စိန်အကြောင်းသိကောင်းစရာ

Black Diamond အကြောင်း

Black Diamond

ဒီတစ်ခေါက် September လအတွက် ဦးထုံရဲ့ ရတနာ မြတ်နိုးသူတွေကို Black Diamond ရဲ့ ထူးခြားချက်လေးတွေကို ကျွန်တော်နဲ့ အတူတူ ဖတ်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျ။

စိန်အများစုတွေဟာ အစိုင်အခဲတစ်ခုအနေနဲ့သာ တည်ရှိကြပြီး အနက်ရောင် စိန်တွေကတော့ အတွင်းပိုင်းတွင် သေးငယ်သော အနက်ရောင် အစိုင်အခဲပေါင်း သန်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားပါတယ်။ ထိုကဲ့သို့သော ဖွဲ့စည်းမှု့ကို Polycrystalline Structure လို့ သတ်မှတ်ပြီး ၎င်းဖွဲ့စည်းမှု့ကြောင့်သာ ထိုကဲ့သို့သော အနက်ရောင်ဖြစ်နေခြင်းပင် ဖြစ်သည်။ တစ်ခါတစ်ရံတွင် ထိုဖွဲ့စည်းမှုကြောင့်ပင် မီးခိုရောင်အရင့် အစက်အပြောက်များ ဖြစ်ပေါ်လာတတ်သေးသည်။ စိန်အများစုဟာ သူတို့ရဲ့ မာကျောမှု၊ ခံနိုင်ရည်အားပေါ် မှုတည်ပြီး နာမည်ရကျော်ကြားပြီး တန်ဖိုးများ ကွဲပြားပေမယ့် အနက်ရောင်စိန်ကတော့ တစ်ခြားသော စိန်တွေ အားလုံးထက် မာကျောပြီး Mohs Hardness Scale ရဲ့ တိုင်းတာခြင်းတွင် သတ်မှတ်ချက် 10 ရှိသည်။၎င်း၏ မာကျောမှုအဆင့် မြင့်သောကြောင့် ပစ္စည်းကိရိယာများကို ဖြတ်တောက်ရန် မကြာခဏ အသုံးပြုလေ့ရှိပေသည်။

ထိုကဲ့သို့ပင် အနက်ရောင်စိန်တွေကို ဖြတ်တောက်ဖို့ အရောင်တင်ဖို့ ဆိုရင် အလွန်တရာ မှ ခက်ခဲလှသည်။ “Shine bright like a diamond.” စကားရှိပေမယ့် နက်၍လှပသော အနက်ရောင်စိန်အတွက်တော့ ထိုစကားနှင့် ကိုက်ညီမှု မရှိခဲ့ပေ။ အနက်ရောင်စိန် များဟာ အလင်းပြန်ရမည့်အစား အလင်းကို စုပ်ယူခြင်း ကြောင့်ပင် ဖြစ်သည်။ သူတို့ရဲ့ အလှတရားဟာ မျက်နှာပြင်ပေါ်သာ ထင်ပေါ်နေသည်။ စိန်များကို Kimberlites တွင် ယေဘူယျအားဖြင့် တွေ့ရသော်လည်း အနက်ရောင်စိန်များသည် နုနယ်သော ကျောက်လွှာများ နှင့် သဘာဝ ရေအရင်းအမြစ်များအနီးတွင်သာ တွေ့ရသောကြောင့် အနက်ရောင်စိန်များသည် ထူးခြားသည်။ ရှာဖွေတွေ့ရှိမှုတွင်လည်း တစ်ခြားသောစိန်များအား ကမ္ဘာ့နေရာ အနှံ့အပြားတွင်တွေ့ရှိရခြင်းနှင့် မတူ၊ Brazil နှင့် Central Africa စတဲ့ နေရာ နှစ်နေရာတွင် တူးဖော်ရရှိသည်။ ထိုမြေနေရာနှစ်ခုသည် သမိုင်းမတင်မီအချိန်ကပင် ကပ်လျက်တည်ရှိကြောင်း သိရပြီး ဧရိယာတစ်ခုတည်းမှဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် အနက်ရောင်စိန်များကို ကာဗွန်ဒိုးစိန်ဟုလည်း ခေါ်ကြသေးသည်။ ဘရာဇီးရှိ ပေါ်တူဂီလူမျိုးများသည် ကာဗွန်ဒို (Carbonado) ဟူသော အသုံးအနှုန်းကို 18 ရာစုအလယ်ပိုင်းတွင် အနက်ရောင်စိန်ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။

