ပါက ဝက်ခြံတင်းတိပ်များပင် ပျောက်ကင်းနိုင်သည်ဟုလည်း သိရပါသည်။ ရှေးအခါက မိုးကုတ်နယ်သို့ ကျောက်အရောင်းအဝယ်လာလုပ်ကြသော ပြင်သစ်ကုန်သည်များကို ခေါ်၍ပတ္တမြားငမောက်အား တန်ဖိုးဖြတ်ခိုင်းရာ မည်သူမှတန်ဖိုးမဖြတ်နိုင်၍ ပြည်တန်ပတ္တမြားဟု တင်စားခေါ်ဝေါ်ခြင်းကို ခံခဲ့ရပါသည်။ ထိုမျှအဖိုးတန်ပြီး လှပသောပတ္တမြားကြီးသည် အခုအချိန်အခါတွင် မြန်မာနိုင်ငံတွင်လည်း မရှိတော့သလို မည်သည့်နေရာတွင် ရောက်ရှိနေသည်ကိုလည်း မည်သူမျှအတိအကျမသိရတော့ပါ။
ရှေးမြန်မာမင်းများအဆက်ဆက် ထိန်းသိမ်းလာခဲ့သော နန်းစဉ်ရတနာပတ္တမြားငမောက်သည် သီပေါမင်းပါတော်မူသည့်နေ့မှစ၍ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ရခြင်းဖြစ်လေသည်။ သီပေါဘုရင်ပါတော်မူသည့်နေ့က ပတ္တမြားငမောက်အပါအဝင် နန်းစဉ်ရတနာတော်တော်များများကို စနစ်တကျ ထုပ်ပိုးသိမ်းဆည်း၍ ယူဆောင်သွားခဲ့သော်လည်း သူရိယသင်္ဘောပေါ်အရောက်တွင် ကာနယ်စလေဒင်မှ တန်ဖိုးကြီးမားလှသောနန်းစဉ်ရတနာများကို စိတ်ချရအောင် သူသိမ်းဆည်းထားပေးမည်ဟူ၍ ယူဆောင်သွားခဲ့ပါသည်။ ထိုနောက်ပိုင်းမှစ၍ ပတ္တမြားငမောက်နှင့် ကာနယ်စလေဒင်အား လုံးဝမတွေ့ရတော့ပေ။ ရတနာဂီရိသို့အရောက်တွင် သီပေါဘုရင်က တောင်းခံစာများရေးပြီး ဗြိတိသျှအစိုးရသို့ ပတ္တမြားငမောက်နှင့် နန်းစဉ်ရတနာများ ပြန်လည်ပေးအပ်ရန် တောင်းခံခဲ့သော်လည်း ပြန်မရခဲ့ချေ။ စလေဒင်သေပြီဟူသော မရေရာမသေချာသည့် ပြန်စာများကိုသာ ရရှိခဲ့ပါသည်။ သီပေါဘုရင်နတ်ရွာစံပြီးနောက်ပိုင်း သီပေါနွယ်ဝင်များဖြစ်ကြသည့် တော်ဘုရားကလေးနှင့် ဦးစိုးဝင်းတို့က လိုက်လံစုံစမ်းခဲ့သော်လည်း ဗြိတိသျှအစိုးရ၏ မသေချာသည့်ဖြေရှင်းချက်များကြောင့် သံသယများနှင့်သာ အဆုံးသတ်ခဲ့ရပါတော့သည်။ ပတ္တမြားငမောက်နှင့် ပတ်သက်ပြီးမူကွဲများစွာရှိလေသည်။ မည်သည်ကအမှန်ဖြစ်သည်ကိုလည်း မည်သူမှ မသိရှိကြပေ။ ပတ္တမြားကြီးနှင့်ပတ်သတ်သည့် မူကွဲတစ်ခုကိုဖော်ပြရလျှင် အိန္ဒိယအင်ပါယာသရဖူတွင် တပ်ထားသော ပတ္တမြားကြီးသည် ပတ္တမြားငမောက်ဖြစ်သည်ဟု ဆိုကြခြင်းပင်ဖြစ်လေသည်။ ဗြိတိသျှအစိုးရသည် သိမ်းယူရရှိလာသော ရတနာများထဲမှ တစ်ချို့တစ်ဝက်ကို ဝိတိုရိယဘုရင်မကြီးထံသို့ ဆက်သခဲ့ပြီး ကျန်ရှိသောရတနာများကိုတော့ ပြတိုက်သို့ပိုခဲ့ပါသည်။ ဘုရင်မကြီးထံ ဆက်သခဲ့သော ရတနာများထဲတွင် သီပေါဘုရင်၏ သရဖူတစ်ခု၊ မြကျောက်သုံးလုံး၊ ကျောက်အလွတ်ရှစ်လုံး၊ စိန်ဒေါင်းရုပ်ပုံပါတဲ့ဘယက်တစ်ကုံးနှင့် ရွှေဘီးတို့ ပါရှိပါသည်။
ထိုနောက် အိန္ဒိယအင်ပါယာသရဖူကို ပြုလုပ်ခဲ့ရာ ပတ္တမြားငမောက်နှင့်ဆင်တူသော ပတ္တမြားတစ်လုံး ထည့်သွင်းပြုလုပ်ထားသည်ကို တွေ့ရှိရလေသည်။ ပတ္တမြားငမောက်နှင့် အလွန်ရင်းနှီးခဲ့သော မြန်မာမင်းသမီးတစ်ပါးကလည်း သရဖူပုံပိုစ့်ကတ်ကို ကြည့်၍ အမှန်ပင်ပတ္တမြားငမောက်ဖြစ်လေသည်ဟု ပြောခဲ့လေသည်။ သို့သော် သရဖူထဲတွင်ထည့်သွင်းထားသော ပတ္တမြားများကို ဘယ်နေရာကရရှိခဲ့သလဲဆိုတာ အထောက်အထားမှတ်တမ်းမရှိဘူးဟု ဗြိတိသျှဘုရင်မရွှေတိုက်တော်က ထုတ်ပြန်ခဲ့ပါသည်။ သည်လိုနှင့်ပင် တန်ဖိုးကြီးမားလှသော မြန်မာ့နန်းစဉ်ရတနာတစ်ပါးဖြစ်သည့် ပတ္တမြားငမောက်သည် ယနေ့ထက်တိုင် ပျောက်ဆုံးနေဆဲပင် ဖြစ်လေတော့သည်။