၎င်း Black Diamond ( စိန်နက် ) ကို လက်ဝတ်ကျောက်မျက်ရတနာများအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးမပြုသေးခင်က စက်မှု၊စက်ရုံလုပ်ငန်းသုံး ရည်ရွယ်ချက် ( Industrial Purposes ) အနေနဲ့သာ အသုံးပြုကြသည်။ သို့ပေမယ့်လည်း ယနေ့တိုင်အထိ ၎င်း၏ မာကျောမှုကြောင့် စက်မှုနဲ့ သတ္တုတွင်းများအား တူးဖော်သည့် နေရာတွင်သာမက အခြားသော တောင်ဖောက်ခြင်း ၊ တောင်တက်အားကစားတွင် အသုံးပြုသည့် တောင်တက် ကိရိယာများ၊ လျှောစီးခြင်း အားကစားများအတွက် ဒီဇိုင်းဆွဲပြီးထုတ်လုပ်သည့် ကိရိယာများတွင် တပ်ဆင်အသုံးပြုခြင်းစသဖြင့် အသုံးပြုမှုများ ရှိနေသည်။ ထင်ရှားသော Black Diamond ထုတ်ကုန်များတွင် Camalot နှင့် Magnetron Carabiners ( အတိုအနေနဲ့ Biner Or Crab ) ဟုခေါ်သော စပရိန်ပါသော ကင်မရာသုံးကိရိယာများ၊ တံခါးအတွင်း သံလိုက်များကို အသုံးပြုသည့် အလိုအလျောက်သော့ခတ်သည့် Carabiners များ၊ နှင့် ထပ်တိုးလုံခြုံရေးအတွက် Carabinerအတွင်း စတီးလ်ထည့်သွင်းခြင်းများစသည့် ထုတ်ကုန်များ ပါဝင်သည်။ သေးငယ် နက်မှောင်သော စိန်နက် အစိုင်အခဲများစွာ ပေါင်းစုဖွဲ့စည်းထားသည့် Polycrystalline Structure ကြောင့် မာကျောသော အရာဝတ္ထုများအား ထိုးဖောက်ခြင်းများ စသဖြင့် လုပ်ကိုင်သည့် လုပ်ငန်းတို့တွင် စိန်နက်ကို အဓိကအသုံးပြုသည်။

အခြားစိန်များကို မည်ကဲ့သို့ ဖွဲ့စည်းထားသည်ကို ထုတ်ဖော်တင်ပြနိုင်သော်လည်း အနက်ရောင်စိန်များသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ၎င်းတို့ကို မည်ကဲ့သို့ဖွဲ့စည်းခဲ့သည်ကို မည်သူမျှ တိကျသေချာသော အဖြေကို တင်ပြနိုင်ခြင်းမရှိသေးပေ။ အနက်ရောင်စိန်များသည် ကြယ်စူပါနိုဗာပေါက်ကွဲမှုကြောင့် အာကာသအပြင်ဘက်တွင် ဖြစ်ပေါ်လာပြီး လွန်ခဲ့သောနှစ်ပေါင်း နှစ်သန်းမှ လေးသန်းအကြား ဂြိုဟ်သိမ်ပျက်ကျမှုမှတစ်ဆင့် ကမ္ဘာပေါ်သို့ ရောက်ရှိလာသည်ဟု သုတေသီအချို့က ထုတ်ဖော်ယူဆထားကြသည်။ ၎င်းတို့သည် အချင်း တစ်ကီလိုမီတာ သို့မဟုတ် တစ်ကီလိုမီတာ ထက်ပိုသော အချင်းရှိသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများ၏ အရွယ်အစားဟု ယူဆထားသည်။ အနက်ရောင်စိန်များတွင် နိုက်ထရိုဂျင်နှင့် ဟိုက်ဒရိုဂျင်၏ ဒြပ်စင်များ ပါ၀င်နေပြန်သည်၊၊ ၎င်းပါဝင်မှုကြောင့် ကုန်းမြေပြင် မူလအစတွင် တွေ့ရှိခြင်းဖြစ်နိုင်ခြေရှိသည်ဟုသော ယူဆချက်တစ်ခုဖြစ်ပေါ်လာသည်။ အနက်ရောင်စိန်များကို မည်သို့သော ဖွဲ့စည်းပုံနှင့်ပတ်သက်သည့် အခြားသီအိုရီများတွင် ဥက္ကာပျံသက်ရောက်မှုနှင့် ဓါတ်ရောင်ခြည်များပါဝင်နေပြန်သည်။

အနက်ရောင်စိန်တစ်လုံးကို ဖြတ်တောက်ဖို့အတွက် တစ်နှစ်အထိ ကြာမြင့်နိုင်ပြီး အလွန်တရာခက်ခဲပြီး အချိန်ကုန်သည့် လုပ်ငန်းစဉ်ဖြစ်သည်။ထိုကဲ့သို့အခြားစိန်များနှင့်မတူရခြင်းမှာ ၎င်းတို့တွင် ပုံမှန်မဟုတ်သော ကာဗွန်နှင့် ဂရပ်ဖိုက်ဒ်အက်တမ်များ ပေါင်းစပ်ထားခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် ယခုဤစာဖတ်ရှုနေသူတွင် အနက်ရောင်စိန်လက်စွပ်တစ်ကွင်းရှိနေပါလျှင် သင်၏ လှပသောအနက်ရောင်စိန် ဂန္ဓဝင်လက်ရာကို ဖန်တီးရန် ကုန်ခဲ့ရသောအချိန်၊ ကြိုးစားအားထုတ်မှုနှင့် စိတ်ရှည်မှု၊ ပင်ပန်းမှုများစွာနစ်မြှုပ်ပါဝင်နေသည်ကို နားလည်သိရှိနိုင်ပေသည်။

ဘာသာရေး ယုံကြည်ချက်များ၊ ခံယူချက်များနှင့် ယဉ်ကျေးမှုများ အပေါ်တွင် မူတည်ပြီး အနက်ရောင်စိန်များအား ကောင်းချီးပေးခြင်း သို့မဟုတ် ဆုတ်ယုတ်ခြင်း (ကျိန်စာ) ဟူ၍လည်း ယူဆထားကြပြန်သည်။ ရှေးခေတ်အိန္ဒိယလူမျိုးများသည်ကား ပင့်ကူ သို့မဟုတ် မြွေမျက်လုံးများ၏ အရောင်နှင့် ဆင်တူသောကြောင့် အနက်ရောင်စိန် ကို ကျိန်စာအဖြစ် သတ်မှတ်ခဲ့ကြသည်။ တစ်ဖက်တွင်မူ အီတလီလူမျိုးများက အနက်ရောင်စိန်တစ်လုံးအား ထိလိုက်ခြင်းဖြင့် ၎င်းတို့၏ အိမ်ထောင်ရေး ကံကောင်းလာကာ ပြန်လည်သင့်မြတ်လာမည့် လက္ခဏာရပ်တစ်ခုဖြစ်သည်ဟု ယုံကြည်ထားကြသည်။ ယနေ့ခေတ်တွင်လည်း အနက်ရောင်စိန်များကို ကောင်းချီးမင်္ဂလာ သို့မဟုတ် ကျိန်စာအဖြစ် ထင်မြင်သတ်မှတ်သူများရှိနေသေးသော်လည်း လျှို့ဝှက်ဆန်းကြယ်ပြီး အံ့ဩစရာများနှင့်ပြည့်နေသော ကျောက်မျက်များပင် ဖြစ်နေသေးသည်။

ကဲ ဒီလိုမျိုး အခြားသောစိန်များနှင့် မတူ ထူးခြားလှသော”စိန်နက်တွေ ဘယ်လောက်ဈေးကြီးလဲ” လို့ ရတနာချစ်သူတွေ သိချင်နေပါလိမ့်မယ်လို့တွေးမိပါတယ်ဗျ။ ယေဘူယျအားဖြင့် လူအများစု အသုံးပြုနိုင်သော ပမာဏ အနေဖြင့် ရှိနေခဲ့ပေမယ့် ယခုအခါမှာတော့ အခြားသောစိန်များနှင့်အတူ စျေးနှုန်းတူညီစွာရှိနေသည်။ မည်သို့ပင်ဆိုစေကာမူ အနက်ရောင်စိန်များသည် တောက်ပြောင်မှု မရှိခြင်းကြောင့် လူကြိုက်များခြင်း မရှိသော်လည်း ထူးခြားဆန်းကြယ်သော လက်ဝတ်ရတနာ အပိုင်းအတွက် လိုက်ဖက်မှု နှင့် ခေတ်မီဆန်းသစ်သော ကျောက်မျက်ရတနာ ရွေးချယ်မှုတစ်ခုအဖြစ် ရှိနေသေးသည်။

ယခု တင်ဆက်ခဲ့သော စိန်လောကတွင် အနက်ရောင်စိန် အဖြစ် တည်ရှိနေမှုကို ရတနာချစ်မြတ်နိုးသော ဦးထုံရဲ့ ပရိသတ်တွေ အတွက် ဗဟုသုတဖြစ်ဖွယ်အဖြစ် ကျန်ရစ်နေမယ်ဆိုလျှင် ကျေနပ်ခြင်းများစွာနှင့်အတူ နောက်လာမယ့် Content တွေနဲ့အတူ ပြန်လည်တွေ့ကြပါမယ်ခင်ဗျ…